အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

နာမည်ကျော် အလီဘာဘာ၏ မြန်မာပြည် အွန်လိုင်းဈေးဝယ်လုပ်ငန်း ရပ်ဆိုင်းမည်

ကုန်ဈေးနှုန်းထိုးတက်လာခြင်း၊ ကုန်ပစ္စည်းများရှားပါးပြတ်လပ်လာခြင်း၊ ဒေသအသီးသီးသို့ ကုန်ပစ္စည်းပို့ရာတွင် ပါဆယ်ထုပ်များ ဖွင့်ဖောက်စစ်ဆေးရာမှ ပစ္စည်းပျောက်ဆုံးမှု ရှိလာခြင်းတို့ကြောင့် လုပ်ငန်းလည်ပတ်မှု ကျဆင်းလာကြောင်း နီးစပ်သူတစ်ဦးက ဆိုသည်။

တရုတ်နိုင်ငံအခြေစိုက် နာမည်ကျော် Alibaba Group ၏ လုပ်ငန်းအစိတ်အပိုင်းအဖြစ် မြန်မာနိုင်ငံတွင် လည်ပတ်လုပ်ကိုင်ခဲ့သော Shop.com.mm အွန်လိုင်းဈေးဝယ်လုပ်ငန်းကို ယခုဧပြီလ ၃၀ ရက်မှစ၍ လုပ်ငန်းရပ်ဆိုင်းတော့မည်ဟု သိရသည်။

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများထွက်ခွာခဲ့ရာ စစ်ယူနီဖောင်းချွတ်၍ ကိုယ့်ကိုယ်ကိုယ် သမ္မတပြန်ခန့်ထားသော မင်းအောင်လှိုင်၏ စစ်အာဏာရှင်အစိုးရလက်ထက်တွင် တရုတ်နိုင်ငံအခြေစိုက် Alibaba Group ကလည်း လုပ်ငန်းခွဲပိတ်သိမ်းထွက်ခွာရန် စီစဉ်ခြင်းဖြစ်သည်။ 

၂၀၁၈ ခုနှစ်မှစ၍ Daraz Myanmar Co.,Ltd အမည်ဖြင့် စုစုပေါင်း အမေရိကန်ဒေါ်လာ ငါးသန်းမတည်၍ ရာနှုန်းပြည့် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုအဖြစ် လုပ်ငန်းလည်ပတ်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် ဆယ်စုနှစ်တစ်ခုနီးပါကြာချိန်တွင် လုပ်ငန်းရပ်ဆိုင်းတော့မည်ဟု ဧပြီလ ၂၇ ရက်တွင် ရုတ်တရက် သတင်းထုတ်ပြန်ခဲ့သည်။

နောက်ဆုံးအော်ဒါများကို ယခုနှစ် ဧပြီလ ၂၉ ရက်ထိ လက်ခံသွားမည်ဖြစ်ပြီး လုပ်ငန်းရပ်ဆိုင်းရန် ပြင်ဆင်နေချိန်အတွင်း မှာယူထားသောအော်ဒါများ၊ ကုန်ပို့ဆောင်မှုများ၊ ပစ္စည်းပြန်လည်ပေးပို့မှုနှင့် ငွေပေးချေမှုများကို အပြီးသတ်ရှင်းလင်းပေးသွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

“ရုတ်တရက်ဆန်ပြီး စိတ်မကောင်းစရာဖြစ်နိုင်ကြောင်းကို ကျွန်တော်တို့ နားလည်ပါသည်။ သို့သော် Shop.com.mm ကို ယနေ့ထိ တည်ရှိနိုင်စေခဲ့သည်မှာ သင်တို့၏ ယုံကြည်မှုနှင့် ပံ့ပိုးမှုကြောင့်သာ ဖြစ်ပါသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

လုပ်ငန်းရပ်ဆိုင်းရသည့် အကြောင်းအရင်းကို ထုတ်ပြန်ချက်တွင် ဖော်ပြခြင်းမရှိပေ။ 

သို့ရာတွင် ပြည်ပသွင်းကုန်ကန့်သတ်ချက်များကြောင့် ကုန်ပစ္စည်းများရှားပါးပြတ်လပ်လာခြင်း၊ ဒေသအသီးသီးသို့ ကုန်စည်များပို့ဆောင်ရာတွင် စစ်ဆေးရေးဂိတ်များက ပါဆယ်ထုပ်များကို ဖွင့်ဖောက်စစ်ဆေးခြင်းတို့ကြောင့် လုပ်ငန်းလည်ပတ်မှုကျဆင်းလာကြောင်း အမည်မဖော်လိုသည့် ကုမ္ပဏီနှင့် နီးစပ်သူ အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။ 

