အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မိုးဗြဲဒေသ ၉ ဦး သေဆုံးသည့် အချင်းချင်းပစ်ခတ်မှုကို  ကရင်နီစစ်ဦးစီးအဖွဲ့ စုံစမ်းနေ

သေဆုံး၊ ဒဏ်ရာရမှု များပြားသော ဒေသတွင်း တော်လှန်ရေးတပ်အချင်းချင်း တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေသည်ဟု ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီက ပြောသည်။

လူအသေအပျောက်အများဆုံး တော်လှန်ရေးတပ်အချင်းချင်း ပစ်ခတ်မှုဖြစ်လာသည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံအခြေစိုက်တပ်များအကြား ပစ်ခတ်မှုကို ကရင်နီပူးတွဲစစ်ဦးစီးကော်မတီက စုံစမ်းနေကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး (၂) ဦးဗညားခွန်အောင်က ဧပြီလ ၂၇ ရက်နေ့တွင် ပြောသည်။

“လက်ရှိမှာ ကရင်နီပြည်တပ်ပေါင်းစုံစစ်ဦးစီးကနေ ကိုင်တွယ်နေတဲ့ကိစ္စဖြစ်တယ်။စစ်ဦးစီးဘက်က ကိုင်တွယ်ပြီးမှပဲ အချက်အလက်တွေ ပိုသိရမှာဖြစ်တယ်။ ဘယ်လိုအကြောင်းတရားကြောင့် ဖြစ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်းသိရမှာပေါ့” ဟု ၎င်းက ပြောသည်။

ဧပြီလ ၂၄ ရက်နေ့က အင်အား ၅၀ ခန့်ရှိသည့် မိုးဗြဲ Local PDF အဖွဲ့၏ ခေါင်းဆောင်  မိုးဗြဲမြို့ပြင် တစ်နေရာတွင် ရောက်နေစဉ် ပစ်ခတ်မှု ပေါ်ပေါက်ခဲ့ကြောင်း၊ မကြာသေးမီကမှ တပ်ပေါင်းစုဖွဲ့ထားသည့် အမှတ် (၁) အယ်လ်ဖာ စစ်ဒေသ (မိုးဗြဲနယ်) လက်အောက်ခံ တပ်ဖွဲ့နှင့် ထိပ်တိုက်တွေ့ခဲ့ခြင်း ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

တိုက်ပွဲအတွင်း  အဖွဲ့ ခေါင်းဆောင် ကိုအောင်မင်းနှင့်ရဲဘော်များ သေနတ်ဒဏ်ရာများဖြင့် သေဆုံးသွားသည်ဟု ထိုအဖွဲ့နှင့်နီးစပ်သူတစ်ဦးက Myanmar Now ကို ပြောသည်။  အခြားသတင်းရင်းမြစ် နှစ်ဦးကလည်း သေဆုံးသူ ကိုးဦးထဲတွင် ကိုအောင်မင်း ပါဝင်သည်ဟုဆိုသည်။ 

အယ်လ်ဖာ စစ်ဒေသဘက်က ရဲဘော် သုံးဦးဒဏ်ရာရသွားကြောင်းလည်း   သတင်းရင်းမြစ်များက ဆိုသည်။

“(မိုးဗြဲ Local PDF ဘက်က) ကျဆုံးတဲ့ရဲဘော်တွေလည်း ရုပ်ပျက်ဆင်းပျက်ဖြစ်သွားတယ်။ အလောင်းတွေကိုလည်း ယူသွားပြီးတော့ အခုအချိန်အထိ ဆရာအောင်မင်းအလောင်း ဘယ်မှာလဲဆိုတာ မသိရဘူး” ဟု  မိုးဗြဲ Local PDF နှင့်နီးစပ်သည့် သတင်းရင်းမြစ်က ဆိုသည်။

စစ်တပ်ထိန်းချုပ်ထားသည့် မိုးဗြဲမြို့နှင့် မြို့အနောက်ဘက် ၁၆ မိုင်အကွာ ပီကင်းဈေးကြား တစ်နေရာတွင် ကားဖြင့်သွားလာနေစဉ် ပစ်ခတ်ခံရကြောင်း၊  တစ်ချိန်တည်းတွင်ပင် အယ်လ်ဖာစစ်ဒေသလက်အောက်ခံအဖွဲ့က  မြို့အနောက်တောင်ဘက် ကိုးမိုင်အကွာ လပင်နွဲ့ရွာအနီးရှိ ယင်းအဖွဲ့၏ စစ်စခန်းကိုလည်း ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြောင်း ယင်းသတင်းရင်းမြစ်က ပြောသည်။ 

