တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင်များဖြစ်သော ကမ္ဘောဒီးယား၊ ထိုင်းနှင့် မြန်မာသုံးနိုင်ငံခရီးစဉ်ကို ဧပြီလ ၂၂ ရက်နေ့တွင် စတင်ခဲ့သည်။ ခရီးစဉ်အတွင်း ကျားဖြန့်နှိမ်နင်းရေး သံခင်းတမန်ခင်း နည်းလမ်းကိုအသုံးပြုကာ တရုတ်အစိုးရ ထိပ်တန်းသံတမန်တစ်ဦး၏ ဒေသတွင်း ဩဇာဖြန့်ကြက်သည့် ကြိုးပမ်းမှု အစိတ်အပိုင်းတရပ်အဖြစ် ထိုသုံးနိုင်ငံကို တရုတ်နှင့်ပိုမိုပူးပေါင်းဆောင်ရွက်လာစေရန် သိသိသာသာ ကြိုးပမ်းလာသည်။
အာဆီယံသုံးနိုင်ငံခရီးစဉ်အတွင်း ကမ္ဘောဒီးယားသို့ ပထမဆုံး ရောက်ရှိလာသော တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မနက် နှင့်တွေ့ဆုံစဉ် နိုင်ငံအတွင်းရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းများကို လုံးဝ အမြစ်ဖြတ်နှိမ်နင်းရန် ဖိအားပေးခဲ့သည်။ ထို့အပြင် ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခတွင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ ကိုယ်တိုင်ကြားဝင်စေ့စပ်မှုဖြင့် ဒေသတွင်းပဋိပက္ခတွင် ဦးဆောင်ဖြေရှင်းမှုကို ပြသခဲ့ပြီး၊ လက်ဦးမှုယူသွားသဖြင့် နောက်ကျကျန်ရစ်ခဲ့ခြင်းကြောင့် တန်ပြန်ကြိုးပမ်းမှုအဖြစ် တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်ပေးလိုသည့် အခန်းကဏ္ဍကို မြှင့်တင်ရန် ကမ္ဘောဒီးယားနှင့် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်။
ဧပြီလ ၂၃ ရက်နေ့တွင် ကမ္ဘောဒီးယားမှတဆင့် ထိုင်းနိုင်ငံသို့ ခရီးဆက်သည်၊ ရွေးကောက်ပွဲအပြီး အနိုင်ရပါတီ ခေါင်းဆောင်အနေဖြင့် ထိုင်းအစိုးရသစ်ကို ဦးဆောင်ဖွဲ့စည်းခဲ့သော ဝန်ကြီးချုပ် အနုတင် ချာဝီရာကွန် နှင့် တွေ့ဆုံသည်၊ ဝမ်ယိက ထိုင်း-ကမ္ဘောဒီးယားပဋိပက္ခနှင့် ကျားဖြန့်နှိမ်နင်းရေးအကြောင်း အဓိကဆွေးနွေးခဲ့ပြီး ထိုင်းအစိုးရ၏ ပူးပေါင်းဆောင်ရွက်မှု ပိုမိုရရှိရန် ကြိုးပမ်းခဲ့သည်။ ဝမ်ယိကထိုင်း- ကမ္ဘောဒီးယားပဋိပက္ခကို ကြားဝင်ဖြေရှင်းပေးလိုသည်ဟု ကမ်းလှမ်းသော်လည်း ထိုင်းအစိုးရက ညင်ညင်သာသာ ငြင်းပယ်ခဲ့ကြောင်း ထိုင်းသတင်းဌာနများက ဖော်ပြကြသည်။
ဝန်ကြီးဝမ်ယိ သုံးနိုင်ငံခရီးစဉ်နှင့် ချိန်သားကိုက်ပြီး အမေရိကန်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက ကမ္ဘောဒီးယားနိုင်ငံအတွင်းရှိ ကျားဖြန့်ဂိုဏ်းများနှင့် ဆက်စပ်လျက်ရှိသော၊ ဝန်ကြီးချုပ်ဟောင်းဟွန်ဆင်နှင့် နီးကပ်သည့်ဆက်ဆံရေးရှိသော တရုတ်နွယ်ဖွား ကမ္ဘောဒီးယား အထက်လွှတ်တော်အမတ်နှင့် စီးပွားရေးလုပ်ငန်းရှင် Kok An ကို အရေးယူ ဒဏ်ခတ် ပိတ်ဆို့ကြောင်း ကြေညာခဲ့သည်။ ဧပြီလ ၂၃ ရက်နေ့ ထုတ်ပြန်ခဲ့သော အဆိုပါ ကြေညာချက်မှာ တရုတ်ကျားဖြန့် နှိမ်နင်းရေးခြေလှမ်းသစ် ဖြစ်လာသည်။ အာဆီယံနိုင်ငံများထဲတွင် တရုတ်နိုင်ငံ၏ မဟာမိတ်အဖြစ် သတ်မှတ်ခံထားရသော ကမ္ဘောဒီးယားသည် တရုတ်ကျားဖြန့်ဂိုဏ်းများ အခြေစိုက်သောင်းကျန်းနေသော နိုင်ငံဖြစ်သည်။
