အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မကွေး-ရခိုင် ဆက်သွယ်ရေးလမ်းပိုင်းတစ်ခုကို စစ်တပ်ပိတ်ဆို့

ဆောမြို့နယ်၊ ကံကြီးရွာထဲ စစ်တပ်ဝင်ရောက်သွားပြီး ကားလမ်းပိတ်လိုက်သဖြင့် ဒေသခံတို့ နေရပ်စွန့်ခွာကြရသည်၊ ရခိုင်ဒေသသို့ ကုန်စည်စီးဆင်းရာလမ်းကြောင်းတစ်ခုကို ပိတ်လိုက်ခြင်းလည်း ဖြစ်သည်။

ရခိုင်ပြည်နယ်၏ အဓိက ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုဖြစ်သော မကွေး-ချင်း-ရခိုင် ဆက်သွယ်ရေးလမ်းပေါ်ရှိ အချက်အချာကျသော ကျေးရွာတစ်ရွာကို စစ်တပ်က  ဧပြီလ ၂၅ ရက်နေ့တွင် ဝင်ရောက်စီးနင်းပြီး လမ်းပိတ်ထားလိုက်ကြောင်း သိရသည်။ 

မကွေးတိုင်း၊ ဂန့်ဂေါ်ခရိုင်၊ ဆောမြို့နှင့် ၁၉ မိုင်အကွာရှိ လူဦးရေ ၅၀၀ ကျော်နေထိုင်သည့် အဆိုပါ ကံကြီးရွာကို  ယမန်နေ့(ဧပြီလ ၂၆ ရက်နေ့) နံနက်ပိုင်းက စစ်ကြောင်း ဝင်ရောက်လာသဖြင့်  တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့်  မိနစ်အနည်းငယ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ 

“ရွာအဝင်လမ်းတွေမှာပါ ကင်းချထားပါတယ်။  ရွာကို အဝင်အထွက်လုပ်လို့မရတော့​ဘူးပေါ့လေ” ဟု    ဆောမြို့နယ်မှ လုံခြုံရေးအရ အမည်မဖော်လိုသည့် အဆိုပါ ဒေသခံက ပြောသည်။ 

ဆောမြို့နယ်တဝိုက်တွင် လှုပ်ရှားနေသည့် ယောတပ်တော်(YA)၊  ယောကာကွယ်ရေးတပ်(YDF)၊  NUG လက်အောက်ခံတော်လှန်ရေးတပ်ဖွဲ့များ၏  စိုးမိုးနယ်မြေဖြစ်သောကြောင့် အခြေအနေ ပိုမို တင်းမာလာနိုင်ကြောင်း ၎င်းက ပြောသည်။   

“မနေ့ကတော့ ရှေ့ကင်းချင်းတိုးပြီး သေနတ်ပေါက်ထားပါတယ်ဗျာ။  စစ်ရေးတင်းမာနေပါတယ်။ ရှေ့တိုးလာရင်ဖြစ်စေ၊ ကျေးရွာတွင်းဆက်လက်တပ်စွဲထားရင်ဖြစ်စေ၊ သက်ဆိုင်ရာနယ်မြေခံတွေက ခွင့်ပြုမှာမဟုတ်ဘူးလို့တော့ ကနဦးသိထားရပါတယ်” ဟု ၎င်းက ဆက်ပြောသည်။ 

အဆိုပါ စစ်ကြောင်းသည် ဆောမြို့နယ်၊ ကျောက်ထုမြို့ အမှတ် (၃၆၈)  အမြောက်တပ်မှ ဖြစ်ပြီး စစ်ကြောင်းဝင်ရောက်လာသောကြောင့် ကံကြီးဒေသခံများ ဘေးလွတ်ရာသို့တိမ်းရှောင်နေရသည်၊ ထိုလမ်းပိုင်း သုံးခွင့်မရသဖြင့်  ရခိုင်ကုန်သည်များလည်း ဆောမြို့နယ်တွင် ပိတ်မိနေကြသည်ဟု သိရသည်။ 

