အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ထရမ့် လူယုံ ရော်ဂျာစတုန်းကို လော်ဘီလုပ်ပေးရန် တစ်လ ဒေါ်လာ ၅ သောင်းဖြင့် စစ်အုပ်စု ငှား

စတုန်းသည် မြန်မာစစ်အုပ်စုနှင့် အမေရိကန်အစိုးရတို့ ဆက်ဆံရေး ပြန်လည်တည်ဆောက်ရန် လုပ်ဆောင်သွားမည်ဖြစ်ပြီး ကုန်သွယ်ရေး၊ သဘာဝသယံဇာတနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကူညီကယ်ဆယ်ရေးကိစ္စများကိုအဓိကထား လုပ်ဆောင်သွားမည်ဟု ဆိုသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ လူသိများသော လူယုံတစ်ဦးဖြစ်သူ ရော်ဂျာစတုန်းသည်  မြန်မာနှင့် အမေရိကန်တို့၏ဆက်ဆံရေး ပြန်လည်ကောင်းမွန်လာစေရန် စစ်အုပ်စု၏ လော်ဘီအဖြစ် ဆောင်ရွက်သွားမည်ဟု သိရသည်။

ရော်ဂျာစတုန်းသည် အမေရိကန်နိုင်ငံ၏ Foreign Agents Registration Act (FARA) ဥပဒေအရ နိုင်ငံခြားအကျိုးစီးပွားကို ကိုယ်စားပြု လုပ်ဆောင်နေသူအဖြစ် တရားဝင် မှတ်ပုံတင်ထားသူ ဖြစ်သည်။

သူသည် နိုင်ငံရေးလောကတွင် အတွေ့အကြုံများပြီး ထရမ့်နှင့် ဆယ်စုနှစ်များစွာကြာ ရင်းနှီးသည့် ဆက်ဆံရေးရှိသူဖြစ်သည်။ စတုန်းသည် မြန်မာစစ်အုပ်စု ပြန်ကြားရေးဝန်ကြီးဌာနအတွက် လော်ဘီလုပ်ပေးရန် တစ်လလျှင် အမေရိကန်ဒေါ်လာ ၅၀,၀၀၀ ဖြင့် ငှားရမ်းခြင်းခံရကြောင်း ဧပြီလ ၂၉ ရက်နေ့တွင် တင်သွင်းခဲ့သည့် FARA မှတ်တမ်း၌ ဖော်ပြထားသည်။

အဆိုပါ ဥပဒေသည် နိုင်ငံခြားအစိုးရ သို့မဟုတ် နိုင်ငံခြားအဖွဲ့အစည်းများအတွက် အကျိုးဆောင် လော်ဘီလုပ်ပေးမည်သူများအနေဖြင့် မဖြစ်မနေ မှတ်ပုံတင်ရသည့် ဥပဒေတရပ်ဖြစ်သည်။  

စတုန်းသည် မြန်မာစစ်အုပ်စုနှင့် အမေရိကန်အစိုးရတို့ ဆက်ဆံရေး ပြန်လည်တည်ဆောက်ရန် လုပ်ဆောင်သွားမည်ဖြစ်ပြီး ကုန်သွယ်ရေး၊ သဘာဝသယံဇာတနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကူညီကယ်ဆယ်ရေးကိစ္စများကို အဓိကထား ဆောင်ရွက်သွားမည်ဟုလည်း မှတ်တမ်းတွင် ပါရှိသည်။  

ရီပတ်ဘလီကန်ပါတီနှင့် ဆက်နွှယ်မှုရှိသော အမေရိကန်အခြေစိုက် DCI လော်ဘီအဖွဲ့ကို စစ်အုပ်စုက ငှားရမ်းထားရာယင်းအစီအစဉ်၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် စတုန်းကို ယခုကဲ့သို့ ငှားရမ်းလိုက်ခြင်း ဖြစ်သည်။

စတုန်းသည် ထရမ့်၏  ၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း အလွတ်သဘော အကြံပေးအဖြစ် ဆောင်ရွက်ခဲ့ပြီး ထရမ့် သမ္မတသက်တမ်းတစ်လျှောက်လုံးတွင်လည်း အမာခံထောက်ခံသူတစ်ဦးဖြစ်ခဲ့သည်။

ရုရှားက အမေရိကန် ရွေးကောက်ပွဲအတွင်း ဝင်ရောက်စွက်ဖက်မှုကို စုံစမ်းစစ်ဆေးရာတွင် စတုန်းသည်  ကွန်ဂရက်လွှတ်တော်သို့ လိမ်လည်ပြောဆိုမှု၊ သက်သေများကို နှောင့်ယှက်မှု အပါအဝင် ပြစ်မှုများဖြင့် ၂၀၁၉ ခုနှစ်တွင်  ပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီး   ၂၀၂၀ ပြည့်နှစ်တွင် ထရမ့်က သူ့ကို ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်အုပ်စုက အာဏာသိမ်းယူခဲ့ပြီးနောက် အရပ်သားအစိုးရအဖြစ် ဟန်ပြပုံဖော်၍ နိုင်ငံတကာတွင် ပုံရိပ်ကောင်းရရန် ကြိုးပမ်းနေချိန်တွင် စတုန်း၏အခန်းကဏ္ဍ ယခုကဲ့သို့ ပေါ်ထွက်လာခြင်းဖြစ်သည်။  

အာဏာသိမ်းပြီးချိန်မှစ၍ မြန်မာစစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ဒီမိုကရေစီ အခြေခံအဖွဲ့အစည်းများကို   ဖျက်ဆီးမှုများကြောင့် အမေရိကန်အစိုးရသည် စစ်ခေါင်းဆောင်များအပေါ် ကန့်သတ်ပိတ်ဆို့မှု အမျိုးမျိုးကို ချမှတ်ထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button