အမေရိကန်၏ အထက်ပါကြေညာချက်တွင် အာဏာသိမ်းစစ်တပ်နှင့် ပူးပေါင်းလျက်ရှိသော၊ ထိုင်း- မြန်မာနယ်စပ်ဒေသ ကရင်ပြည်နယ်တွင် အခြေစိုက်သော ဒီမိုကရက်တစ် ကရင်အကျိုးပြုတပ်မတော် (DKBA) ၏ ထိန်းချုပ်နယ်မြေအတွင်းရှိ Tai Chang အွန်လိုင်း ငွေလိမ်ဂိုဏ်းအကြောင်း သတင်းပေးနိုင်သူကို ဒေါ်လာ ၁၀ သန်း ဆုကြေးပေးမည်ဟုလည်း ဖော်ပြထားသည်။
ဧပြီလ ၂၄ ရက်နေ့တွင် ဝါရှင်တန်ပြည်နယ်၊ ကိုလမ်ဘီယာခရိုင် ရှေ့နေချုပ် ဂျနင်းပီရို (Jeanine F. Pirro) က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး ကျားဖြန့်ဂိုဏ်းခေါင်းဆောင်နှစ်ဦးကို အမေရိကန်သို့ လွှဲပြောင်းပေးရန် ထိုင်းအစိုးရနှင့် ညှိနှိုင်းကြိုးပမ်းနေကြောင်း ကြေညာခဲ့သည်။ ထိုနှစ်ဦးမှာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့ကတည်းက ဖမ်းဝရမ်း ထုတ်ထားပြီး၊ ယခုအခါ ထိုင်းအစိုးရ ဖမ်းဆီးမိထားသော တရုတ်နိုင်ငံသား Huang Xing Shan (ခ) Ah Zhe နှင့် Jiang Wen Jie (ခ) Jiang Nan တို့ ဖြစ်သည်။
အဆိုပါ တရုတ်နိုင်ငံသား ကျားဖြန့်ဂိုဏ်းခေါင်းဆောင်နှစ်ဦးသည် ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တောင်ပိုင်း မင်းလက်ပန်ဒေသရှိ ရွှန်းဒါးကျားဖြန့်ဝန်း (Shunda Park) ကို ဦးဆောင်လည်ပတ်နေသူများဖြစ်ပြီး၊ ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် မင်းလက်ပန်ဒေသကို ကရင်အမျိုးသားအစည်းအရုံး (KNU)နှင့် ပူးပေါင်းတပ်များက စီးနင်းတိုက်ခိုက်သိမ်းပိုက်ချိန် ကမ္ဘောဒီးယားနိုင်ငံသို့ ထွက်ပြေးလွတ်မြောက်သွားကြသည်။ ၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်း ထိုင်းနိုင်ငံထဲသို့ ပြန်လည်ဝင်ရောက်လာချိန် ၎င်းတို့နှစ်ဦးကို ဖမ်းဆီးမိခြင်း ဖြစ်သည်။
အမေရိကန်-တရုတ် ထိပ်တိုက်တွေ့လာနိုင်မည့် ကျားဖြန့်နှိမ်နင်းရေး မျက်နှာစာသစ်
အရှိန်မြှင့်လာသော အမေရိကန်၏ ကျားဖြန့်နှိမ်နင်းရေးခြေလှမ်းများသည် တရုတ်အစိုးရ ထိပ်တန်းသံတမန် ဝန်ကြီးဝမ်ယိ၏ သုံးနိုင်ငံခရီးစဉ်အတွင်း အရေးတကြီး အာရုံစိုက်ရမည့် ဖြစ်ပေါ်တိုးတက်မှုတစ်ခု အဖြစ် ပြောင်းလဲသွားနိုင်ပါသည်။ အကြောင်းမှာ အမေရိကန်အစိုးရသည် တရုတ်နိုင်ငံသား ကျားဖြန့်ဂိုဏ်း ခေါင်းဆောင်များကို အမဲလိုက်နေပြီး၊ ထိုင်းအစိုးရ ဖမ်းဆီးထားသည့် တရုတ်နိုင်ငံသားနှစ်ဦးကို အမေရိကန် တရားရုံးများတွင် တရားစွဲဆိုနိုင်ရေး ကြိုးပမ်းနေပြီ မဟုတ်ပါလား။
ထိုင်းက တရုတ်ကျားဖြန့်ခေါင်းဆောင် Chen Zhi ကို တရုတ်အစိုးရထံ လွှဲပြောင်းပေးခဲ့ဖူးသည်။ ထို့ကြောင့် အမေရိကန်က တရုတ်နိုင်ငံသား တရားခံများကို ထိုင်းထံမှ လွှဲပြောင်း ရယူရေးမှာ ဖြစ်နိုင်ပါ့မလားဟု သတင်းစာရှင်းလင်းပွဲအတွင်း သတင်းထောက်တစ်ဦးက ထောက်ပြ မေးမြန်းခဲ့သည်။ ရှေ့နေချုပ် ဂျနင်းပီရို က အမေရိကန်နှင့် ထိုင်းအစိုးရအကြား နှစ်နိုင်ငံ တရားခံများ လွှဲပြောင်းပေးအပ်ရေး သဘောတူစာချုပ်အရ အမေရိကန်သို့ လွှဲပြောင်းပေးရန် တောင်းဆိုထားသည်၊ အခြားဖြစ်နိုင်သောနည်းလမ်းအားလုံးဖြင့် ထိုတရားခံများကို လွှဲပြောင်းပေးရန် လုပ်ဆောင်မည်ဟု ပြန်လည်ဖြေဆိုထားသည်။
