အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကန်ပက်လက်တွင် စစ်တပ် လေကြောင်းတိုက်ခိုက်၊ ပြည်သူ ၈ ဦးသေဆုံး

ကျင်ဒွေးမြို့အနီး မုန်းချောင်းပေါ်ရှိ တံတားကို ဒေသံခံပြည်သူများပြုပြင်နေစဉ် စစ်တပ်က တိုက်လေယာဉ်များဖြင့် ဗုံးကြဲချခဲ့ခြင်းဖြစ်သည်။

ချင်းညီနောင်အဖွဲ့သိမ်းပိုက်ထားသည့် ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့အနီးရှိ တံတားပြင်လုပ်ငန်းခွင်ကို စစ်တပ်က ယနေ့ (ဧပြီလ ၂၉ ရက်)တွင် လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ ရှစ်ဦး သေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။ 

ကျင်ဒွေးမြို့အထက်ဘက် မုန်းချောင်းအား ဖြတ်ကူးတည်ဆောက်ထားသည့် တံတားကို နံနက် ၁၀ နာရီဝန်းကျင်ခန့်တွင် စစ်တပ်က တိုက်လေယာဉ်နှစ်စီးဖြင့် ဗုံးနှစ်လုံးကြဲချခဲ့ခြင်းဖြစ်သည်။ ထိုတိုက်ခိုက်မှုကြောင့် အမျိုးသမီး တစ်ဦး၊ အမျိုးသားခုနစ်ဦး သေဆုံးခဲ့ခြင်းဖြစ်သည်ဟုကန်ပက်လက်မြို့နယ်၊ လူသားစာနာဘေး စီမံဌာနက ထုတ်ပြန်သည်။

သေဆုံးထိခိုက်ဒဏ်ရာရသူများသည် အသက် ၂၀ နှင့် ၄၀ ကြား အရပ်သား ပြည်သူများဖြစ်ပြီး JCB အမျိုးအစား မော်တော်ယာဉ် တစ်စီး၊ ဖောကားတစ်စီးနှင့် ဆိုင်ကယ် သုံးစီးပျက်စီးခဲ့သည်။ သေဆုံးသူများ၏ အသက်အရွယ်နှင့် နေရပ်ကို မသိရသေးပါ။

“မြို့နဲ့ကပ်လျက်မှာ မုန်းချောင်းရှိတယ်။ အဲ့ဒီမှာ ပြည်သူတွေက လုပ်အားနဲ့တံတားပြုပြင်နေကြတုန်း တံတာနားကို ကြဲရာကနေ အထိအခိုက်များတာပါ”ဟု ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

ပြည်သူများအနေဖြင့် လေကြောင်းသတိပေးချက်များနားစွင့်ပြီး ဗုံးခိုကျင်းများတူးထားရန် ကန်ပက်လက် မြို့နယ် လူသားစာနာဘေးစီမံဌာနက တိုက်တွန်းထားသည်။ 

ကန်ပက်လက်မြို့ တောင်ဘက် မိုင် ၆၀ ခန့်အကွာတွင်ရှိသည့် ကျင်ဒွေးမြို့ကို ၂၀၂၄ ခုနှစ် မေလကတည်းက တော်လှန်ရေးအင်အားစုများက တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်ထားသည်။  မြို့ကိုထိန်းချုပ်ပြီးနောက် မြို့ခံအချို့သာ ပြန်လည်နေထိုင်ပြီး ပုံမှန်အတိုင်းမလည်ပတ်နိုင်သေးဟုလည်း လူသားစာနာဘေးစီမံဌာန တာဝန်ရှိသူကပြောသည်။  

လေကြောင်းတိုက်ခိုက်ခံရသည့် ချင်းပြည်နယ်၊ ကျင်ဒွေးမြို့ တည်နေရာပြမြေပုံ။

ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်၊ မင်းတပ်၊ မတူပီတို့ကို ချင်းညီနောင်အဖွဲ့က ထိန်းချုပ်ထားသည့်အပြင် ၎င်းတို့၏ မဟာမိတ် အာရက္ခတပ်တော်(AA)က ပလက်ဝကို နယ်မြေစိုးမိုးထားပြီး ပြည်နယ် မြောက်ပိုင်းတွင် တွန်းဇံမြို့ကို ချင်းပြည်ကောင်စီက သိမ်းပိုက်ထားသည်။ 

ချင်းပြည်နယ်၏ ဒုတိယမြို့တော်ဖြစ်သည့် ဖလမ်းမြို့ကို စစ်တပ်က အင်အားအလုံးအရင်းသုံး၍ ခြောက်လကျော်ကြာအောင် ပြန်လည်ထိုးစစ်ဆင်ခဲ့သည်။ ထို့နောက် ဧပြီလ ၂၇ ရက်နေ့တွင် မြို့ကို ပြန်လည်ထိန်းချုပ်လိုက်ပြီးနောက် ချင်းပြည်နယ်တွင် စစ်တပ်၏ စစ်ရေးဖိအားတိုးလာနေသည်။ 

ဖလမ်းကိုစစ်တပ်ပြန်ရသွားပြီးနောက် ချင်းပြည်နယ်တောင်ပိုင်းတွင်လည်း စစ်တပ်က စစ်ရေးပြင်ဆင်မှုအချို့ရှိလာကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

ချင်းပြည်နယ်တောင်ပိုင်းနှင့်ထိစပ်နေသည့် မကွေး- ချင်း- ရခိုင် ဆက်သွယ်ရေးလမ်းကြောင်းပေါ်ရှိ အချက်အချာကျသည့် ဆောမြို့နယ်၊ ကံကြီးရွာတွင်စစ်တပ်က အင်အား ၂၀၀ ခန့်ဖြင့် ဝင်ရောက်စီးနင်း ပိတ်ဆို့ထားသည်ဟုလည်း သိရသည်။

ဧပြီလနောက်ဆုံးပတ်တွင် မြို့နယ် ၆၀ ကို စစ်အုပ်ချုပ်ရေးကြေညာခဲ့ရာ တော်လှန်ရေး အင်အားစုများ ထိန်းချုပ်ထားရာ ချင်းပြည်နယ် မြို့နယ်များဖြစ်သည့် ကန်ပက်လက်၊ ထန်တလန်၊ ပလက်ဝ၊ တွန်းဇံ၊ မင်းတပ်၊ မတူပီ၊ ဖလမ်း စသည့်မြို့နယ် ခုနစ်ခုပါဝင်သည်။ 

အာဏာသိမ်းစစ်ခေါင်းဆောင်က ကိုယ့်ကိုယ်ကိုယ် သမ္မတအဖြစ်ခန့်အပ်ပြီးနောက် ရက် ၁၀၀ အတွင်း ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်းထားသည်။ သို့သော်တစ်ဖက်တွင် တော်လှန်ရေးအင်အားစုများ အားကောင်းသည့် ဒေသများတွင် မြေပြင်စစ်ကြောင်းထိုးနေသလို လေကြောင်းတိုက်ခိုက်မှုများလည်း ဆက်တိုက်လုပ်နေသည်။ 

ချင်းအရပ်ဘက်အဖွဲ့တစ်ခုဖြစ်သည့် ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)၏ ဧပြီလဆန်းတွင် ထုတ်ပြန်ထားသည့် အချက်အလက်များအရ ချင်းပြည်နယ်တွင် ယခုနှစ် ဇန်နဝါရီလမှ မတ်လအထိ ပထမသုံးလအတွင်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၉ ဦးသေဆုံးပြီး ၄၂ ဦးထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၈၈ လုံး ပျက်စီးခဲ့သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button