၂၀၂၆ ခုနှစ်အတွင်း ရာထူးခန့်အပ်မှုများနှင့် အစိုးရဖွဲ့စည်းပုံကို ခွဲခြမ်းစိတ်ဖြာကြည့်ပါက မင်းအောင်လှိုင်သည် ၂၀၁၀ ကာလကကဲ့သို့ ပါတီတွင်း အားပြိုင်မှု သို့မဟုတ် အာဏာခွဲဝေမှုမျိုးကို လုံးဝခွင့်မပြုတော့ဘဲ ဗိုလ်နေဝင်းကဲ့သို့ “ပုဂ္ဂိုလ်ရေးအာဏာရှင်စနစ်” (Personalist Dictatorship) ကို အပြီးသတ် တည်ဆောက်လိုက်ခြင်း ဖြစ်သည်ကို တွေ့ရသည်။
ပထမအချက်အနေဖြင့် စစ်တပ်၏ ထိပ်သီးရာထူးများတွင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကို ကျော်လွန်၍ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ကဲ့သို့သော ထောက်လှမ်းရေးနောက်ခံရှိသည့် မိမိ၏ လူယုံတော်များကို အထိုင်ချလိုက်ခြင်းသည် အသွင်ပြောင်းအစိုးရကာလအတွင်း ၎င်းကို စစ်တပ်အတွင်းမှ အာဏာသိမ်းမှု သို့မဟုတ် စိန်ခေါ်မှုများ မပေါ်ပေါက်စေရန် ထိန်းချုပ်လိုက်ခြင်း ဖြစ်သည်။
ဒုတိယအချက်အနေဖြင့် ပြည်ထောင်စုအဆင့် ရာထူးကြီးများနှင့် ဝန်ကြီးဌာနများတွင် ကြံ့ခိုင်ရေးပါတီကို အိမ်ဖြည့် သဘောသာသာ ထည့်သွင်းထားခြင်းမှာ ပါတီ၏ နိုင်ငံရေးအဆင့်အတန်းကို အဆုံးစွန်ထိ နှိမ့်ချလိုက်ခြင်း ဖြစ်သည်။ ဝန်ကြီးဌာန ၃၀ တွင် ရှစ်ဦးခန့်သာ ပါတီဘက်မှ ပါဝင်ပြီး အရေးပါသော ဝန်ကြီးဌာနများကို မင်းအောင်လှိုင် တိုက်ရိုက်ခန့်အပ်သူများကသာ ချုပ်ကိုင်ထားခြင်းသည် ကြံ့ခိုင်ရေး အနေဖြင့် “အနိုင်ရပါတီ” ဆိုသည့် ဂုဏ်ပုဒ်ရှိသော်လည်း လက်တွေ့တွင် အုပ်ချုပ်ရေးအာဏာ လုံးဝမရှိကြောင်း ပေါ်လွင်နေသည်။
နောက်ဆုံးအချက်အနေဖြင့် တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်ရာထူးများတွင် စစ်အရာရှိဟောင်းများကိုသာ အဓိကထား ခန့်အပ်ခြင်းသည် စစ်ခေါင်းဆောင်အနေဖြင့် ရွေးကောက်ပွဲဖြင့် ထွက်လာသော အရပ်သားပုံစံထက် ၎င်းကို တိုက်ရိုက်သစ္စာခံသည့် စစ်ဘက်အုပ်ချုပ်ရေးပုံစံကိုသာ ယုံကြည်ကြောင်း ပြသနေသည်။
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။