အမေရိကန်၏ ကြိုးပမ်းမှုကို တရုတ်အစိုးရက သတိမပြုမိဘဲ မနေပါ။ ဝန်ကြီးဝမ်ယိ ထိုင်းနိုင်ငံသို့ ရောက်ရှိနေချိန် အမေရိကန်အစိုးရ၏ တရုတ်ကျားဖြန့်နှိမ်နင်းရေး ဆက်တိုက်ထုတ်ပြန်ချက်များက မည်ကဲ့သို့ အဓိပ္ပာယ်ဆောင်နေပါသနည်း။
ထို့အပြင် ထိုင်းအစိုးရ ဖမ်းဆီးမိထားသော တရုတ်နိုင်ငံသား ကျားဖြန့်ဂိုဏ်းခေါင်းဆောင်နှစ်ဦးကို အမေရိကန်သို့ လွှဲပြောင်းရန် ကြိုးပမ်းမှုနောက်ကွယ်က အမေရိကန်၏ အကြံအစည်ကိုလည်း တရုတ်အစိုးရ သံသယရှိနိုင်ပါသည်။ ယင်းမှာ ကျားဖြန့်ဂိုဏ်းများနောက်ကွယ်တွင် တရုတ်အစိုးရ အရာရှိကြီးများနှင့် ကွန်မြူနစ်ပါတီ ခေါင်းဆောင်ပိုင်းများ ပါဝင်ပတ်သက်လျက်ရှိကြောင်း နိုင်ငံတကာအလယ်တွင် တရုတ်အစိုးရကို အပုပ်ချရန် အမေရိကန်အစိုးရ ကြံစည်နေသလား ဆိုသည့်အချက် ဖြစ်ပေလိမ့်မည်။
တရုတ်ခေါင်းဆောင်များအကြား ထိုစိုးရိမ်မှု ရှိနေနိုင်ခြင်းသည် အခြေအမြစ်မရှိသော စဉ်းစားချက်မဟုတ်ပါ။ ဝန်ကြီးဝမ်ယိ၏ အာဆီယံ သုံးနိုင်ငံခရီးစဉ်မတိုင်မီ တစ်လခန့်အလို မတ်လ ၁၈ ရက်နေ့တွင် ဝါရှင်တန်ဒီစီ၌ ပြုလုပ်ခဲ့သော အမေရိကန် အထက်လွှတ်တော် ထောက်လှမ်းရေးကော်မတီ၏ ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုများ (Global Threats) ခေါင်းစဉ်ဖြင့် တံခါးဖွင့်ကြားနာပွဲတစ်ခု ပြုလုပ်ခဲ့သည်။ ထိုကြားနာပွဲအတွင်း နိုင်ငံဖြတ်ကျော် တရုတ်ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများ အမေရိကန်နိုင်ငံသားတို့ကို ပစ်မှတ်ထားပြီး၊ ၎င်းတို့ မိသားစုများ၏ စုဆောင်းငွေ ဘီလီယံနှင့်ချီ လိမ်လည်ခံနေရသည့် အခြေအနေနှင့် ပတ်သက်ပြီး လွှတ်တော်အမတ်တစ်ဦးက မေးမြန်းခဲ့သည်။
ထိုမေးခွန်းကို ဖက်ဒရယ်စုံစမ်းစစ်ဆေးရေးဗြူရို (FBI)၏ ညွှန်ကြားရေးမှူး Kash P. Patel က ဖြေဆိုရာတွင် အမေရိကန်နိုင်ငံသားများကို ပစ်မှတ်ထားသော အွန်လိုင်းလိမ်လည်မှုများကို ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံတွင် အခြေစိုက်သော တရုတ်ကျားဖြန့်ဂိုဏ်းများက ကျူးလွန်နေခြင်းဖြစ်သည်၊ ၎င်းတို့၏ နောက်ကွယ်တွင် တရုတ်ကွန်မြူနစ်ပါတီ (CCP) ရှိနေသည် ဟု အတိအလင်း စွပ်စွဲဖြေဆိုခဲ့သည်။
ထို့ကြောင့် ၎င်းတို့နိုင်ငံသား ကျားဖြန့်ဂိုဏ်းခေါင်းဆောင်များကို အမေရိကန်လက်ထဲ ထိုးအပ်မည့်ကိစ္စ ဟန့်တားရေးအတွက် ဝန်ကြီးဝမ်ယိ၏ ခရီးစဉ်အတွင်း ထိုင်းအစိုးရကို ဖိအားပေး တောင်းဆိုနိုင်ဖွယ် ရှိပါသည်။ ၎င်းအစား တရုတ်နိုင်ငံသားများကို တရုတ်အစိုးရလက်ထဲအပ်ရန် တောင်းဆိုနိုင်ပါသည်။
၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် အမေရိကန် ထောက်လှမ်းရေးအေဂျင်စီများ စုပေါင်း၍ အသစ်ဖွဲ့စည်းခဲ့သော Scam Center Strike Force (SCSF) သည် ထိုင်းတော်ဝင်ရဲတပ်ဖွဲ့နှင့် နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်နေသည်မှာ လအတန်ကြာရှိနေပြီ ဖြစ်သည်။ ယခုအခါ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်လျက်ရှိသော ကျားဖြန့် နှိမ်နင်းရေး ခြေလှမ်းသစ်များကို ဝန်ကြီးဝမ်ယိခရီးစဉ်နှင့် ချိန်သားကိုက်၍ ထုတ်ပြန်ကြေညာလာခြင်းက တိုက်ဆိုင်မှုမဟုတ်သော အမေရိကန်၏ ချိန်သားကိုက် လှုပ်ရှားမှုတစ်ခု ဖြစ်နိုင်ပါသည်။
