စစ်တပ်ကြိုးကိုင်မှုဖြင့် ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲအလွန်တွင် အရပ်သားအစိုးရအသွင်ပြောင်းထားသည့် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအင်အားစုများကို ယခုနှစ် ဇူလိုင်လ ၃၁ ရက်မတိုင်မီ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ထားပြီး PDF တပ်များကိုလည်း ဘက်ပြောင်းကြရန် ဧပြီလတတိယပတ်တွင် ထုတ်ပြောလာသည်။
သို့သော်တစ်ဖက်တွင်လည်း တော်လှန်ရေးအင်အားစုများအားကောင်းရာ နိုင်ငံအလယ်ပိုင်း စစ်ကိုင်း၊ မကွေးနှင့် မန္တလေးတိုင်း၊ နိုင်ငံအနောက်မြောက်ပိုင်း ချင်းတောင်တန်းပေါ်တွင် စစ်တပ်ကအရှိန်အဟုန်ဖြင့် ဆက်လက်ထိုးစစ်ဆင်နေသည်။
တော်လှန်ရေးပင်မမျက်နှာစာတစ်ခုဖြစ်သည့် စစ်ကိုင်းတိုင်းတွင် ချင်းတွင်းမြစ်အနောက်ပိုင်း၊ ယင်းမာပင်ခရိုင်အတွင်းရှိ ပုလဲ၊ ကနီ၊ ယင်းမာပင်မြို့နယ်တို့တွင် စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းများဖြန့်ခွဲထိုးသဖြင့် ထောင်နှင့်ချီသည့်ဒေသခံများ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင် နေရသည်။
ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ခေါင်းဆောင် ဗိုလ်နဂါး ယခုနှစ် ဖေဖော်ဝါရီလတွင် စစ်တပ်ဘက်ကူးပြောင်းသွားပြီးနောက် ထိုဒေသကို စစ်တပ်က လေကြောင်းအင်အားဖြည့်တင်း၍ နယ်မြေရှင်းလင်းရေးထိုးစစ်ဆင်နေခြင်းဖြစ်သည်။
ယင်းမာပင်ခရိုင်အတွင်း ဖေဖော်ဝါရီလတွင်စ၍ ဧပြီလကုန်ပိုင်းအထိ ဝင်ရောက်နေသည့် စစ်တပ် စစ်ကြောင်းများသည် ကျေးရွာသုံးရွာထက်မနည်းမီးရှို့ပြီး ပစ္စည်းများကိုလည်း ခိုးယူသွားကြောင်း ဒေသခံတို့က ဆိုသည်။
ယင်းမာပင်ခရိုင်အတွင်းရှိမြို့နယ်များမှာ စစ်တပ် ခြေကုပ်ယူထားသည့် မြို့ပေါ်ရပ်ကွက်များမှအပ ကျေးလက်ဒေသ အများစုကို တော်လှန်ရေးအင်အားစုက စိုးမိုးထိန်းချုပ်ထားပြီး မကွေးတိုင်းနှင့် ထိစပ်နေသည့်အတွက် ဆက်သွယ်ရေးအရ အရေးပါသည့် ဒေသလည်းဖြစ်သည်။
ထို့အပြင် စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာ၊ ကောလင်း၊ ကန့်ဘလူခရိုင်တို့ပါဝင်သည့် ကသုံးလုံး ဒေသတွင် မန္တလေးဘက်မှတဆင့်ထိုးဖောက်ဝင်ရောက်လာသည့် စစ်တပ်က တော်လှန်ရေး အင်အားစုများစိုးမိုးထိန်းချုပ်ထားသည့် နယ်မြေများကို ဆက်တိုက်ထိုးစစ်ဆင်နေသည်။
ရှမ်းမန်းစစ်ဆင်ရေးအတွင်း လက်လွှတ်ခဲ့ရသည့် မန္တလေးတိုင်းအတွင်း မြို့နယ်များကို စစ်တပ်က မြေပြင်စစ်ကြောင်း အင်အားအလုံးအရင်းဖြင့်သာမက ဒရုန်းများကိုပါ အားပြု၍ ထိုးစစ်ဆင်ခဲ့ရာ စဉ့်ကူး၊ သပိတ်ကျင်း၊ တကောင်းမြို့တို့ကို တော်လှန်ရေးတပ်များလက်လွှတ်ခဲ့ရသည်။