“ဆရာအောင်မင်းရဲ့ဌာနချုပ်စခန်းကို ဝင်စီးတယ်။ တချို့ရဲဘော်တွေကျတယ်။ တချို့ရဲဘော်တွေ အသတ်ခံရတယ်။ တချို့ရဲဘော်တွေကို အရှင်ဖမ်းသွားတယ်။ စခန်းမှာရှိတဲ့ လက်နက်ခဲယမ်းတွေကို သိမ်းသွားတယ်” ဟု ၎င်းက Myanmar Now ကို ပြောသည်။

အမှတ် (၁) အယ်လ်ဖာ စစ်ဒေသ (မိုးဗြဲနယ်) သည် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဗျူဟာ (၁)၊ ဗျူဟာ(၈)နှင့် ဒေသကာကွယ်ရေးအဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ၁၀၀၁ တပ်ရင်းနှင့် ၁၀၀၇ တပ်ရင်းတို့ပူးပေါင်းကာ ဧပြီလ ၂၁ ရက်တွင် ဖွဲ့လိုက်သည့် မိုးဗြဲနယ်အခြေပြု တပ်ဖွဲ့ဖြစ်သည်။ အဆိုပါအဖွဲ့သည် IEC အပါအဝင် ကရင်နီပူးတွဲ စစ်ဦးစီးကော်မတီနှင့် KNDF တို့၏ နိုင်ငံရေး၊ စစ်ရေးဦးဆောင်မှုအောက်တွင် ရှိသော တပ်ဖြစ်ကြောင်း အယ်လ်ဖာ စစ်ဒေသ၏ ထုတ်ပြန်ချက်အရ သိရသည်။

NUG နှင့်နီးစပ်သည့် သတင်းရင်းမြစ်အမျိုးသားတစ်ဦးကမူ အယ်လ်ဖာစစ်ဒေသအောက် ဝင်သွားသည့် PDF တပ်ရင်းများသည် NUG ကာကွယ်ရေးဝန်ကြီးဌာန၏ ကွပ်ကဲမှုအောက်တွင်မရှိတော့ကြောင်း Myanmar Now ကို ပြောသည်။

မိုးဗြဲ Local PDF ခေါင်းဆောင် ကိုအောင်မင်းသည် ကိုယ်ပိုင်တပ်အဖြစ်မရပ်တည်မီ ရှမ်းတောင် ၁၀၀၁ တပ်ရင်း တွင်ပါဝင်ခဲ့သူဖြစ်ကြောင်းလည်း သိရသည်။ 

ပစ်ခတ်မှုဖြစ်စဉ်ကို ပိုမိုသိနိုင်ရန် အမှတ် (၁) အယ်လ်ဖာစစ်ဒေသ (မိုးဗြဲနယ်) အဖွဲ့ကို အွန်လိုင်းမှတဆင့် Myanmar Now က စာပို့ မေးမြန်းထားသော်လည်း ယခုသတင်းရေးသားချိန်အထိ အကြောင်းမပြန်သေးပေ။

မြေပြင်အခြေအနေသိသည့် အခြားသော အရပ်သားသတင်းရင်းမြစ်တစ်ဦးကမူ ယခုကဲ့သို့ ပစ်ခတ်မှုများမဖြစ်မီ   PDF ခေါင်းဆောင် ကိုအောင်မင်းသည် IEC ၏ ဖယ်ခုံမြို့နယ်အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် တစ်ဦးနှင့် ခိုက်ရန်ဖြစ်ပွားမှုရှိခဲ့ကြောင်း ပြောသည်။

ဖယ်ခုံမြို့နယ်သည် စစ်တပ်၏ အုပ်ချုပ်ရေးစနစ်တွင် ရှမ်းပြည်နယ်တောင်ပိုင်း၌ ပါဝင်သော်လည်း ကရင်နီပြည်နယ်အခြေစိုက် တော်လှန်ရေးတပ်များကမူ သမိုင်းကြောင်းအရ ကရင်နီပြည်နယ်တွင် ပါဝင်ကြောင်း ယုံကြည်ကြပြီး အုပ်ချုပ်ရေးအဖွဲ့ဖွဲ့ထားသည်။

ထိုသို့ပဋိပက္ခဖြစ်ပြီးနောက် ဖယ်ခုံမြို့နယ်အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က အယ်လ်ဖာစစ်ဒေသထံ သွားရောက်တိုင်ကြားခဲ့သေးသည်ဟု အရပ်သားသတင်းရင်းမြစ်က ဆိုသည်။

တော်လှန်ရေးတပ် အချင်းချင်း ပစ်ခတ်တိုက်ခိုက်မှုကို ကရင်နီပူးတွဲစစ်ဦးစီးကော်မတီဘက်က ကိုင်တွယ်ဖြေရှင်းနေကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေး ကောင်စီ (IEC) အတွင်းရေးမှူး (၂) ဦးဗညားခွန်အောင်က ပြောသည်။