ထို့ကြောင့် တရုတ်နိုင်ငံသားများဦးဆောင်သော ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများ နှိမ်နင်းရေးသည် နိုင်ငံ ဖြတ်ကျော် ရာဇဝတ်မှုများကို နိုင်ငံများအကြား ပူးပေါင်းနှိမ်နင်းသော ရိုးရှင်းသည့် ဖြစ်စဉ်တစ်ခု မဟုတ်ဘဲ၊ အမေရိကန်နှင့် တရုတ်တို့၏ အာဆီယံဒေသတွင်း ပြိုင်ဆိုင်မှု ဆုံချက်သစ် ဖြစ်လာနေပြီလား စောင့်ကြည့်ရန် လိုအပ်ပါသည်။ အင်အားကြီး နှစ်နိုင်ငံအကြား ကြားညှပ်နေသူမှာ ထိုင်းအစိုးရ ဖြစ်နေသည်ကို လေ့လာတွေ့ရှိ ရသည်။
ထိုင်းအစိုးရဘက်က ကြည့်လျှင် အစဉ်အလာမဟာမိတ် အမေရိကန်နှင့် ဆက်ဆံရေးကို ထိန်းသိမ်းရန်၊ မဟာမိတ်စာချုပ်များအရ ပူးပေါင်းဆောင်ရွက်ရန် တာဝန်ရှိနေသည်။ အခြားတစ်ဖက်တွင်လည်း သမ္မတထရမ့်သည် မဟာမိတ်များကို ဖိအားပေးခြင်း၊ အလေးမထားခြင်းနှင့် စွန့်ခွာခြင်း အပြုအမူများကြောင့် ထိုင်းက တရုတ်နှင့် ပို၍နီးကပ်သော ဆက်ဆံရေးကို တစ်နေ့တခြား တည်ဆောက်လာလျက်ရှိသည်။ ထိုအခြေအနေတွင် တရုတ်ကျားဖြန့်ဂိုဏ်းခေါင်းဆောင်နှစ်ဦး အရေးကြောင့် ထိုင်းအစိုးရ၏ ရပ်တည်ချက် စမ်းသပ်ခံနေရပြီ ဖြစ်သည်။
ထိုင်းအစိုးရ၏ ယခင်မှတ်တမ်းများအရဆိုလျှင် ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ရှိ ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်း တည်ထောင်သူနှင့် ကျားဖြန့်ငွေလိမ်ဂိုဏ်းများ၏ခေါင်းဆောင် She Zhijiang ကို တရုတ်အစိုးရလက်ထဲ လွှဲပြောင်းပေးခဲ့ဖူးသည်။ ထို့ကြောင့် လက်ရှိ ဖမ်းဆီးထိန်းသိမ်းထားသော Huang Xing Shan နှင့် Jiang Wen Jie တို့နှစ်ဦးကို အမေရိကန်အစိုးရ၏ တောင်းဆိုမှုအား ဆန့်ကျင်ပြီး၊ တရုတ်အစိုးရလက်ထဲ လွှဲပြောင်းပေးမည်လားဆိုသည့် အခြေအနေမှာ စိတ်ဝင်တစား စောင့်ကြည့်လေ့လာစရာ ဖြစ်လာသည်။

ဝမ်ယိ မြန်မာစစ်အာဏာရှင်ကို တွေ့ဆုံခြင်းနှင့် ကျားဖြန့်သံခင်းတမန်ခင်း သုံးနိုင်ငံခရီးစဉ် နိဂုံး
ဝန်ကြီးဝမ်ယိသည် သုံးနိုင်ငံခရီးစဉ်၏ နောက်ဆုံးပိုင်းအဖြစ် မြန်မာနိုင်ငံ နေပြည်တော်သို့ ဧပြီလ ၂၅ ရက်နေ့ တွင် ရောက်ရှိလာပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည်။ အမေရိကန်အစိုးရက မြန်မာ အခြေစိုက် တရုတ်ကျားဖြန့်ဂိုဏ်းများကို အာရုံစိုက် ပစ်မှတ်ထားလာချိန်တွင် ရောက်ရှိလာသော ဝမ်ယိက မင်းအောင်လှိုင်ကို အွန်လိုင်းလိမ်လည်မှု “အနာဆိုး” အမြစ်ဖြတ်တိုက်ဖျက်ရေးအတွက် မြန်မာနှင့် ပူးပေါင်းဆောင်ရွက်လိုသည် ဟု ပြောဆိုခဲ့ကြောင်း ရန်ကုန် တရုတ်သံရုံး၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တရုတ်ရာဇဝတ်သားများ ဦးဆောင်သော ကျားဖြန့်ဂိုဏ်းများကို တရုတ်အစိုးရက နိုင်ငံပြင်ပအထိထွက်၍ နှိမ်နင်းခြင်းမှာ ယူနန်ပြည်နယ်နှင့် နယ်စပ်ထိစပ်နေသော မြန်မာနိုင်ငံဘက်အခြမ်း