အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အင်းတော်ကို ပြန်သိမ်းရန် စစ်တပ် ချဉ်းကပ်၊ မြို့နှင့် ၇ မိုင်အကွာ ရောက်ရှိ

ကချင်ပြည်နယ်နှင့်စစ်ကိုင်းတိုင်းနယ်စပ်၊ ရွှေဘို-မြစ်ကြီးနားလမ်းမကြီးပေါ်မှ အင်းတော်မြို့ကို NUG တပ်များနှင့် ကျောင်းသားတပ်မတော် (ABSDF) တို့ပူးပေါင်း၍ ရှစ်လကြာထိုးစစ်ဆင်ပြီးနောက် ၂၀၂၅ ခုနှစ် ဧပြီလတွင် သိမ်းပိုက်ခဲ့သည်။

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်ထဲမှ ပြန်လည်သိမ်းပိုက်ရန် ပြင်ဆင်နေသည့်  စစ်တပ်၏ စစ်ကြောင်းများသည် မြို့နှင့် ခုနစ်မိုင်အကွာ ၁၀ မိုင် ဆင်စခန်းအထိ ရောက်လာကြောင်း ဒေသခံများနှင့် မြေပြင်စစ်ရေးသတင်းရင်းမြစ်များထံက သိရသည်။

စစ်ရိပ်သန်းလာသဖြင့်  အင်းတော်မြို့အနီးရှိ ကျေးရွာ ခြောက်ရွာမှ ထောင်နှင့်ချီသည့် ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်နေကြသည်ဟုလည်း သိရသည်။

ကချင်ပြည်နယ်နှင့်စစ်ကိုင်းတိုင်းနယ်စပ်၊  ရွှေဘို-မြစ်ကြီးနားလမ်းမကြီးပေါ်မှ အင်းတော်မြို့ကို NUG တပ်များနှင့် ကျောင်းသားတပ်မတော် (ABSDF) တို့ပူးပေါင်း၍  ရှစ်လကြာထိုးစစ်ဆင်ပြီးနောက် ၂၀၂၅ ခုနှစ် ဧပြီလတွင် သိမ်းပိုက်ခဲ့သည်။ ထို့နောက် တစ်နှစ်ခန့်အကြာတွင် စစ်တပ်ကပြန်လည်ထိုးစစ်ဆင်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။

အင်းတော်မြို့ အရှေ့ဘက် ၁၆ မိုင်အကွာရှိ ကသာမြို့မှ ရာနှင့်ချီသည့်စစ်သားများသည် ဧပြီလ ၂၁ ရက်မှစတင် လှုပ်ရှားခဲ့ကြပြီး စစ်ကြောင်းတိုးလာသည့် လမ်းတစ်လျောက် တော်လှန်ရေးတပ်များ၏ ကြားဖြတ်တိုက်ခိုက်မှုကြောင့် အထိနာနေသော်လည်း ရှေ့ဆက်တိုးနေဆဲဖြစ်ကြောင်း ဒေသတွင်းစစ်ရေးသတင်းအရင်းအမြစ်များကဆိုသည်။

စစ်တပ်၏ထိုစစ်ကြောင်းသည် ဧပြီလ ၂၈ ရက်တွင် အင်းတော်မြို့အရှေ့ဘက် ခုနစ်မိုင်ခန့်အကွာရှိ ၁၀ မိုင် ဆင်စခန်းသို့ ရောက်ရှိနေပြီဟု ဒေသခံများထံက သိရသည်။

“နဘားလမ်းဆုံနဲ့ ကသာကြားပေါ့၊ ဆယ်မိုင် နတ်ပေါက်ဆင်စခန်းပေါ့ အဲဒီအနားမှာရောက်နေတာ။ ကျွန်တော်တို့ရွာက အကုန်ရှောင်နေကြရပြီ။ အဲဒီမှာ တိုက်ပွဲတွေဖြစ်နေတာ ဟုတ်တယ်။ အဲဒါကြောင့် (စစ်တပ်)ခွေးတွေက ရှေ့ဆက်မတိုးနိုင်ဘူးဖြစ်နေတာ” အင်းတော်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

တော်လှန်ရေးတပ်များက နေ့စဉ်ရက်ဆက် ကြားဖြတ်တိုက်ခိုက်နေသောကြောင့် စစ်တပ်စစ်ကြောင်းမှာ ရှေ့ဆက်တိုးမရသေးဘဲ အဆိုပါ ဆင်စခန်းအနီးတွင်သာ စစ်ကြောင်းရပ်တန့်နေသည်ဟု သိရသည်။

