အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ချောင်းဦး ဆန္ဒပြပွဲခေါင်းဆောင် ကိုမာန်ဇာမြေမွန်  ထောင်ဆေးရုံတင်ထားရ

စစ်တပ် အာဏာသိမ်းပြီးမကြာမီ အကြမ်းဖက်မှု၊ ဆူပူအောင်လှုံ့ဆော်မှုတို့ဖြင့် နှစ်ရှည်ထောင်ဒဏ် ကျခံနေရသော လူငယ်တစ်ဦး ကျန်းမာရေးအခြေအနေ ဆိုးဝါးနေသဖြင့် ကုသမှု ခံယူနေရသည်။

စစ်တပ် အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်တွင် ပစ်ခတ် ဖမ်းဆီးခံရပြီး နှစ်ရှည်ထောင်ဒဏ် ကျခံနေရသော စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှ ဆန္ဒပြပွဲခေါင်းဆောင် ကိုမာန်ဇာမြေမွန် ကျန်းမာရေးမကောင်းသဖြင့် မကွေးထောင်ဆေးရုံ၌ ကုသမှုခံယူနေရကြောင်း မိသားစုနှင့် နီးစပ်သူများ ထံက သိရသည်။

အဆုတ်ရောင်ရမ်းရောဂါဖြင့်  ဧပြီလ ၁၂ ရက်နေ့ကတည်းက ဆေးကုသမှုခံယူနေရပြီး တီဘီရောဂါဟုလည်း ယူဆရသည်။ မကွေးဆေးရုံ၌ သွားရောက်ပြသခွင့် ရခဲ့သော်လည်း သက်သာခြင်း မရှိသဖြင့်  ၎င်း၏ ကျန်းမာရေးအခြေအနေကို မိသားစုဝင်များက စိုးရိမ်နေကြရသည်ဟု ဆိုကြသည်။

ကိုမာန်ဇာမြေမွန်သည် ၂၀၂၁ ခုနှစ် ဧပြီလအတွင်း ဖမ်းဝရမ်းထုတ်ခံရပြီးနောက် ယင်းနှစ် ဇွန်လ ၈ ရက်နေ့တွင် ပစ်ခတ်ဖမ်းဆီးခံရသည်။

ထို့နောက်  ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅(က)  အမှု ငါးမှုအတွက်  ထောင်ဒဏ် ၁၀ နှစ်၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ  ၅၀ (က) ၊ ၅၁ (ဂ) ၊ ၅၂ (က) အမှုအတွက်   ၁၁ နှစ်၊ ဖောက်ခွဲရေးပစ္စည်းများလက်ဝယ်တွေ့ရှိမှု (ပုဒ်မ ၅)  အမှုအတွက်   ငါးနှစ် စုစုပေါင်း  ၂၆ နှစ်ချခံထားရသည်။

နောက်ပိုင်း ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် ပုဒ်မ ၅၀၅ အမှုများကို လွတ်ငြိမ်းပေးရာ၌  ထောင်ဒဏ် ၁၀ နှစ်လျှော့ပေးသဖြင့် ထောင်ဒဏ် ၁၆ နှစ် ဖြစ်သွားကြောင်း မိသားစုဝင်များနှင့်နီးစပ်သူ တစ်ဦးက ပြောသည်။

“ ၅၀၅ တွေ လျှော့တော့ ၁၀ နှစ်လျော့သွားတယ်ဗျ။ ၅၂(က) အတွက် လျှော့တုန်းကတော့လျှော့ရက်မရဘူး။  ဘာလို့ဆို တပေါင်းတည်းချထားတဲ့ထဲမှာ အနိမ့်ဆုံးပြစ်ဒဏ်ဖြစ်နေလို့တဲ့” ဟု ထိုအမျိုးသားက ဆိုသည်။