ကိုးကန့်ဒေသတွင် စတင်သည်ဟု ဆိုရပေလိမ့်မည်။ မြန်မာအခြေစိုက် ကျားဖြန့်ဂိုဏ်းများတွင် လှည့်ဖြားသွေးဆောင်ခံရသူနှင့် ဆန္ဒအလျောက် လာရောက်လုပ်ကိုင်သူ တရုတ်နိုင်ငံသား တစ်သိန်းခန့်ကို လေယာဉ်စင်းလုံးတိုက် အကြိမ်ကြိမ် ဖမ်းဆီးခေါ်ဆောင်ခဲ့ရသော သတင်းဓာတ်ပုံများ နိုင်ငံတကာမီဒီယာများတွင် ဖော်ပြခံနေရခြင်းသည် သမ္မတရှီကျင့်ဖျင့်၏ အစိုးရအတွက် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် မျက်နှာပျက်စရာ ကိစ္စရပ်လည်း ဖြစ်ခဲ့သည်။
စင်စစ် မြန်မာ-တရုတ်နယ်စပ် ကိုးကန့်ဒေသရှိ တရုတ်ကျားဖြန့်ဂိုဏ်းများကို အမြစ်ဖြတ်ချေမှုန်းခဲ့သည်မှာ မင်းအောင်လှိုင် မဟုတ်ပါ။ ကိုးကန့်တပ်(MNDAA)နှင့် မြောက်ပိုင်းညီနောင်တို့၏ ၁၀၂၇ စစ်ဆင်ရေးကြောင့် ဖြစ်သည်။ ထိုစဉ်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ကိုးကန့်သူဌေး ကျားဖြန့်တရားခံများကို အထူး ရဟတ်ယာဉ်များ၊ လေယာဉ်များအသုံးပြုပြီး နေပြည်တော်အထိ ကယ်တင်လျှို့ဝှက်ထားပေးခဲ့သူ ဖြစ်သည်။
တရုတ်အစိုးရသည် မင်းအောင်လှိုင်အပေါ် သစ္စာခံသော ကိုးကန့်ဒေသအုပ်ချုပ်ရေးခေါင်းဆောင် ပယ်ဆောက်ချိန် မိသားစုနှင့် မြီမိသားစုဝင်များကို ၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်းတွင် သေဒဏ်ချမှတ် ကွပ်မျက်ခဲ့ပြီးဖြစ်သည်။ မင်းအောင်လှိုင်က နိုင်ငံတော်အဆင့် ဆုတံဆိပ်များ ချီးမြှင့်မြှောက်စားခဲ့သော ဖူလီလိုက်ကုမ္ပဏီသူဌေး လျိုအာပေါင်နှင့် ညီဖြစ်သူ မောင်မောင် ခေါ် လျိုကျန်ချိတို့သည်လည်း အလားတူကံကြမ္မာနှင့် ကြုံတွေ့ရနိုင်သည်။
ကိုးကန့်ဒေသ ကျားဖြန့်ငွေလိမ်ဂိုဏ်းများကို ဦးဆောင်သူများအဖြစ် တရုတ်အစိုးရ ဖမ်းဆီးခဲ့သော ကိုးကန့် သူဌေးမိသားစု လေးစုလုံးသည် မင်းအောင်လှိုင် ဦးဆောင်တည်ဆောက်ထားသော နေပြည်တော်ရှိ စကျင်ဗုဒ္ဓရုပ်ပွားတော်ကြီးတည်ဆောက်ရေး ကုန်ကျငွေကြေးများကို ထိပ်ဆုံးက အမြောက်အများ ထည့်ဝင်လှူဒါန်းထားကြသူများ ဖြစ်ကြသည်။
အဆိုပါ ကိုးကန့်သူဌေးကြီးများက ကိုးကန့်ဒေသတွင် တထီးတနန်း ကြီးစိုးနိုင်ရန် မင်းအောင်လှိုင်ကို နှစ်စဉ် နှစ်တိုင်း မည်၍မည်မျှ ပေးခဲ့ရကြောင်း၊ စီမံကိန်းများတွင် ထည့်ဝင်ခဲ့ရကြောင်း တရုတ်အစိုးရ၏ စုံစမ်းစစ်ဆေးမှုများအတွင်း ထိုကိုးကန့်သူဌေးများ ထွက်ဆိုခဲ့နိုင်ပါသည်။ ယင်းသည် မင်းအောင်လှိုင်အပေါ် တရုတ်အစိုးရ၏ ချုပ်ကွက် ဖြစ်နိုင်ပါသည်။
မင်းအောင်လှိုင်မိသားစု၏ ကြွယ်ဝချမ်းသာမှုများသည် ကျားဖြန့်ငွေကြေးများနှင့် ပတ်သက်ဆက်နွယ်ခြင်း ရှိနေနိုင်သည်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်တွင် ချွေးမအမည်ဖြင့် ထိုင်း ဘတ်ငွေ ၁၀၀ သန်းနီးပါးသုံးပြီး မင်းအောင်လှိုင် ဝယ်ယူခဲ့သော တန်ဖိုးကြီး ခေတ်မီ ဇိမ်ခံအိမ်သည် မင်းအောင်လှိုင်၏ ဝန်ထမ်းလစာဖြင့် မည်သို့မျှ ဝယ်ယူနိုင်မည် မဟုတ်ပါ။ ထိုငွေပမာဏ မင်းအောင်လှိုင်မိသားစု မည်ကဲ့သို့ ရရှိခဲ့သည်ကို စစ်ဆေးနိုင်ခြင်းလည်း မရှိပါ။
အမေရိကန် အာရုံစိုက်လာသော မြန်မာမြေပေါ်မှ တရုတ်ကျားဖြန့်ဂိုဏ်းများ