ထိုစစ်ကြောင်းသည် ဧရာဝတီမြစ် အနောက်ဘက်ခြမ်း စစ်ကိုင်းတိုင်းဘက်ကို ဆက်လက်ထိုးဖောက်လာခဲ့ပြီး တော်လှန်ရေးအင်အားစုများ တစ်စိတ်တစ်ပိုင်းထိန်းချုပ်ထားသည့် ထီးချိုင့်မြို့ကိုသိမ်းပိုက်ရာမှ ရှေ့ဆက်တိုးလာပြီး အင်းတော်မြို့ကိုပါ ယမန်နေ့တွင် ထိန်းချုပ်လိုက်ပြီဖြစ်သည်။

ကချင်ပြည်နယ် ဝင်ပေါက်ဖြစ်သည့် အင်းတော်မြို့ကို တော်လှန်ရေးအင်အားစုများက ပြီးခဲ့သည့် နှစ်တွင် သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီးနောက် တစ်နှစ်ကျော်အကြာတွင် ပြန်လည်လက်လွှတ်ခဲ့ရခြင်းဖြစ်သည်။
ကသာခရိုင်မှ မြို့နယ်များဖြစ်သည့် ကသာ၊ ဗန်းမောက်၊ အင်းတော်တို့သည် ကချင်ပြည်နယ်နှင့် ထိစပ်နေသလို ထီးချိုင့်မြို့မှာလည်း ရှမ်းမြောက်သို့သွားလာနိုင်ရေးအတွက် အရေးပါသဖြင့် ဆက်သွယ်ရေးအရ အချက်အချာကျသည့် ဒေသလည်းဖြစ်သည်။
ထို့အပြင် စစ်ကိုင်းမြို့နယ် စစ်တပ်အခြေစိုက်စခန်းများဖြစ်သည့် တပ်မ ၃၃၊ ဆားတောင်စခန်းတို့တွင် ဧပြီလနောက်ဆုံးပတ် တွင် စစ်အင်အားတိုးမြှင့်ထားပြီး စစ်ကြောင်းထိုးရန် ပြင်ဆင်နေကြောင်း တော်လှန်ရေးအင်အားစုများထံကသိရသည်။
“ငြိမ်းချမ်းရေးစကားကတော့ မအလ (မင်းအောင်လှိုင်)ရဲ့ ဟန်ပြလို့ပဲမြင်ပါတယ်။ စစ်ကြောင်းကသာ သူရဲ့ အစစ်အမှန်ပါ”ဟု စစ်ကိုင်းမြို့နယ် ပအဖ အဖွဲ့ဝင်တစ်ဦးကပြောသည်။
နယ်မြေထက်ဝက်ကျော်နီးပါးလက်လွှတ်ထားရသည့် ချင်းပြည်နယ်တွင်လည်း ယမန်နှစ် နှစ်ကုန်ပိုင်းတွင် ထိုးစစ်ဆင်နေသည့် စစ်ကြောင်းသည် ဖလမ်းမြို့ကို ဧပြီလနောက်ဆုံးပတ်တွင် ပြန်လည်ထိန်းချုပ်လိုက်ပြီးနောက် ဆက်လက်ထိုးစစ်ဆင်နေသည်။
ချင်းပြည်တောင်ပိုင်းနှင့်မြောက်ပိုင်းဆက်သွယ်ရေးအတွက် အချက်အချာကျပြီး အိန္ဒိယနယ်စပ်ထိ ထိုးဖောက်ဖြန့်ကြက် နိုင်ရေးအတွက် အရေးပါသောခြေကုပ်ဖြစ်သည့် ဖလမ်းမြို့ကို မြေပြင်ဝေဟင် ထိုးစစ်ဖြင့် ဖိလာသည့် စစ်တပ်ကို တော်လှန်ရေးအင်အားစုများက ခုနစ်လကျော်ကြာတောင့်ခံခဲ့သော်လည်း နောက်ဆုံးတွင် လက်လွှတ်ခဲ့ရသည်။

လက်ရှိတွင် ဟားခါး – ထန်တလန်လမ်းပိုင်းစိုးမိုးထိန်းချုပ်နိုင်ရေးအတွက် စစ်တပ်က ဆက်လက်ထိုးစစ်ဆင်နေပြီး အိန္ဒိယနယ်စပ်ကုန်သွယ်ရေးဂိတ်စခန်းဖြစ်သည့် ရိဒ်ခေါဒါရ်မြို့အပါအဝင် ချင်းပြည်မြောက်ပိုင်းဘက်သို့ နယ်မြေစိုးမိုးရေး ဦးတည်လာနိုင်ကြောင်း တော်လှန်ရေးအင်အားစုများကသုံးသပ်ထားသည်။
တပြိုင်တည်းတွင် စစ်တပ်လုံးဝလက်လွှတ်ထားရသည့် ချင်းပြည်တောင်ပိုင်းကိုဝင်ရောက်နိုင်သည့် မကွေးတိုင်း၊ ယောဒေသတွင်လည်း စစ်တပ်က အင်အားဖြည့်တင်းသဖြင့် တော်လှန်ရေးအင်အားစုများနှင့် စစ်ရေးတင်းမာနေသည်။
