စစ်တပ်ကို ခြေသံလုံလုံနဲ့ တိုက်ခိုက်နိုင်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(MDY-PDF) ဟာ မန္တလေးတိုင်းထဲက မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းမြို့နယ်တွေကို သိမ်းပိုက်၊ ထိန်းချုပ်နိုင်ခဲ့ပါတယ်။
MDY-PDF ဟာ နာမည်ကျော် ၁၀၂၇ စစ်ဆင်ရေးမှာ ထဲထဲဝင်ဝင် ပါဝင်ခဲ့ပြီး စစ်တပ်ရဲ့ဗိုလ်သင်တန်းကျောင်းတွေ အခြေစိုက်ရာပြင်ဦးလွင်၊ နိုင်ငံအလယ်ပိုင်းက မြို့တော်မန္တလေးနားအထိ ထိုးဖောက်နိုင်ခဲ့တာပါ။
ဒါပေမယ့် အခုနှစ်မှာတော့ သိမ်းပိုက်၊ ထိန်းချုပ်နယ်မြေအသီးသီးကနေ MDY-PDF အပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေ ဆုတ်ခွာခဲ့ရပါတယ်။
စစ်တပ်ဘက်က ထိုးစစ်ဆင်လာချိန်မှာ ပြန်လည်တုံ့ပြန်တိုက်ခိုက်ခြင်းမရှိဘဲ နယ်မြေတွေကို စွန့်ခွာသွားခဲ့တာကြောင့် ဒေသခံတွေကို ပစ်ထားခဲ့တယ်ဆိုတဲ့ ဝေဖန်မှုတွေပါ ထွက်ပေါ်ခဲ့ပါတယ်။
တအာင်းအမျိုးသားတပ်မတော်(TNLA) ဆီမှာ စစ်ပညာသင်ယူခဲ့ပြီး၊ လူငယ်တွေဦးဆောင်တဲ့ MDY-PDF ဟာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ လက်အောက်ခံဖြစ်ပေမယ့် ကိုယ်ပိုင်စစ်ရေးအစီအစဉ်တွေနဲ့ မန္တလေးတိုင်းထဲ ထိုးဖောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
တကယ်တမ်း မန္တလေးစစ်မျက်နှာကနေ ဆုတ်ခွာရချိန်မှာတော့ သဘောထားကွဲလွဲမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီနောက် MDY-PDF ကို စတင်တည်ထောင်ခဲ့သူတွေထဲ ထင်ရှားတဲ့လူငယ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုမုန်တိုင်း ကို ရွှေ ၁၆ပိဿာကျော် အလွဲသုံးမှုစွပ်စွဲချက်နဲ့ NUG စစ်ရုံးချုပ်က ဖမ်းဆီးခဲ့ပါတယ်။
လက်ရှိမှာ MDY-PDF ကို NUG ကာကွယ်ရေးဌာနအောက်က ‘အထူးလှုပ်ရှားတပ်မ’ အဖြစ် ပြောင်းလဲ ဖွဲ့စည်းထားပါတယ်။
စတင်ဖွဲ့စည်းစဉ်က ခေါင်းဆောင်အများအပြား မပါဝင်တော့တဲ့ MDY-PDF ရဲ့ ဖွဲ့စည်းပုံအပြောင်းအလဲ၊ ကိုမုန်တိုင်းဖမ်းဆီးခံထားရမှု နောက်ဆုံးအခြေအနေနဲ့ မန္တလေးစစ်မျက်နှာကနေ ဆုတ်ခွာခဲ့ရတဲ့ အကြောင်းရင်းတွေကို စစ်ဦးစီးအဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်တဲ့ ကိုဖြိုးနဲ့ Myanmar Now က ဆက်သွယ်မေးမြန်းထားပါတယ်။
ကိုဖြိုး(ခ) ကဗျာဆရာ မောင်ဖြိုးဝေဟာ MDY-PDF တပ်ဖွဲ့ကို စတင်တည်ထောင်ခဲ့တဲ့ ခေါင်းဆောင်တွေထဲက တစ်ဦးဖြစ်ပြီး၊ စစ်မြေပြင်ကွပ်ကဲရေးမှူး၊ စစ်ကော်မရှင်အဖွဲ့ဝင်၊ လေ့ကျင့်ရေးဌာနနဲ့ စစ်ဆေးရေးအရာရှိချုပ်တာဝန်တွေကို ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။
မေးမြန်း – မိုးဦး/ Myanmar Now
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။