ထိုအခြေအနေတွင် မြန်မာနိုင်ငံအတွင်းသို့ တရုတ်ကျားဖြန့်ဂိုဏ်းများ တံခါးမရှိ ဝင်ထွက်နေနိုင်ခြင်းမှာ ဒေသန္တရလက်နက်ကိုင်အဖွဲ့များ၏ အကူအညီနှင့် အကာအကွယ်ပေးမှုတစ်ခုတည်းကြောင့် မဟုတ်နိုင်ပါ။ မြဝတီမြို့၊ မင်းလက်ပံတွင် KNLA သိမ်းဆည်းခဲ့သော အထောက်အထားများအရ ရန်ကုန်နိုင်ငံတကာလေဆိပ်မှ တရားဝင်ဗီဇာဖြင့် ဝင်ရောက်လာကြသူများ ရှိသလို၊ မြန်မာနိုင်ငံတွင် စီးပွားရေးကုမ္ပဏီများအသွင်ယူ မှတ်ပုံတင်ထားကြသည့် အထောက်အထားများလည်း တွေ့ရှိရသည်။ အမေရိကန်အစိုးရ ရှာဖွေနေသော အွန်လိုင်းလိမ်လည် ငွေကြေးများ မြန်မာ့စီးပွားရေးထဲ မည်မျှစီးဝင်နေသည်ကို စုံးစမ်းစစ်ဆေးရန် အလွန်ခက်ခဲပါလိမ့်မည်။
ဧပြီလ ၂၃ ရက်နေ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ တောင်ပိုင်း ကရင်လက်နက်ကိုင် အဖွဲ့ DKBA ထိန်းချုပ်ထားသည့် “ကျောက်ခက်” နေရာရှိ Tai Chang ကျားဖြန့်ဂိုဏ်း တည်နေရာသုံးခုကို ကိုဩဒိနိတ်အမှတ်အသား အတိအကျ ဖော်ပြထားသည်။ မင်းအောင်လှိုင်သည် ၎င်းကိုဆန့်ကျင်သော ပြည်သူတို့ကို ဗုံးကြဲ သတ်ဖြတ်နေသော်လည်း၊ ကျောက်ခက်ဒေသက တရုတ်ကျားဖြန့်ဂိုဏ်းများကို ဝင်ရောက်စီးနင်းဖြိုခွင်းခြင်း၊ ဗုံကြဲခြင်းလုံးဝမရှိပါ။
အမေရိကန်အစိုးရ၏ ဆုကြေးငွေ ဒေါ်လာ ၁၀ သန်း ထုတ်ပြန်ချက်သည် ကျောက်ခက်တွင် အခိုင်အမာ အခြေစိုက်ထားပြီး၊ DKBA လက်နက်ကိုင်တပ်ဖွဲ့၏ အကာအကွယ်ရယူထားသော Tai Chang ကျားဖြန့်ဂိုဏ်း၏ အွန်လိုင်းငွေလိမ်မှုတွင် အသုံးပြုနေသော နည်းပညာအခြေခံအဆောက်အဦဆိုင်ရာ သတင်းများ၊ လိမ်လည်ရယူထားသော ငွေများကို ပြန်လည်ဖော်ထုတ်ပေးနိုင်သော သတင်းအချက်အလက် ပေးနိုင်သူများကို ပစ်မှတ်ထား ဆွဲဆောင်ခြင်းမျှသာ ဖြစ်သည်။
ထိုင်းရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နေသော အမေရိကန်အစိုးရ၏ SCSF အဖွဲ့ကို ဦးဆောင်နေသော FBI အရာရှိများသည် ထိုင်းနယ်စပ်အထိ သွားရောက်လေ့လာခဲ့သည်၊ မြန်မာဘက်ခြမ်း ကျောက်ခက်နေရာရှိ Tai Chang ကျားဖြန့်ဝင်းကို ရှင်းလင်းစွာ မြင်တွေ့နေရသော်လည်း၊ စစ်ရေးအင်အားသုံးပြီး ဝင်ရောက် စီးနင်းနှိမ်နင်းသည့် နည်းလမ်းကို လတ်တလော ရွေးချယ်ထားဟန် မတူပါ။
ထိုကဲ့သို့ လုပ်ဆောင်မည် ဆိုပါက နိုင်ငံတစ်ခု၏ အချုပ်အခြာပိုင်နက်နယ်မြေထဲ ဝင်ရောက်ရမည်ဖြစ်သည်။ သမ္မတ ဒေါ်နယ်ထရမ့်အစိုးရအတွက် မဖြစ်နိုင်သောနည်းလမ်း မဟုတ်သော်လည်း တရုတ်ကျားဖြန့်ဂိုဏ်းများကို အကာအကွယ်ပေးထားသော လက်နက်ကိုင်အဖွဲ့များသည် မြန်မာစစ်အာဏာရှင်တို့၏ မဟာမိတ်များဖြစ်နေခြင်းကြောင့် ထိုင်းနှင့် မြန်မာစစ်တပ်အကြား စစ်ရေးပဋိပက္ခအထိ ဖြစ်ပွားနိုင်ခြင်းကို အမေရိကန်အစိုးရ သတိထားနေရခြင်းလည်း ဖြစ်နိုင်ပါသည်။
၎င်းအစား Tai Chang ကျားဖြန့်ဂိုဏ်းက လိမ်လည်ထားသော ခရစ်တိုငွေကြေးများကို အမေရိကန် နည်းပညာကုမ္ပဏီကြီးများ၏ အကူအညီဖြင့် နည်းပညာသုံး၍ ပြန်လည်ခြေရာခံ ဖော်ထုတ်ရယူခြင်း၊ ကျားဖြန့်ဂိုဏ်းတို့ ကိုင်တွယ်ထိန်းချုပ်ထားသော အင်တာနက်စာမျက်နှာများကို အသုံးမပြုနိုင်စေရန် နည်းပညာဖြင့် ပိတ်ဆို့သိမ်းဆည်းခြင်း စသည့် တန်ပြန်နှိမ်နင်းရေးနည်းလမ်းကို အထိရောက်ဆုံးနည်းလမ်းတစ်ခုအဖြစ် ရွေးချယ်အသုံးပြုနေကြောင်း လေ့လာတွေ့ ရှိရသည်။