ချင်းပြည်တောင်ပိုင်း မင်းတပ်နှင့်ထိစပ်နေသည့် မကွေး- ချင်း- ရခိုင် ဆက်သွယ်ရေးလမ်းပေါ်ရှိ ဆောမြို့နယ်၊ ကံကြီးရွာတွင် စစ်တပ်ကအင်အားရာဂဏန်းဖြင့် နေရာယူထားပြီး ကျောက်ထုမြို့ အခြေစိုက် အမှတ် ၃၆၈ တပ်သို့ လေကြောင်းမှတဆင့် ထောက်ပို့ပစ္စည်းများ ဖြည့်တင်းနေကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ဆိုသည်။
မြေပြင်စစ်အင်အားများဖြည့်တင်းနေသည့်အပြင် ဆောမြို့နယ် ကျောက်ထုဒေသနှင့် ချင်းပြည်နယ် မင်းတပ်မြို့ကြားနေရာများကို ယမန်နေ့ (ဧပြီလ ၃၀ ရက်)တွင် တိုက်လေယာဉ် ခုနစ်စီးဖြင့် လေကြောင်းတိုက်ခိုက်မှု တစ်ဒါဇင်ကျော်ပြုလုပ်ခဲ့ကြောင်း ဒေသတွင်းသတင်းများကို ဖော်ပြနေသည့် ယောအလင်းတန်းက ထုတ်ပြန်သည်။
မန္တလေးတိုင်းအတွင်း လက်လွှတ်ထားခဲ့ရသည့် မြို့များအားလုံးကိုထိန်းချုပ်လိုက်နိုင်ပြီဖြစ်သည့် စစ်တပ်သည် တော်လှန်ရေးအင်အားစုများအားကောင်းရာ မြင်းခြံခရိုင်အတွင်းသို့ သင်္ကြန်မတိုင်မီ ဧပြီလဆန်းတွင် စတင်၍ ရွာစဉ်လှည့် စစ်ကြောင်းထိုးနေသည်။
ကင်းထောက်ဒရုန်းအပါအဝင် ဒရုန်းအင်အားအများပြားအသုံးပြုပြီး စစ်တပ်က စစ်ကြောင်းထိုးဝင်လာခြင်းဖြစ်ကြောင်း မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
“စစ်ကြောင်းတစ်ကြောင်းဝင်လာပြီဆိုရင် အခုနောက်ပိုင်းမှာ သူတို့ scout (ကင်းထောက်)ဒရုန်းတွေ ဆိုရင် အနည်းဆုံး ၆ နာရီအပေါ်မှာ တင်ထားတာမျိုးရှိတယ်။ သူတို့ စကောက်ဒရုန်းအမြဲတင်နိုင်တယ်။ ထိတွေ့မှုမဖြစ်သေးခင်အချိန်မှာ စကောက်ဒရုန်းတွေတင်နိုင်တယ်။ မာတီတွေလည်း တော်တော်အား ကောင်းတယ်။ ခံစစ်ပြင်ထားတာကို ဒရုန်းနဲ့အရင်ချေမှုန်းတယ်။ ဒရုန်းနဲ့ ချေမှုန်းပြီးမှအောက်ကနေ စစ်ကြောင်းဝင်လာတာ။ သူတို့ဘက်က ဒရုန်းတော်တော် အားကောင်းတယ်”ဟု ဆိုသည်။
မြင်းခြံမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်သည် တစ်လကျော်အတွင်း ကျောင်းဖြူကန်၊ အိုင်းမ၊ ကျောက်ကန်၊ ရွာသစ်၊ ထိန်ပန်း၊ တူရွင်းဘို့၊ ကျီးပင်ကန်၊ ဆိတ်ကုန်း၊ ယုန်ထိုး၊ ပျိုးကန်၊ ပျား စသည့်ကျေးရွာပေါင်း တစ်ဒါဇင်ကျော်ကို မီးရှို့ခဲ့ရာ အိမ်ခြေ ရာနှင့်ချီ ပျက်စီးခဲ့ရသည်။
“အရင်က စိုးမိုးနယ်မြေဖြစ်ခဲ့တဲ့နေရာတွေကို သူတို့ပြန်ယူထားနိုင်တယ်ပေါ့။ စစ်ရေးနဲ့ပတ်သက်ရင် လောလောဆယ် မြင်းခြံခရိုင်အတွင်းမှာဆိုရင် ၅၀ ၊ ၅၀ လောက်ပေါ့”ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။