သို့သော် စစ်ကြောင်းနီးကပ်လာသည့်အတွက် ဆင်စခန်းအနီးရှိ ကမ်းနီရွာမှ စတင်၍ အင်းတော်မြို့အရှေ့ဘက်ရှိ ကျေးရွာအချို့ ပြီးခဲ့သည့် ရက်အနည်းငယ်တွင် ဘေးလွတ်ရာသို့ စစ်ဘေးရှောင်နေကြရသည်ဟု သိရသည်။

အင်းတော်မြို့အရှေ့ဘက်ရှိ နဘား၊ ကမ်းနီး၊ နားရခေါင်၊ ကြံတော၊ ကူးဆိပ်၊ နန်းနောင်၊ ကျော်ရွာ စသည့် ရွာ ခုနစ် ရွာမှ ထောင်နှင့်ချီသည့် ဒေသခံများသည် စစ်ကြောင်းလွတ်မည့် နီးစပ်ရာ ကျေးရွာများသို့ တိမ်းရှောင်နေကြပြီး အချို့မှာ မန္တလေးမြို့သို့ တိမ်းရှောင်နေကြသည်ဟု သိရသည်။

အင်းတော်မြို့မြောက်ဘက် မိုင် ၂၀ ခန့်အကွာရှိ တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသည့် မော်လူးမြို့ကိုလည်း မိုးညှင်းရှိ စစ်တပ်က စစ်ကြောင်းထိုးရန်ပြင်ဆင်နေသည့်အတွက် မော်လူးမြို့မှ ဒေသခံအချို့လည်း တိမ်းရှောင်နေကြသည်ဟု သိရသည်။

“ကချင်ပြည်နယ်ဘက်ကစစ်ကြောင်းကလည်း မော်လူးမြို့ထဲဝင်မှာစိုးတာ၊ နှစ်ဖက်ညှပ်ပိတ်မိမှာကိုစိုးတာ။ အဲဒါကြောင့်မို့လို့ မော်လူးမြို့ကလူတွေလည်း ပစ္စည်းတွေဘာတွေအကုန်တိုက်ပြီးတော့ ရှောင်နေကြတာ” ဟု အထက်ပါ အင်းတော် ဒေသခံက ပြောသည်။

အင်းတော်မြို့ကို ဦးတည်နေသည့် စစ်ကြောင်းသည် ယနေ့ နံနက်အထိ ဆယ်မိုင်ဆင်စခန်းဟု ခေါ်သည့် နတ်ပေါက်ဆင်စခန်းအနီးတွင်သည့် ရပ်တန့်နေပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု ဒေသခံများထံက သိရသည်။

မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကမူ စစ်တပ်စစ်ကြောင်းသည် အကျအဆုံးများသော်လည်း အသေခံ ရှေ့ဆက်တိုးနေကြောင်းနှင့် အဆိုပါစစ်သားများ မူးယစ်ဆေးများသုံး၍ တိုက်ခိုက်နေသည်ဟု ယူဆကြောင်း ပြောသည်။

“တစ်ယောက်ကျသွားရင် အဲဒီတစ်ယောက်ကို မဆွဲဘူး ကျော်ခွပြီးတော့ ဆက်တိုက်တာ၊ ဒဏ်ရာရတဲ့ ရဲဘော်တွေကိုလည်းမဆွဲဘူး ဇွန်ဘီတွေလိုပဲ။ ကျသွားတဲ့ ရဲဘော်တွေကိုခွကျော်၊ ဒဏ်ရာရသွားတဲ့ရဲဘော်တွေကို ခုန်ကျော်ပြီးတော့ ပြန်တိုက်တာ၊​ အဲဒီလို အနေအထားတွေ။ သူတို့ တိုက်ပွဲထဲမှာ သုံးတဲ့အထဲမှာ ဆေးသမားတွေများတယ်လို့ ပြောတယ်” ဟု အဆိုပါ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

အာဏာသိမ်းပြီးနောက် စစ်တပ်မှ CDM လုပ်လာသည့် ဗိုလ်ကြီးဇင်ယော်က အင်းတော်တိုက်ပွဲအတွင်း စစ်တပ်က အကျအဆုံးများအပြင် တပ်စုမှူးအဆင့်အပါအဝင် ဖမ်းဆီးခံရမှုများလည်း ရှိနေသည်ဟု တပ်တွင်းသတင်းများအရ သိရသည်ဟု ပြောသည်။

