ယူကရိန်းနိုင်ငံအနေနဲ့ လက်နက်အမျိုးအစားတချို့မှာ လိုအပ်တာထက် ၅၀ ရာခိုင်နှုန်းလောက်အထိ ပြည်တွင်းမှာ ပိုလျှံအောင် ထုတ်လုပ်နိုင်နေပြီလို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက ဧပြီ ၂၈ ရက်က ပြောပါတယ်။
ဒါ့အပြင် အရှေ့အလယ်ပိုင်း၊ ပင်လယ်ကွေ့ဒေသ၊ ဥရောပနဲ့ ကော့ကေးဆပ်ဒေသက နိုင်ငံတွေနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ စတင်နေပြီ ဖြစ်ကြောင်းနဲ့ အဲဒီနိုင်ငံတွေနဲ့ သဘောတူညီချက်တွေ ထဲမှာဒရုန်းတွေ၊ ဒုံးကျည်တွေအပြင် ဆော့ဖ်ဝဲနဲ့ နည်းပညာ ထုတ်လုပ်ရောင်းချမှုတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒရုန်းတွေ၊ ကာကွယ်ရေးစနစ်တွေနဲ့ ကြည်း၊ ရေ၊ လေ သုံး လက်နက်အမျိုးမျိုး ထုတ်လုပ်ရေးအတွက် အမေရိကန်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အစီအစဉ်ရှိတယ်လို့လည်း သူက ပြောပါတယ်။
ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ဟာ ဧပြီ ၂၉ ရက်နေ့က ဖုန်းနဲ့ စကားပြောခဲ့ကြပြီး ယူကရိန်းမှာ ယာယီအပစ်အခတ်ရပ်စဲဖို့ အခြေအနေကို ဆွေးနွေးခဲ့ကြပါတယ်။
အီရန်ပဋိပက္ခကို အဆုံးသတ်ဖို့အတွက် ပူတင်က ကူညီပေးမယ်လို့ ကမ်းလှမ်းခဲ့ပေမဲ့ ထရမ့်ကတော့ ပူတင်ကို ယူကရိန်းစစ်ပွဲ အဆုံးသတ်ဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
ရုရှားဟာ သူ့ရဲ့ နှစ်ပတ်လည် စစ်အောင်ပွဲနေ့ စစ်ရေးပြအခမ်းအနားကို မေလ ၉ ရက်နေ့မှာ ကျင်းပဖို့ ရှိပေမဲ့ ဒီတစ်ကြိမ်မှာတော့ စစ်လက်နက်ပစ္စည်းတွေ ပါဝင်မှာမဟုတ်ဘူးလို့ သိရပါတယ်။
ဒီလို စစ်လက်နက်ပစ္စည်းတွေ မပါဝင်တာဟာ နှစ်ပေါင်း ၂၀ နီးပါးအတွင်း ပထမဆုံးအကြိမ်ဖြစ်ပြီး ယူကရိန်းရဲ့ အဝေးရောက်ဒရုန်းတွေနဲ့ တိုက်ခိုက်မှာကို စိုးရိမ်နေတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။
မနှစ်က ကျရောက်ခဲ့တဲ့ စစ်အောင်ပွဲနေ့ နှစ် ၈၀ ပြည့် အခမ်းအနားမှာ တင့်ကားတွေ၊ ဒုံးကျည်ပစ်စင်တွေနဲ့ ဒရုန်းတွေ ပါဝင်ခဲ့ပေမယ့် ယူကရိန်းကို စတင် ကျူးကျော်ပြီးကတည်းက ရုရှားက စစ်ရေးပြပွဲတွေကို အင်အား လျှော့ချ ကျင်းပလာတာဖြစ်ပြီး စစ်မြေပြင်မှာ အထိအခိုက်အကျအဆုံး များလွန်းတာကြောင့် စစ်ရေးပြဖို့ လုံလောက်တဲ့ တင့်ကားနဲ့ လက်နက်အင်အား မရှိတော့တာလို့ အကဲခတ်တွေက ယူဆနေကြပါတယ်။