အချင်းချင်းကြားဖြစ်သည့်  ပဋိပက္ခကို လက်နက်သုံးပြီး မဖြေရှင်းသင့်ကြောင်း  ဒေသတွင်း သတင်းရင်းမြစ်နှစ်ဦးက ပြောသည်။

“ဘယ်လိုပဲကြည့်ကြည့် ဒါက အချင်းချင်းပစ်ကြတယ်ဆိုတဲ့ ခေါင်းစဉ်ပဲလေ။ ဗိုလ်အောင်မင်းက နာမည်ဆိုး၊ သတင်းဆိုးရှိနေပေမယ့် အာဏာသိမ်းစစ်တပ်ရဲ့လူတော့ မဟုတ်ဘူး။ သူ့ဟာသူ လူမသိတဲ့နောက်ကွယ် အကြောင်းတွေရှိရင်တောင် အားလုံးရဲ့အမြင်မှာ ဒါက အချင်းချင်းပစ်ကြတယ်ဆိုတာဖြစ်တယ်။ ဒါကြောင့် ရုပ်ဆိုးတယ်” ဟု မြေပြင်အခြေအနေ သိသည့် အရပ်သားသတင်းရင်းမြစ်က မှတ်ချက်ပြုသည်။

ထိုဒေသတွင် စစ်တပ်က စစ်ကြောင်းထိုးတိုက်ခိုက်ခြင်း၊ တော်လှန်ရေးတပ်က ထိုးစစ်ဆင်ခြင်းကဲ့သို့သော တိုက်ပွဲကြီးများ လတ်တလော မရှိသေးပေ။

ဒေသတွင်း အရပ်ဘက်အဖွဲ့တစ်ခုဖြစ်သည့် ကယန်းအမျိုးသားအဖွဲ့ချုပ်ကလည်း  သေဆုံးမှုနှင့် ဖမ်းဆီးခံရမှု ဖြစ်စဉ်များအတွက် ဝမ်းနည်းကြောင်း ဧပြီ ၂၇ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်သည်။

ဖြစ်စဉ်အတွင်း ကျဆုံးသွားသည့် ရဲဘော်မိသားစုဝင်များ ၊ ဆွေမျိုးသားချင်းများနှင့် သက်ဆိုင်ရာတပ်ဖွဲ့ဝင်များကိုယ်စား ဝမ်းနည်းမိကြောင်း၊ ယခုကဲ့သို့ ဆိုးဝါးသည့် ကိစ္စများ ထပ်မဖြစ်ရန် ထိန်းသိမ်းဆောင်ရွက်ကြရန် တိုက်တွန်းကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒေသတွင်း အခြားပဋိပက္ခ

၂၀၂၅ ခုနှစ်မတ်လတွင် ဖယ်ခုံမြို့နယ်၌ NUG ၏  နေပြည်တော်တိုင်းစစ်ဌာန၊ ပျဉ်းမနားစစ်ကြောင်းမှ စစ်ကြောင်းမှူး ရဲဘော်ကိုစိုင်းကို ဖယ်ခုံမြို့နယ် ဆီးဘူးဒေသ အခြေစိုက် ကယန်းပြည်သစ်တပ်မတော်က ခေါ်ယူ၍ နှိပ်စက်သတ်ဖြတ်ခဲ့သည်။

ကယန်းပြည်သစ်တပ်မတော်သည် တော်လှန်ရေးတပ်များ နှင့် ထိပ်တိုက်ထိတွေ့ ပစ်ခတ်မှု မရှိသလို စစ်တပ်နှင့် တိုက်ပွဲမရှိသည့် ကယန်းလက်နက်ကိုင်အဖွဲ့ဖြစ်သည်။

ကိုစိုင်းတို့အဖွဲ့ထောင်သည့် မိုင်းကြောင့် ကယန်းပြည်သစ်မတော်မှ ဗိုလ်လေးအဆင့်ရှိ တပ်စုမှူးတစ်ဦးသေ၊ သုံးဦး ဒဏ်ရာရပြီးနောက် ကိုစိုင်းအသတ်ခံရခြင်းဖြစ်သည်။

အဆိုပါ ပဋိပက္ခကို NUG နေပြည်တော် တိုင်းစစ်ဌာနနှင့် ကယန်းပြည်သစ်တပ်မတော် ခေါင်းဆောင်များက ၂၀၂၅ ခုနှစ် မတ်လ ၁၈ ရက်တွင် ဆွေးနွေးပြီး ကျူးလွန်သူများကို ဖော်ထုတ်အရေးယူရေးနှင့် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်သည်အထိ ယုံကြည်မှု တည်ဆောက်ရန် အပါအဝင် အချက် ငါးချက် သဘောတူခဲ့ကြသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button