စစ်တပ်သည် လက်လွတ်ဆုံးရှုံးထားရသည့် နယ်မြေများ ပြန်လည်ထိန်းချုပ်ချုပ်နိုင်ရေး၊ နယ်စပ်ဒေသ ကုန်သွယ်ရေးလမ်းကြောင်းများနှင့် မဟာဗျူဟာကျသည့်လမ်းပိုင်းများကိုအပြည့်အဝ စိုးမိုးထိန်းချုပ်နိုင်ရေး ဦးစားပေးစစ်ဆင်လာပြီး၊ မြေပြန့်ဒေသရှိတော်လှန်ရေးအင်အားစုများမှီခိုထားရသည့် ရှမ်းမြောက်ဒေသ၊ ကချင်ဒေသနှင့် အိန္ဒိယဘက် ဆက်သွယ်ပူးပေါင်းမှုလမ်းကြောင်းများ ဖြတ်တောက်နိုင်ရေး ဝိုင်းပတ်ပိတ်ဆို့၍ မြေပြန့်ဒေသအင်အားစုများကို အင်အားချည့်နဲ့သွားရန် လုပ်ဆောင်လာနိုင်ဖွယ်ရှိသည်ဟု စစ်ရေးလေ့လာသူများ ကသုံးသပ်ထားသည်။
စစ်မှုထမ်းဥပဒေဖြင့် အတင်းအဓမ္မ စစ်သားစုဆောင်းမှုတို့ကြောင့် အင်အား တစ်သိန်းနီးပါးအထိ စုဆောင်းနိုင်ခဲ့ပြီး တရုတ်ကြားဝင်ညှိနှိုင်းမှုဖြင့် ရှမ်းမြောက်တွင်အပစ်ရပ်ပြီးနောက် စစ်တပ်သည် ပြည်မတွင် စစ်ရေးအရှိန်မြှင့်တင်လာသည်။
စစ်တပ်၏ မြေပြန့်ဒေသတန်ပြန် ထိုးစစ်များတွင် လက်နက်ကြီး၊ လက်နက်ခဲယမ်း၊ လေကြောင်းပစ်ကူ အားသာချက်များအပြင် ခေတ်မီဒရုန်းများကို အသုံးပြုလာကြောင်း CDM စစ်သားများဖြင့် ဖွဲ့စည်းထားသည့် မြန်မာ့စစ်ဘက်ရေးရာနှင့်လုံခြုံရေးဆိုင်ရာအဖွဲ့မှ ကိုနောင်ရိုးက သုံးသပ်သည်။
“စစ်တပ်က ရှေ့ပြေး ကင်းထောက်ဒရုန်းတွေနဲ့ တစ်ဖက်ရန်သူရဲ့ လှုပ်ရှားမှု စစ်ရေးအထိုင်တွေကို ကင်းထောက်ဒရုန်းတွေနဲ့ ကြိုတင်စောင့်ကြည့်ရှာဖွေတာလုပ်တယ်။ ပြီးတော့မှ ခြေလျင်တပ်နဲ့ လက်နက်ကြီးနဲ့ ပေါင်းစပ်ဖော်ဆောင်တယ်။ လိုအပ်ရင်လေကြာင်းပစ်ကူနဲ့ပေါင်းစပ်ဖော်ဆောင်တဲ့ တိုက်ခိုက်ရေးတပ်နဲ့ အနီးကပ်လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူတွေနဲ့ ဟန်ချက်ညီညီ ပေါင်းစပ်ဖော်ဆောင်တာတွေ့ရတယ်”ဟု ကိုနောင်ရိုးကပြောသည်။
စစ်တပ်၏ မြေပြင်ထိုးစစ်များသာမက လေကြောင်းတိုက်ခိုက်ရာတွင်လည်း ပုံစံပြောင်းလဲလာပြီး တိုက်လေယာဉ် သုံးစီးမှ ငါးစီးအထိပါဝင်သည့် အုပ်စုဖွဲ့လေကြောင်းတိုက်ခိုက်မှုနည်းလမ်းကို အသုံးပြုလာသည်။
ဧပြီလအတွင်း သင်္ကြန်ကာလပါမချန် စစ်ကိုင်း၊ မကွေး၊ ချင်းအပါအဝင်နိုင်ငံအနှံ့ လေကြောင်းတိုက်ခိုက်မှုများကြောင့် ကလေးသူငယ်များ၊ ရဟန်းများအပါအဝင် ၄၀ ထက်မနည်းသေဆုံးခဲ့သည်။
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၏ ဧပြီလ ၂၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် အချက်အလက်များအရ လူဦးရေ ၃ ဒသမ ၅ သန်းနီးပါး နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရပြီး နှစ်သိန်းကျော်မှာ အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။



