အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တော်လှန်ရေးတပ်ရှိနေသည့် အင်းတော်မြို့ကို စစ်တပ် အကြီးအကျယ် ထိုးစစ်ဆင်နေ

အင်အားရာချီပါသည့် စစ်ကြောင်း အင်းတော်မြို့အနီးသို့ ဝင်ရောက်လာပြီး မြို့အဝင်နားရှိ ကြာအင်းကျေးရွာနှင့် မြို့အနီးနေရာအချို့တွင် တိုက်ပွဲများ ပြင်းထန်နေသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နှင့် မဟာမိတ်တပ်များ တစ်နှစ်ကျော်ကြာ သိမ်းပိုက်ထားသည့် စစ်ကိုင်းတိုင်း အထက်ပိုင်းရှိ အင်းတော်မြို့ကိုသိမ်းရန် ထိုးစစ်ဆင်လာသည့် စစ်တပ်သည် မြို့အနီးသို့ ချဉ်းကပ်လာပြီးနောက် ယနေ့ (ဧပြီ ၃၀)တွင် တိုက်ပွဲများပြင်းထန်နေကြောင်း ဒေသခံများထံက သိရသည်။

ဧပြီလ ၂၁ ရက်နေ့က ကသာမြို့မှ ထွက်ခွာလာသည့် အင်အားရာချီပါသည့်  စစ်ကြောင်းသည် 

ယနေ့ မွန်းလွဲ ၁ နာရီခန့်တွင် အင်းတော်မြို့အနီးသို့ ဝင်ရောက်လာရာ မြို့အဝင်ကြာအင်းကျေးရွာနှင့် မြို့အနီးနေရာအချို့တွင်  တိုက်ပွဲဖြစ်နေသည်ဟု သိရသည်။

ယနေ့နံနက် ၁၁ နာရီခန့်ကတည်းက အင်းတော်မြို့အရှေ့ဘက် နှစ်မိုင်ခန့်အကွာရှိ ကျန်တောရွာအနီးသို့ စစ်ကြောင်းများရောက်လာသလို ကျန်တော၊ ကမ်းနီကျေးရွာများနှင့် အနီးဝန်းကျင်ကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု  အင်းတော်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

“အင်းတော်နဲ့ နဘားက ဘာမှမဝေးဘူး ဆိုတော့ (တော်လှန်ရေးတပ်တွေ) ခံတိုက်ဖို့က မလွယ်ဘူးလေ။ နောက်ပြီးတော့ လေယာဉ်တွေနဲ့ ဗုံးတွေကြဲနေတော့ မလွယ်ဘူးလေ။ မြို့နားမှာတော့ တိုက်ပွဲဖြစ်နေတယ်” ဟု အဆိုပါ မြို့ခံ​အမျိုးသားက ပြောသည်။

အင်းတော်မြို့ပေါ်ရပ်ကွက်များအနီးရှိ   ဂျပန်လှိုဏ်ဂူကုန်းခေါ် တပ်မ ၇၇ ကုန်းကို စစ်တပ်က ပြန်လည်သိမ်းပိုက်လိုက်ကြောင်း သတင်းများထွက်ပေါ်နေသည်။

အင်းတော်မြို့ကို တော်လှန်ရေးတပ်များတိုက်ခိုက်သည့် ၂၀၂၄ ခုနှစ် ဩဂုတ်လမှ စတင်၍ နေရပ်စွန့်သွားသော မြို့ခံများ  ပြန်လည် ဝင်ရောက်လာကြခြင်း မရှိပေ၊ တော်လှန်ရေးတပ်များသာ မြို့ပေါ်နေရာအချို့၌ နေရာယူ တပ်စွဲထားခဲ့သည်။

အင်းတော်မြို့အရှေ့ဘက်ရှိ ကျေးရွာများဖြစ်သည့်  နဘား၊ ကမ်းနီး၊ နားရခေါင်၊ ကြံတော၊ ကူးဆိပ်၊ နန်းနောင်၊ ကျော်ရွာ စသည့် ရွာ ခုနစ်ရွာအပြင် မြို့အနီးအနားရှိ ရွာများမှ   ဒေသခံတို့မှာ စစ်ကြောင်းလွတ်မည့် နီးစပ်ရာ ကျေးရွာများသို့ တိမ်းရှောင်နေကြရသည်။

ယနေ့ နံနက်တွင် မြို့အရှေ့ဘက် ကျေးရွာများအပြင်  မြို့မြောက်ဘက် အင်းတော်နှင့် မော်လူမြို့ကြားရှိ ပင်ဝယ်၊ ဖားပန့်ရွာတို့ကို စစ်တပ်က Y 12 အမျိုးအစား လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒေသခံများ ထွက်ပြေးတိမ်းရှောင်ကြရသည်ဟု အထက်ပါ ဒေသခံအမျိုးသားက ပြောသည်။

“ဖားပန့်မှာက ဆီခြံရှိတယ်။ ဆီကားတွေ ရောင်းတဲ့သူရော ဝယ်တဲ့သူရော၊ အဲဒီနားက လူအကုန်ပြေးရတယ်။ ဗုံးကလည်း မနည်းဘူး၊ လေးငါးခြောက်လုံးလောက်ကျတယ်။ အထိအခိုက်တော့မသိရသေးဘူး” ဟု သူက ဆက်ပြောသည်။

စစ်သားသစ်များ အလုံးအရင်း ဖြည့်တင်းနိုင်သဖြင့် စစ်သည်အရည်အတွက် ပြန်များလာသည့် စစ်တပ်သည် မန္တလေးတိုင်းအတွင်းရှိ ၎င်းတို့ လက်လွှတ်ထားရသည့် စဉ့်ကူး၊ သပိတ်ကျင်း၊ တကောင်းစသည့် မြို့များကို ယခု နှစ်ဆန်းပိုင်းတွင် ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပြီးနောက် တော်လှန်ရေးတပ်များ၏ ပိတ်ဆို့ခြင်းကိုခံထားရသည့် ထီးချိုင့်နှင့် ကသာမြို့များကို အင်အားပြန်လည် ဖြည့်တင်းနိုင်ခဲ့သည်။

စစ်ကိုင်းတိုင်းအတွင်းရှိ ၎င်းတို့ လက်လွှတ်ထားရသည့် မြို့များကို ပြန်လည်တိုက်ခိုက် သိမ်းယူရန် ကြိုးစားနေသည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလတွင် တော်လှန်ရေးတပ်များ ရရှိသွားသည့် ဗန်းမောက်မြို့ကိုလည်း   ဖေဖော်ဝါရီလ ၈ ရက်တွင် စစ်တပ်နှင့် ရှမ်းနီအမျိုးသားများတပ်(SNA)တို့က ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည်။

စစ်ကိုင်းတိုင်းအတွင်း တော်လှန်ရေးတပ်များက  ခမ်းပတ်၊ ရွှေပြည်အေး၊ မော်လူး၊​ ပင်လည်ဘူးမြို့တို့ကို ဆက်လက် သိမ်းပိုက်ထားဆဲဖြစ်သည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button