လက်ရှိတွင် အသက် ၃၃ နှစ်အရွယ်ဖြစ်သော ကိုမာန်ဇာမြေမွန်သည် ထောင်ဒဏ် ကျခံနေရသည်မှာ လာမည့် ဇွန်လ၌ ငါးနှစ်ပြည့်တော့မည်ဖြစ်ကြောင်း၊ မိသားစုဝင်များက တစ်လတစ်ခါ ထောင်ဝင်စာ ပုံမှန် သွားတွေ့ခွင့်ရကြောင်း ၎င်းက ဆက်ပြောသည်။

ပြီးခဲ့သည့် နှစ်ဆန်းတစ်ရက်နေ့ စစ်တပ် လွတ်ငြိမ်းတွင် ထောင်ဒဏ် ခြောက်ပုံတစ်ပုံ၊ ကဆုန်လပြည့်နေ့ လွတ်ငြိမ်းတွင် ခြောက်ပုံတစ်ပုံ လျော့သည်ဆိုသော်လည်း သေချာမသိရသေးကြောင်း ထိုအမျိုးသားထံက သိရသည်။

၅၀၅ နှင့် အကြမ်းဖက်ဆိုင်ရာပုဒ်မများသည် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြသူများ၊ သတင်းသမားအများအပြား၊ တော်လှန်ရေးအဖွဲ့များအား ငွေကြေးထောက်ပံ့သူများ၊ အာဏာဖီဆန်ရေး လှုပ်ရှားမှု၌ ပါဝင်သူများကို စွဲဆိုရာတွင် အသုံးပြုသော ပုဒ်မများဖြစ်သည်။  

ဖောက်ခွဲပုဒ်မ ၅ မှာမူ ထောင်ဒဏ် ၁၄ နှစ်အထိ  ဖြစ်စေ၊ ငါးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။  

၂၀၁၄ လက်ပံတန်းကျောင်းသားသပိတ်တွင်လည်း ပါဝင်ခဲ့သည့် တက်ကြွလှုပ်ရှားသူ ကိုမာန်ဇာမြေမွန်သည် ၂၀၂၀ ရွေးကောက်ပွဲတွင် ချောင်းဦးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်ရန် ကြိုးပမ်းခဲ့သူလည်း ဖြစ်သည်။ 

ထို့အပြင် ၎င်းသည် အလွတ်တန်းသတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့ဖူးပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ပွင့်လင်း မြင်သာမှုနှင့် တာဝန်ယူမှုတာဝန်ခံမှုဆိုင်ရာ မဟာမိတ်အဖွဲ့ (MATA)၊ စစ်ကိုင်းတိုင်း၏ သဘာဝသယံဇာတဆိုင်ရာ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေးလုပ်ငန်း (EITI) တို့တွင်လည်း အဖွဲ့ဝင်တစ်ဦး ဖြစ်သည်။ 

အာဏာ သိမ်းထားသည့်ကာလများတွင်း စစ်တပ်က ၎င်းတို့ကို ဆန့်ကျင်သူများကို စွဲဆိုသည့် နိုင်ငံရေးပုဒ်မဟု လူသိများသည့် ပုဒ်မ ၅၀၅ နှင့် ၅၀ ဆိုင်ရာ အမှုများကို လွတ်ငြိမ်းချမ်းသာခွင့် ပေးသည်ဟု ဆိုကာ အကျဉ်းသား ၈၀၀၀ ထက်မနည်း လွှတ်ပေးသည်ဟု ယခုနှစ် မတ်လ ၂ ရက် (တောင်သူ လယ်သမားနေ့)နှင့် ယမန်နှစ် နိုဝင်ဘာလ ၂၆ ရက်နေ့တို့တွင် ကြေညာခဲ့သော်လည်း နိုင်ငံရေးအကျဉ်းသားအနည်းငယ်သာ ပါဝင်သည်။ 

မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ၏ ဧပြီလ ၁၈ ရက်နေ့အထိ အချက်အလက်များအရ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အထိမ်းအမှတ်  ၄၃၃၅ ဦး လွှတ်ပေးမည်ဟု စစ်တပ်က ကြေညာခဲ့သော်လည်း လက်တွေ့တွင်မူ ၁၆၈၆ ဦးသာ လွတ်မြောက်လာကြောင်း၊ ထိုအထဲတွင်  နိုင်ကျဉ်း  ၂၉၂ ဦးသာ ပါဝင်ကြောင်း ထုတ်ပြန်ထားသည်။

