နိုင်ငံရပ်ခြားတွင် အလုပ်လုပ်နေရာမှ နေရပ်ပြန်လာသည့် မြန်မာအလုပ်သမားများကို လုပ်ငန်းခွင်ရှိရာ ပြည်ပနိုင်ငံအသီးသီးသို့ ပြန်လည်ထွက်ခွာခွင့်ကို ယခုနှစ် မေလ ၁ ရက်မှစတင်၍ စစ်ယူနီဖောင်းချွတ် အာဏာရှင်စစ်အစိုးရက တိုးမြှင့်တင်းကျပ်လိုက်သည်။
နေရပ်ပြန်ဝင်သည့် အလုပ်သမားများသည် သမားရိုးကျလူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများအပြင် ရန်ကုန်လေဆိပ်ရှိ အလုပ်သမားဝန်ကြီးဌာန ဆိုက်ရောက်ကောင်တာတွင် သတင်ပို့မှတ်တမ်းယူရပြီး ပြည်ပပြန်ထွက်ရန် နိုင်ငံကူးလက်မှတ်၊ ပြည်ပအလုပ်သမားကတ်(OWIC)၊ အလုပ်လုပ်ခွင့်ပါမစ်၊ အလုပ်ရှင်၏ ခွင့်စာ၊ လေယာဉ်လက်မှတ် အထောက်အထားများဖြင့် အလုပ်သမားဝန်ကြီးဌာနထံ တရားဝင်ရုံးပိတ်ရက်မပါ ငါးရက် သီးခြားကြိုတင်လျှောက်ထားပြီး ခွင့်ပြုချက်ကျမှ ထွက်ခွာခွင့်ပြုထားခြင်းဖြစ်သည်။
မေလမှစ၍ ထိုသတ်မှတ်ချက်များအပြင် ပြည်တွင်းသို့ မဝင်ရောက်မီ အလုပ်ရှင်၏ ခွင့်စာရယူ၍ သက်ဆိုင်ရာပြည်ပနိုင်ငံများရှိ မြန်မာသံရုံများ၌ ထောက်ခံစာရယူရမည်ဖြစ်ပြီး သံရုံးမရှိသည့် နိုင်ငံများတွင် အလုပ်လုပ်သူဖြစ်ပါက နီးစပ်ရာနိုင်ငံသံရုံးများတွင် ထောက်ခံစာသွားယူရမည်ဟု စစ်အာဏာရှင်၏ အလုပ်သမားဝန်ကြီးဌာနက ယနေ့ထုတ် သတင်းစာတွင် ထုတ်ပြန်သည်။
ထို့အပြင် OWIC ကတ်ပါ ကုမ္ပဏီတွင် ဆက်မလုပ်ဘဲ အလုပ်ပြောင်းထားသူဖြစ်ပါက ထိုကတ်ကို အသစ်ပြန်လည်လျှောက်ထားရမည်ဖြစ်ကြောင်း ထိုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အလုပ်သမားအသစ်များက ခွင့်ပြန်အလုပ်သမားများဟန်ဆောင်၍ အထောက်အထားအတုများဖြင့် ထွက်ခွာရန်ကြိုးစားလာခြင်းကြောင့် ယခုကဲ့သို့ ထပ်တိုးတင်းကျပ်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။
ပြည်ပတွင် ခက်ခက်ခဲခဲရှာဖွေစုဆောင်းခဲ့သော ဝင်ငွေများကို အသုံးပြု၍ မိသားစုဆွေမျိုးများရှိရာ နေရပ်သို့ ပြန်ဝင်လာသူများကို လွယ်ကူအောင်စီစဉ်ပေးရမည်ဖြစ်သော်လည်း တာဝန်ယူမှု တာဝန်ခံမှု မရှိသည့် စစ်အာဏာရှင်များက နည်းမျိုးစုံဖြင့် တားမြစ်ပိတ်ဆို့ခြင်းဖြစ်ကြောင်း ထိုင်းအခြေစိုက် မြန်မာအလုပ်သမားအခွင့်အရေးလှုပ်ရှားသူ ဦးမိုးကျော်က ပြောသည်။
“သူနဲ့(အလုပ်သမားတွေ) အတူတူပါသွားမယ့် ငွေကြေးတွေ၊ သူသုံးစွဲမယ့်အရာတွေ၊ သူ့မိသားစုနဲ့ အတူတူနေမယ့်ကာလမှာ သုံးမယ့်အရာတွေက ကိုယ့်နိုင်ငံထဲမှာ ဝင်ငွေလည်ပတ်တဲ့ယန္တရားတစ်ခု ဖြစ်သွားတာပဲလေ။ တစ်ဖက်က ပြောမယ်ဆိုရင် နိုင်ငံခြားဝင်ငွေဝင်လာတာပဲလေ။ အဲဒီလိုအခြေအနေရှိတဲ့ ဟာကို ခက်ခဲအောင် လုပ်တယ် ဆိုတာက ဘယ်လိုယုတ္တိရှိမလဲ။ ခက်ခဲအောင်လုပ်တယ်ဆိုတာ ဘယ်လိုမှ လက်ခံလို့မရတဲ့ အခြေအနေ ဖြစ်နေတာပေါ့” ဟု သူက ပြောသည်။
အလုပ်သမားများသည့် ခွင့်ရသည့် ရက်များအတွင် အချိန်လု၍ ပြန်ရန်ကြိုးစားရခြင်းဖြစ်သော်လည်း ထောက်ခံချက်အမျိုးမျိုး၊ ကန့်သတ်ချက်အမျိုးမျိုးကြောင့် အခက်အခဲတွေ့နေပြီး အခြားတစ်ဖက်တွင် ထိုအခြေအနေကို အသုံးချ၍ စစ်ကောင်စီဝန်ထမ်းများက လေဆိပ်တွင် ငွေကြေးတောင်းခံမှုရှိကြောင်း ၎င်းက ဆိုသည်။