စစ်တပ်သည် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများ ပြန်လည်စတင်သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလက စတင်ပြီး   ကုန်းလမ်း၊ ရေလမ်း ဆက်သွယ်ရေးလမ်းကြောင်းများ ဖြတ်တောက်လိုက်သောကြောင့် ဒေသတွင်းကုန်စည်ရှားပါးမှုနှင့်ရင်ဆိုင်ခဲ့ရသည်။ 

ချင်းပြည်နယ်၊  ပလက်ဝကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်နိုင်ပြီးနောက် ပလက်ဝ-မင်းတပ်-ကံကြီး-ဆော လမ်းပိုင်းသည် အရေးပါသည့် လမ်းပိုင်းဖြစ်လာသည်ဟု ဆောမြို့နယ်တွင် ပိတ်မိနေသည့် ကုန်သည်တစ်ဦးကပြောသည်။ 

ဂန့်ဂေါ်ခရိုင်အတွင်း တစ်နေရာကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလက တွေ့ရစဉ်။ (ဓာတ်ပုံ – Myanmar Now)

“ဒီလမ်းမှာ စစ်တပ်ရှိနေသရွေ့ သွားလို့လာလို့မရဘူး။  သွားရင်လာရင် ဖမ်းဆီးခံရနိုင်ခြေရှိတယ်။ သတ်ဖြတ်ခံရနိုင်တာတွေဖြစ်နိုင်တယ်။ ဒါကြောင့် အဲဒီလမ်းကိုအသုံးပြုလို့  မရဖြစ်သွားမယ်။ ဆိုတော့ သူတို့မရှိမှ အဲဒီလမ်းက သွားလို့ရမယ်” ဟု ၎င်းကဆိုသည်။ 

ထိုလမ်းကို ဖြတ်တောက်ထားမှုကြောင့် ရခိုင်ဒေသတွင်း ကုန်စည်ရှားပါးမှုနှင့် ပိုမိုရင်ဆိုင်လာရပြီး ကုန်စျေးနှုန်း တက်လာနိုင်ကြောင်း ကုန်သည်များက ခန့်မှန်းသည်။ 

ပြီးခဲ့သည့်နှစ်များတွင်လည်း ထိုလမ်းပိုင်းကို ဗုံးမကြာခဏကြဲခဲ့သည်ဟု အထက်ပါ သတင်းရင်းမြစ်ကပြောသည်။ 

“အဓိက  ရခိုင်ပြည်နယ်ရဲ့ ဆက်သွယ်ရေးလမ်းကြောင်းကို ပစ်မှတ်ထားတာလို့ယူဆတယ်။  ရခိုင်ပြည်ကုန်သွယ်လမ်းကြောင်းကို လေယာဥ်နဲ့ တိုက်ခိုက်နေတာက အရင်နှစ် ကတည်းပါ။ မြေပြင်လမ်းကြောကိုက အခုမှ ပိတ်တာပါဗျ” ဟု ၎င်းကဆိုသည်။ 

ကုန်ပစ္စည်းများကို ဆောလမ်းကြောင်းနှင့်အိန္ဒိယနိုင်ငံတို့မှတင်သွင်းလျက်ရှိ သောကြောင့် စျေးနှုန်းအတန်ငယ်ကျဆင်းခဲ့သည်။  ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ကုန်ပစ္စည်းတင်သွင်းလျှင်လည်း ဖမ်းဆီးခံရမှုရှိသောကြောင့် ကုန်သည်များ မစွန့်စားရဲပေ။ 

 လက်ရှိတွင် AA သည် စစ်တွေ၊ ကျောက်ဖြူရှိ စစ်တပ်စခန်းများနှင့်ပဲခူး၊ မကွေး၊ ဧရာဝတီရှိ စစ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။ 

ရခိုင်ပြည်နယ်အတွင်း ၁၄ မြို့နယ်နှင့်  ချင်းပြည်နယ်၊  ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက်ထားသည့်  AA က  ၂၀၂၇ ခုနှစ် မကုန်မီ ရခိုင်ပြည်နယ်  စစ်တွေ၊  ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်တို့ကို အပြီးသတ်သိမ်းပိုက်မည်ဟု မကြာသေးခင်က ကြေညာထားသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button