ဧပြီလ ၃၀ ရက် (ကဆုန်လပြည့်နေ့)တွင် အကျဉ်းသား ၁၅၀၀ ကျော်ကို လွတ်ငြိမ်းခွင့်ပြုကြောင်း ကြေညာ ခဲ့သော်လည်း အမှန်တကယ် လွတ်မြောက်လာသူများထဲတွင် နိုင်ကျဉ်းတစ်ဦးတစ်ယောက်မျှ ပါဝင်ခြင်းမရှိကြောင်း PPNM က ထုတ်ပြန်ထားသည်။

“ဒီနေ့ ထုတ်ပြန်ချက်မှာ နိုင်ငံရေးအကျဉ်းသားပါဝင်မလာတာကို တွေ့ရပါတယ်။ ဒါက မင်းအောင်လှိုင်က ဒီတစ်ခေါက် လွတ်ငြိမ်းမှာ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးတာ မရှိဘဲနဲ့ အခြားအမှုတွေကိုပဲ သီးသန့်ရွေးပြီးတော့မှ လွှတ်လိုက်တယ်ဆိုတဲ့ အခြေအနေမျိုးကို တွေ့ရပါတယ်” ဟု PPNM ၏ ပြောရေး ဆိုခွင့်ရှိသူ မရောင်နီလင်းက ပြောသည်။

“ ဒါဟာ (စစ်ခေါင်းဆောင်) သမ္မတ ဖြစ်လာပြီးတဲ့နောက်ပိုင်းမှာ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်တယ် ဆိုပေမယ့်လည်း အယောက် ၃၀၀ တောင် မပြည့်ဘဲနဲ့ လွှတ်ပေးတာမျိုးကို တွေ့ရတယ်။ ဒီတစ်ခေါက်မှာလည်း နိုင်ငံရေး အကျဉ်းသားတွေ လုံးဝပါမလာတာကို တွေ့ရတယ်” 

ကိုမာန်ဇာမြေမွန်၏ အခြေအနေနှင့်ပတ်သက်ပြီး ၎င်းတို့အနေဖြင့် စုံစမ်းဆဲသာဖြစ်ကြောင်း  PPNM ၏ ပြောရေး ဆိုခွင့်ရှိသူ  အမျိုးသမီးက ဆက်ပြောသည်။ 

အနောက်မြောက်တိုင်းစစ်ဌာနချုပ်  ရှိရာ မုံရွာမြို့ တောင်ဘက် ၁၅ မိုင်ခန့်အကွာ မန္တလေး- မုံရွာ လမ်းမကြီးဘေးမှ ချောင်းဦးမြို့နယ်သည် တော်လှန်ရေးအားကောင်းသော ဒေသဖြစ်ပြီး အာဏာသိမ်း စစ်တပ်ကို လက်နက်ကိုင်ခုခံနေသော တော်လှန်ရေးတပ်ရင်းတပ်ဖွဲ့များစွာ အခြေစိုက်သည်။  

 ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှ ယခုနှစ် ဧပြီလ ၂၉ ရက်နေ့အထိ  အာဏာသိမ်းစစ်တပ်က ဖမ်းဆီးခံရသူ ၃၀၉၁၇ ဦးရှိပြီး သေဆုံးသူ ၈၀၀၀  ရှိသည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) က ထုတ်ပြန်ထားသည်။ ထိုအရေအတွက်မှာ အသင်းက လက်လှမ်းမီသလောက် မှတ်တမ်းတင်ထားခြင်း ဖြစ်ပြီး အမှန်တကယ် ဖမ်းဆီး၊ သတ်ဖြတ်ခံရသူ အရေအတွက်မှာ ထိုပမာဏထက် ပိုများနိုင်သည်ဟု သိရသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button