“ဒီနောက်ပိုင်းမှာ ကုမ္ပဏီလည်ပတ်မှုက ကျလာတယ်။ ပစ္စည်းတွေ အရင်တုန်းကလောက်မှ မရှိတော့တာ။ နောက်ပြီး ဈေးနှုန်းတွေက မြင့်လာတယ်။ သူတို့ကလည်း နဂိုကတည်းက ကော်မရှင်ယူပေးတာကို။ အဲဒီတော့ သူများနဲ့တန်းတူရောင်းလို့မရဘူး။ အဲဒီလိုမျိုးတွေဖြစ်ကုန်တာပေါ့” ဟု ၎င်းက ဆိုသည်။

တိုက်ပွဲများကြောင့် နိုင်ငံအနှံ့ကုန်စည်များပို့ဆောင်၍ မရတော့သလို စစ်ဆေးရေးဂိတ်များတွင် ပါဆယ်များ ဖွင့်ဖောက်စစ်ဆေးမှုကြောင့် ပစ္စည်းပျောက်ဆုံးမှုများအတွက် ရောင်းသူဝယ်သူ နှစ်ဦးနှစ်ဖက်ကြား တာဝန်ခံရန်ခက်ခဲလာသည်ဟုလည်း သူက ပြောသည်။

လုပ်ငန်းရပ်ဆိုင်းမည်ဟု မကြေညာမီကတည်းက Shop.com.mm အွန်လိုင်းတွင် ရောင်းချသော ဈေးဆိုင်ပိုင်ရှင်များကို ကုမ္ပဏီဘက်မှ တစ်စထက်တစ်စ အဆက်သွယ်များဖြတ်တောက်လာခဲ့ပြီး လက်ရှိတွင် လုပ်ငန်းအပြီးသတ် ရပ်ဆိုင်းသွားခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

လက်ရှိတွင် ပြည်တွင်းအွန်လိုင်းဈေးဝယ် လုပ်ငန်းအသစ်တချို့ရှိသော်လည်း Shop.com.mm မှာ Alibaba Group ပိုင်လုပ်ငန်းခွဲဖြစ်၍ လုပ်ငန်းလည်ပတ်မှုနှင့် နည်းပညာခိုင်မာမှု အားသာချက်များစွာရှိကြောင်း သူက ဆိုသည်။ 

Shop.com.mm ၏ မူလပိုင်ရှင် Daraz အုပ်စုကို ၂၀၁၂ ခုနှစ်တွင် ပါကစ္စတန်၌ ဖွဲ့စည်းထူထောင်ခဲ့သည်။ ထို့နောက် မြန်မာ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာနှင့် နီပေါနိုင်ငံတို့တွင် လည်ပတ်လုပ်ကိုင်ခဲ့ရာ ၂၀၁၈ ခုနှစ်တွင် ထိုလုပ်ငန်း၏ ရှယ်ယာအားလုံးကို Alibaba Group က ဝယ်ယူခဲ့သည်။ 

စစ်အာဏာသိမ်းမှု၏ နောက်ဆက်တွဲအကျိုးဆက် နိုင်ငံတကာအရေးယူပိတ်ဆို့မှု၊ စီပွားရေးပြိုကျမှုနှင့် အထွေထွေအကျပ်အတည်းကြောင့် ကုန်ထုတ်လုပ်ငန်း၊ ဆယ်သွယ်ရေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများအပါအဝင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လုပ်ငန်းရပ်ဆိုင်း၍ အပြီးတိုင်ထွက်ခွာမှုများရှိနေသည်။ 

ပြီးခဲ့သည့်နှစ်ကုန်ပိုင်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ရာနှုန်းပြည့်ပိုင်ဆိုင်သော အသက်အာမခံ ကုမ္ပဏီတစ်ခု ဖြစ်သည့် ဆွစ်ဇာလန်နိုင်ငံ၊ ဇူးရစ်မြို့အခြေစိုက် Chubb ကုမ္ပဏီသည် အာဏာသိမ်းစစ်ကော်မရှင်ကို လုပ်ငန်းလိုင်စင်ပြန်အပ်ပြီး ရုံးခွဲပိတ်သိမ်းကာ မြန်မာနိုင်ငံမှ ထွက်ခွာခဲ့သည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button