ဝါရှင်တန်ဒီစီနယ်မြေရှိ ကိုလမ်ဘီယာခရိုင် ရှေ့နေချုပ်ရုံး၏ တရားဝင် အင်တာနက်စာမျက်နှာတွင် Scam Center Strike Force ဖွဲ့စည်းပြီး လပိုင်းအတွင်း ဆောင်ရွက်နိုင်မှုများကို ဖော်ပြထားရာ လက်ရှိအချိန်ထိ တရုတ်ကျားဖြန့်ဂိုဏ်းများ လိမ်လည်ရယူထားသော ဒေါ်လာ သန်းပေါင်း ၇၀၀ ကျော် တန်ဖိုးရှိ ခရစ်တိုငွေကြေးများကို အမေရိကန်အစိုးရက ပြန်လည်ထိန်းချုပ်ရယူနိုင်ခဲ့သည်ဟု ဖော်ပြထားသည်။ အဆိုပါငွေသည် Tai Chang တရုတ်ကျားဖြန့်ဂိုဏ်းနှင့် ဆက်စပ်နေသည်ဟု ကိုလမ်ဘီယာခရိုင်တရားရုံးက ထုတ်ပြန်ထားသော သိမ်းဆည်းမှုအမိန့်တွင် ဖော်ပြထားသည်။ ထို့အပြင် တရုတ်ကျားဖြန့်ဂိုဏ်းများ အသုံးပြုနေသော အင်တာနက်စာမျက်နှာ ၅၀၃ ခုနှင့် တယ်လီဂရမ်ချယ်နယ်တစ်ခုကို ပိတ်သိမ်းခဲ့သည်ဟု ဖော်ပြထားသည်။

တရုတ်ကျားဖြန့်ဂိုဏ်းများနောက်ကွယ်က သံသယဖြစ်ဖွယ် နည်းပညာအရင်းအမြစ်များ
လတ်တလော တရုတ်ကျားဖြန့်ဂိုဏ်းများ ကျယ်ကျယ်ပြန့်ပြန် အခြေစိုက်လှုပ်ရှားနေသည်မှာ ကမ္ဘောဒီးယား နှင့် မြန်မာနိုင်ငံ နယ်စပ်ဒေသများဖြစ်ပြီး၊ လာအိုနိုင်ငံတွင်လည်း အခြေစိုက်လှုပ်ရှားလျက်ရှိသည်။ ကျားဖြန့် ဂိုဏ်းများသည် အွန်လိုင်းငွေလိမ်မှုကို အင်တာနက်ဆက်သွယ်ရေး မရှိဘဲ မလုပ်ဆောင်နိုင်ပါ။ ယခင်က ထိုင်း-မြန်မာနယ်စပ်အခြေစိုက် တရုတ်ကျားဖြန့်ဂိုဏ်းများသည် ထိုင်းနိုင်ငံမှ အင်တာနက်ကို အဓိကထားအသုံးပြုခဲ့ကြသည်။
သို့သော်လည်း မကြာသေးမီက ထိုင်းအစိုးရ၏ ကျားဖြန့်တိုက်ဖျက်ရေး အစီအစဉ်တွင် မြန်မာဘက်ခြမ်းက အင်တာနက်အသုံးပြုနိုင်စေမည့် ဝန်ဆောင်မှုများကို အရေးယူခြင်းလည်း ပါဝင်လာသည်။ ထို့ကြောင့် ကျားဖြန့်ဂိုဏ်းတို့က အမေရိကန် စွန့်ဦးတီထွင် ဘီလီယံနာ သူဌေးကြီး အီလွန်မက်ခ် ပိုင်ဆိုင်သော စတားလင့်အင်တာနက် ဆက်သွယ်ရေးစက်များကို နယ်စပ်ဖြတ်ကျော် ခိုးသွင်းပြီး အသုံးပြုလျက်ရှိသည်။
အမေရိကန်နည်းပညာဖြင့် အမေရိကန်ပြည်သူများကို ပစ်မှတ်ထား အွန်လိုင်းငွေလိမ်မှုများ ကျူးလွန်နေသော တရုတ်ကျားဖြန့်ဂိုဏ်းတို့ကို ယခုအခါ အမေရိကန်ထောက်လှမ်းရေး အေဂျင်စီများ စုပေါင်းဖွဲ့စည်းထားသော SCSF အဖွဲ့က ထိုဂိုဏ်းများနှင့် အနီးဆုံးနေရာ ထိုင်းနိုင်ငံအထိ လာရောက်နှိမ်နင်းနေရပြီ ဖြစ်သည်။
မြန်မာနှင့် ကမ္ဘောဒီးယားမှ ကျားဖြန့်ဂိုဏ်းများသည် သီးခြားစီ ဖြစ်ထွန်းနေကြခြင်းမဟုတ်ဘဲ အပြန်အလှန် ဆက်စပ်နေသည့်အချက်ကို ထိုင်းတွင် အဖမ်းခံထားရသည့် Huang Xing Shan နှင့် Jiang Wen Jie တို့ နှစ်ဦး၏ ဖြစ်စဉ်များက ဖော်ညွှန်းနေသည်။ ထိုအချက်ကို အမေရိကန်က ကောင်းစွာတွေ့ရှိထားပြီဖြစ်သည်။