အင်းတော်မြို့သည် ကချင်ပြည်နယ်၏ ဝင်ပေါက်မြို့တစ်ခုလိုဖြစ်နေပြီး နဘားလမ်းဆုံမှာလည်း ကချင်၊ စစ်ကိုင်းနှင့် ရှမ်းမြောက်သို့ ဆက်သွယ်နိုင်သည့် လမ်းဆုံတစ်ခုဖြစ်သည့်အတွက် စစ်တပ်က အင်းတော်မြို့နှင့် နဘားလမ်းဆုံကို ထိန်းချုပ်နိုင်ရန် ကြိုးစားနေခြင်းဖြစ်နိုင်ကြောင်း CDM အရာရှိ ဗိုလ်ကြီးဇင်ယော်က သုံးသပ်သည်။

“အဓိကကတော့ နဘားလမ်းဆုံပဲ၊ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွက် အစပ်ပဲ။ ပြီးတော့ ကသာကနေ ဟိုဘက်ကူးလိုက်တာနဲ့ မဘိမ်းဘက်ကို သွားလို့ရပြီး အဲဒီကတဆင့် ရှမ်းမြောက်၊ ကချင်ကိုပါသွားလို့ရတဲ့အတွက် နဘားကိုသာရသွားရင် စစ်ကိုင်းတိုင်းအထက်ပိုင်းက ခါးပြတ်သွားနိုင်တယ်။ ပြီးရင် ဗန်းမော်စစ်မျက်နှာပြင်မှာ လည်း စစ်ကောင်စီက အရေးသာသွားနိုင်တဲ့အထိ ပြောင်းလဲသွားနိုင်တယ်” ဟု ဗိုလ်ကြီးဇင်ယော်က ပြောသည်။

ဗိုလ်ကြီးဇင်ယော်သည် CDM မလုပ်ခင်ကာလတွင် စစ်တပ်ဗိုလ်ကြီးရာထူးဖြင့် အင်းတော်ဒေသ၌ တာဝန်ထမ်းဆောင်ဖူးကြောင်း စစ်တပ်က နဘားလမ်းဆုံ၏ အရေးပါမှုကို သိရှိသလို အင်းတော်မြို့ကိုလည်း ပြန်လည်ထိန်းချုပ် သွားနိုင်ကြောင်း သုံးသပ်သည်။

ပြည်သူ့စစ်မှုထမ်းအင်အားများဖြင့် အားပြန်ကောင်းလာသည့် စစ်တပ်သည် မန္တလေးတိုင်းအတွင်းရှိ ၎င်းတို့ လက်လွှတ်ထားရသည့် စဉ့်ကူး၊ သပိတ်ကျင်း၊ တကောင်းစသည့် မြို့များကို ယခုနှစ်ဆန်းပိုင်းတွင် ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပြီးနောက် တော်လှန်ရေးတပ်များ၏ ပိတ်ဆို့ခြင်းကိုခံထားရသည့် ထီးချိုင့်နှင့် ကသာမြို့များကို အင်းအားပြန်လည် ဖြည့်တင်းနိုင်ခဲ့သည်။

အဆိုပါ အင်အားများဖြင့် စစ်ကိုင်းတိုင်းအတွင်းရှိ ၎င်းတို့ လက်လွှတ်ထားရသည့် မြို့များကို ပြန်လည်တိုက်ခိုက် သိမ်းယူရန် ကြိုးစားနေခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလက တော်လှန်ရေးတပ်များ သိမ်းပိုက်နိုင်ခဲ့သည့် ဗန်းမောက်မြို့ကိုလည်း လေးလကျော်ကြာပြီးနောက် ဖေဖော်ဝါရီလ ၈ ရက်တွင် စစ်တပ်နှင့် ရှမ်းနီအမျိုးသားများတပ်(SNA)တို့က ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့များကို တော်လှန်ရေးတပ်များက သိမ်းပိုက်ခဲ့ရာ အင်းတော်မြို့နှင့် ခမ်းပတ်၊ ရွှေပြည်အေး၊ မော်လူး၊​ ပင်လည်ဘူးမြို့တို့ကို သိမ်းပိုက်ထားသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button