တော်လှန်ရေးတပ်များ တစ်နှစ်ကျော်ကြာ ထိန်းချုပ်ထားခဲ့သည့် စစ်ကိုင်းတိုင်း အထက်ပိုင်းရှိအင်းတော်မြို့ကို စစ်တပ်က ယမန်နေ့ညနေ(ဧပြီလ ၃၀ ရက်)တွင် ပြန်လည်ထိန်းချုပ်သွားသည်။
အင်းတော်မြို့အရှေ့ဘက် ၁၆ မိုင်အကွာရှိ ကသာမြို့ကို ဧပြီလဆန်းပိုင်း၌စစ်ကူစစ်ကြောင်းများ ရောက်ရှိလာပြီးနောက် ဧပြီလ ၂၁ ရက်မှ စတင်၍ အင်းတော်မြို့သို့ဦးတည်သည့် အင်အားရာချီစစ်တပ်က စစ်ကြောင်းထိုးတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို တော်လှန်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့သော်လည်းကိုးရက်အကြာ ဧပြီလ ၃၀ ရက် ညနေပိုင်းတွင် စစ်တပ်စစ်ကြောင်းများ အင်းတော်မြို့တွင်းသို့ဝင်ရောက်ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများကဆိုသည်။
“မြို့တွင်းကတော့ သူတို့ပဲ ဓာတ်ပုံတွေရိုက်နေကြတာပေါ့နော်၊ တချို့နေရာတွေကတော့သူတို့ဓာတ်ပုံရိုက်တဲ့ထဲ မပါပေမယ့် တစ်မြို့လုံးကတော့ ရသွားပါပြီ။ ညမိုးမချုပ်ခင်မှာ ရသွားတယ်” ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ် တစ်ဦးက ပြောသည်။
ထို့အပြင် စစ်တပ်စစ်ကြောင်းအချို့သည် အင်းတော်မြို့ပေါ်တင်သာမကဘဲ အင်းတော်မြို့ အနောက်ဘက်ရှိ ကျေးရွာအချို့တွင်ပါ တပ်စွဲထားသည်ဟု အဆိုပါ မြေပြင်သတင်းရင်းမြစ်က ပြောသည်။
ကိုးရက်ကြာ တိုက်ပွဲအတွင်း တော်လှန်ရေးတပ်များမှ နည်းမျိုးစုံဖြင့် ကြားဖြတ်တိုက်ခိုက်သော်လည်း ခဲယမ်းမလုံလောက်ခြင်းကြောင့် စစ်တပ်ကို မတားဆီးနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

အင်းတော်ဒေသတွင် စစ်အရာရှိတစ်ဦးအဖြစ် ကာလတစ်ခုအကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် CDM လှုပ်ရှားမှုတွင် ပါဝင်လာသည့် ဗိုလ်ကြီးဇင်ယော်က အင်းတော်မြို့ ကျဆုံးခြင်းမှာ တော်လှန်ရေးတပ်များ၏ အားနည်းခြင်းကြောင့်မဟုတ်ဘဲ ခဲယမ်းပြတ်လပ်ခြင်းကြောင့်ဖြစ်သည်ဟု ဆိုသည်။
“အင်းတော်မြို့ကျတာတော့ သိရသလောက်ကတော့ ဖလမ်းမှာလိုပဲ ခဲယမ်းမလောက်တဲ့အနေအထားမျိုးပဲမြင်တယ်”ဟု ဗိုလ်ကြီးဇင်ယော်က ပြောသည်။
စစ်တပ်ထိန်းချုပ်ထားသည့် မြန်မာ့အလင်းသတင်းစာတွင်မူ အင်းတော်မြို့တိုက်ပွဲအတွင်း ရန်သူ့အလောင်း ၃၃ လောင်း၊ လက်နက်မျိုးစုံ ၁၈ လက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့သည်ဟု ဖော်ပြသည်။
စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီး အတင်းအဓမ္မစစ်သားစုဆောင်း၍ အင်အားပြန်ကောင်းလာသည့် စစ်တပ်သည် မန္တလေးတိုင်းအတွင်းရှိ စဉ့်ကူး၊ သပိတ်ကျင်း၊ တကောင်းစသည့် မြို့များကို ယခု နှစ်ဆန်းပိုင်းတွင် ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။
ထို့အပြင် တော်လှန်ရေးတပ်များ၏ ပိတ်ဆို့ခြင်းကိုခံထားရသည့် စစ်ကိုင်းတိုင်းအထက်ပိုင်း ထီးချိုင့်နှင့် ကသာမြို့များသို့လည်း စစ်အင်းအားပြန်လည် ဖြည့်တင်းနိုင်ခဲ့သည်။ အဆိုပါ အင်အားများဖြင့် စစ်ကိုင်းတိုင်းအတွင်းရှိ ၎င်းတို့ လက်လွှတ်ထားရသည့် မြို့များကို ပြန်လည်တိုက်ခိုက် သိမ်းယူရန် ကြိုးစားနေခြင်းဖြစ်သည်။
ပြီးခဲ့သည့်နှစ် စက်တင်ဘာလတွင် တော်လှန်ရေးတပ်များ လေးလကျော်သိမ်းပိုက်နိုင်ခဲ့သည့်ဗန်းမောက်မြို့ကိုလည်း ဖေဖော်ဝါရီလ ၈ ရက်တွင် စစ်တပ်နှင့် ရှမ်းနီအမျိုးသားများတပ်(SNA)တို့က ပြန်လည် သိမ်းပိုက်ခဲ့သည်။