၂၀၂၅ ခုနှစ် နိုဝင်ဘာလကုန်ပိုင်းတွင် မြဝတီမြို့တောင်ပိုင်း မင်းလက်ပံဒေသကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် ပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်စီးနင်းသိမ်းပိုက်စဉ် Shunda Park ကျားဖြန့်ဝင်းကို ဦးဆောင်နေသော အဆိုပါ တရုတ်ကျားဖြန့်ဂိုဏ်းခေါင်းဆောင် နှစ်ဦးသည် ကမ္ဘောဒီးယား နိုင်ငံသို့ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး၊ ကမ္ဘောဒီးယားတွင် ကျားဖြန့်ဝင်းအသစ်တစ်ခုကို တည်ဆောက်ခဲ့ သည်။ ထိုမှတဖန် ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာစဉ် ၎င်းတို့နှစ်ဦးသည် တရားမဝင် ဝင်ရောက်မှုဖြင့် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။
ဤနေရာတွင် အလေးအနက် စဉ်းစားစရာကောင်းသည့်အချက်မှာ တရုတ်ကျားဖြန့်ဂိုဏ်းများတွင် အွန်လိုင်း ငွေလိမ်လုပ်ငန်းသည် နည်းပညာအဆင့်မြင့်မားသော အွန်လိုင်းစာမျက်နှာအတုများ အမြောက်အများဖန်တီး နိုင်စွမ်းရှိကြပြီး၊ နည်းပညာအခြေပြု အဆင့်မြင့်လိမ်လည်မှုများ စဉ်ဆက်မပြတ်လုပ်ဆောင်နိုင်ရန် နည်းပညာရှင်များ ရှိနေကြသည်ဆိုသည့်အချက် ဖြစ်သည်။ ၎င်းတို့သည် အလျှို့ဝှက်ဆုံး လူသားများ သို့မဟုတ် အဖွဲ့အစည်းများ ဖြစ်နေကြသည်။
ကျားဖြန့်ဂိုဏ်းအခြေစိုက်နေရာတစ်ခုကို ဝင်ရောက်စီးနင်းဖြိုခွင်းပြီး၊ ရာဂဏန်း၊ ထောင်ဂဏန်းရှိသော ကွန်ပျူတာများနှင့် မိုဘိုင်းဖုန်းများ အမြောက်အများ သိမ်းဆည်းနိုင်ခဲ့သော်လည်း၊ ထိုကျားဖြန့်ဂိုဏ်းများ အသုံးပြုနေသော အဆင့်မြင့် နည်းပညာအရင်းအမြစ် အခြေခံအဆောက်အဦများကို ဖျက်ဆီးနိုင်ခြင်းမရှိကြောင်း တွေ့နေရသည်။
ဖြစ်တန်ရာခြေရှိသောအကြောင်းတရားမှာ ကျားဖြန့်ဂိုဏ်းများသည် ၎င်းတို့၏ နည်းပညာအရင်းအမြစ်များကို လုံခြုံသော နေရာတစ်ခုတွင် တည်ဆောက်ထားကြပြီး၊ အွန်လိုင်းငွေလိမ်လုပ်ငန်းနေရာများကို အခြားနေရာများတွင် ဖြန့်ခွဲထားသည်။ ထို့ကြောင့် ထိုနေရာများ စီးနင်းဖြိုခွင်းခံရသော်လည်း၊ နေရာသစ်များတွင် အလျင်အမြန် ပြန်လည်ထူထောင်လည်ပတ်နိုင်ခြင်း ဖြစ်နိုင်သည်။ သို့ဖြစ်ရာ ၎င်းတို့၏ နည်းပညာ အခြေခံအဆောက်အဦများကို အကာအကွယ်ပေးထားကြသူများမှာ အင်အားကြီးမားသော အဖွဲ့အစည်းများ ဖြစ်နိုင်ပါသည်။
အမေရိကန်ကဲ့သို့ ကမ္ဘာကျော် နည်းပညာကုမ္ပဏီကြီးများရှိသော အင်အားကြီးနိုင်ငံတစ်ခုကို အန်တုနိုင်သော၊ အမေရိကန်၏ ချမ်းသာကြွယ်ဝမှုများကို ပစ်မှတ်ထားခိုးယူနေသော တရုတ်ကျားဖြန့်ဂိုဏ်းများ၏ နောက်ကွယ်တွင် မည်သည့် အရင်းအမြစ်များနှင့် အဖွဲ့အစည်းများ ရှိနေသနည်း။ အစိုးရများကိုယ်တိုင် ပါဝင်ပတ်သက်နေနိုင်သလား။ ယင်းအချက်က အမေရိကန် ထောက်လှမ်းရေးအေဂျင်စီများ သံသယကြီးစွာ ရှာဖွေဖော်ထုတ်နေသော အချက်လည်း ဖြစ်နိုင်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။
ဆက်စပ်ဖတ်ရှုရန် ဆောင်းပါးများ –
ကျားဖြန့် သို့မဟုတ် နည်းပညာမြင့် စွမ်းအားရှင် အွန်လိုင်းသူခိုးကြီးများ
မြန်မာ-ထိုင်းနယ်စပ် ကျားဖြန့်လုပ်ငန်း အမေရိကန် နှိမ်နင်းမည်ကို စစ်တပ်စိုးရိမ်နေ
တရုတ်ကျားဖြန့်နှင့် တရုတ်အစိုးရ၏ ဒေသတွင်း ပထဝီနိုင်ငံရေးကစားကွက် အဆက်အစပ်