“အရေးကြီးအရေးပေါ်အခြေအနေမို့ပါဆိုပြီးတော့ ငွေပေးရတဲ့လမ်းကြောင်းတွေကို ဖန်းတီးလိုက်တော့တာ” ဟု သူက ဆိုသည်။
ထိုကဲ့သို့ နည်းမျိုးစုံဖြင့် တင်းကျပ်နေသော်လည်း နိုင်ငံခြားဝင်ငွေအသည်းအသန်လိုအပ်နေသည့် အသွင်ပြောင်းစစ်အစိုးရက သန်းနှင့်ချီသည့် ပြည်ပအလုပ်သမားများကို လုပ်ခလစာ ပြန်လွှဲခိုင်းပြီး ဝင်ငွေခွန်ကောက်နေသည်။
အဓမ္မအာဏာသိမ်းပြီး လူထုကို ပြန်လည်သတ်ဖြတ်နေသည့် စစ်တပ်ကို အခွန်ငွေမပေးလိုသော်လည်း နိုင်ငံကူးလက်မှတ်သက်တမ်းတိုးလျှင် အခွန်မပေးမနေရစနစ်ဖြင့် ထိန်းချုပ်ထားရာ တိုင်းတစ်ပါးတွင် အထောက်အထားတစ်ခုခုရရန် အခွန်များပေးနေရသည့်သဘောဖြစ်နေသည်ဟု အလုပ်သမားများက ဆိုသည်။
ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ မြန်မာသံရုံး၏ ထုတ်ပြန်ချက်တွင် ထောက်ခံစာအတွက် ဂျပန်ယန်း ၃၀၀၀ ပေးရမည်ဟု ဖော်ပြထားသည်။
ကိုယ့်အိမ်ကိုယ်ပြန်ရန်ပင် အတားအဆီးများပြားသလို ပြည်ပပြန်ထွက်ရန် အခက်အခဲတွေ့နိုင်သဖြင့် အိမ်လွမ်းသော်လည်း မပြန်ဝံ့သူအများအပြားရှိကြောင်း စင်ကာပူနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် အမည်မဖော်လိုသည့် အမျိုးသမီးအလုပ်သမားတစ်ဦးက ဆိုသည်။
“ပြန်မယ်ဆိုရင် အခုသံရုံးကပါ ထောက်ခံစာတောင်းရမယ်တဲ့။ OWIC အတွက် ခေါင်းစားနေတုန်း ရှိသေးတယ်။ ပြန်ရင် အကြောင်းကြားရမယ်။ အလုပ်ရှင် ဖုန်းနံပါတ်ကအစ ယူလာပြရမယ်ဆိုတာကျ အဆင်မပြေနေဘူးလေ။ အဲဒါတွေကြောင့် စိတ်ညစ်နေတုန်း ရှိသေးတယ်။ အခု နောက်တစ်မျိုး ထွက်လာပြန်တယ်။ ခွင့်ရလို့ ပြန်ရင်တောင်မှ ကျွန်တော်တို့လုပ်ရမယ့် အဆင့်ပေါင်းမနည်းဘူး။ ရွှေပြည်တော် မျှော်တိုင်းဝေး ဖြစ်နေတယ်” ဟု သူက ဆိုသည်။
အာဏာသိမ်းပြီးနောက် စစ်အုပ်စုက ပြည်ပတွင် အလုပ်လုပ်သူများကို OWIC ကတ်များထုတ်ပေးခဲ့ပြီး ထိုကတ်ရှိမှသာ ပြည်ပထွက်ခွာရန် ခွင့်ပြုခြင်းဖြစ်သည်။ ထိုကတ်လျှောက်ရန် အခွန်ပေးဆောင်ထားမှု၊ အလုပ်လုပ်ခွင့်ပါမစ်နှင့် အခြားလိုအပ်သည့် အထောက်အထားများတင်ပြရပြီး ယခုအခါလျှောက်ထားရန် လနှင့်ချီကြာမြင့်မှုရှိနေသည်ဟု သိရသည်။
စစ်အုပ်စုသည် ပြည်ပရောက်အလုပ်သမားများထံမှ နိုင်ငံခြားငွေလိုချင်သော်လည်း အလုပ်အကိုင်၊ ပညာရေးဖြင့် ပြည်ပထွက်ခွာလိုသူများကို ဆက်လက်ပိတ်ဆို့နေကြောင်း အလုပ်အကိုင်အေဂျင်စီများက ထင်မြင်ချက်ပေးသည်။
အသက် ၂၃ နှစ်မှ ၃၁ အရွယ်အမျိုးသားများကို ပြည်ပထွက်အလုပ်လုပ်ခွင့် ကန့်သတ်ပိတ်ပင်ကြောင်း လူသိရှင်ကြားထုတ်ပြောထားပြီး ထိုအသက်အရွယ်နှင့်အကျုံးမဝင်သူများကိုလည်း ပြည်ပထွက်ခွာရာတွင် လေဆိပ်တွင် နည်းမျိုးစုံဖြင့် တားမြစ်ပိတ်ပင်မှုများရှိကြောင်း နိုင်ငံခြားခရီးသွားလာသူများက ဆိုသည်။
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီက အသက်သွင်းခဲ့သည့် စစ်မှုထမ်းဥပဒေအရ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများ၊ အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးများသည် နှစ်နှစ်မှ ငါးနှစ်ကြာ စစ်မှုထမ်းရမည်ဖြစ်သည်ဟု ဆိုသည်။



