အရပ်သားသမ္မတအဖြစ် အရေခွံပြောင်းထားတဲ့ စစ်ခေါင်းဆောင် ဗိုလ်မင်းအောင်လှိုင် ရင်ဆိုင်နေရတဲ့ အဓိက ပြဿနာတစ်ခုကတော့ နိုင်ငံတဝန်း ကျယ်ပြန့်နေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို ထိန်းချုပ်ပြနိုင်ဖို့ပါပဲ။ ဒီဂိုဏ်းတွေဟာ အွန်လိုင်းကနေ ငွေလိမ်တာ၊ ရင်းနှီးမြှုပ်နှံမှု အတုတွေနဲ့ လိမ်လည်တာ၊ ယုံကြည်မှုကို အလွဲသုံးစားလုပ်တဲ့ တရားမဝင် လုပ်ငန်းတွေကို လုပ်ကိုင်နေကြတာပါ။ စစ်တပ်က နှိမ်နင်းဖို့ ကြိုးစားနေတယ် ဆိုပေမယ့် မြန်မာနိုင်ငံက ငွေလိမ်ဂိုဏ်းတွေရဲ့ စီးပွားရေးယန္တရားဟာ ပျက်စီးသွားတာမျိုး မရှိဘဲ ပုံစံပြောင်း၊ နေရာရွှေ့ပြီး ပဋိပက္ခတွေဖြစ်ပွားနေတဲ့ နယ်စပ်ဒေသတွေမှာ ပိုပြီးတောင် အမြစ်တွယ်လာနေပါတယ်။
ပြီးခဲ့တဲ့နှစ် နှောင်းပိုင်းက ထိုင်း-မြန်မာ နယ်စပ်က ကျားဖြန့်ငွေလိမ် လုပ်ငန်းတွေ အခြေစိုက်ရာဆိုပြီး နာမည်ဆိုးနဲ့ကျော်ကြားတဲ့ KK Park (ကေကေပါ့ခ်)ထဲက အဆောက်အအုံတချို့ကို မြန်မာစစ်တပ်က ဒိုင်းနမိုက်နဲ့ ဖောက်ခွဲဖျက်ဆီးလိုက်ချိန်မှာ၊ နိုင်ငံတကာ စောင့်ကြည့်လေ့လာသူတွေအဖို့ ဒါဟာ ကြီးမားတဲ့ အချိုးအကွေ့တစ်ခုလို့ ထင်စရာဖြစ်ခဲ့ပါတယ်။ အလုပ်သမားတွေ ထွက်ပြေးခဲ့ကြရပြီး အဆောက်အအုံ တချို့လည်း ပျက်စီးသွားခဲ့ပါတယ်။ စစ်ကောင်စီကလည်း ဒါဟာ ကြီးမားတဲ့ နှိမ်နင်းမှုကြီးတစ်ခုလို့ ကြွေးကြော်ခဲ့ပါတယ်။ ဒါပေမဲ့ မြေပြင်အခြေအနေ အမှန်မှာတော့ ဒီငွေလိမ်ဂိုဏ်းတွေရဲ့ ကြီးမားကျယ်ပြန့်တဲ့ စီးပွားရေးကွန်ရက်ကြီးဟာ ရပ်တန့်သွားခဲ့ခြင်း မရှိသလောက်ပါပဲ။
၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းခဲ့ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလနဲ့ ဇန်နဝါရီလတွေက သူတို့စိတ်ကြိုက် ထိန်းချုပ်ထားတဲ့ ရွေးကောက်ပွဲတွေကတဆင့် ဧပြီလမှာ သူ့ကိုယ်သူ သမ္မတအဖြစ် ခန့်အပ်ခဲ့တဲ့ ဗိုလ်မင်းအောင်လှိုင်အတွက်တော့ ဒီငွေလိမ်ဂိုဏ်းတွေ ဆက်လက်ရှင်သန်နေမှုဟာ ရှောင်လွှဲလို့မရတဲ့ အမှန်တရားတစ်ခု ဖြစ်နေပါတယ်။ သူ့ရဲ့ အုပ်ချုပ်ရေးအသစ်အတွက် ပထမဆုံး စမ်းသပ်မှုတွေထဲက တစ်ခုကတော့ ဟန်ပြ နှိမ်နင်းမှုတွေ လုပ်ပြရုံသက်သက် မဟုတ်ဘဲ၊ စစ်ကောင်စီနဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိတဲ့ ဒေသခံ ပြည်သူ့စစ်တွေ ကာကွယ်ပေးထားတဲ့ ဒီငွေလိမ်ဂိုဏ်း ကွန်ရက်တွေကို တကယ်တမ်း အမြစ်ဖြတ်နိုင်မလား ဆိုတာပါပဲ။
မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း၊ ကရင်ပြည်နယ်က မြဝတီဒေသဟာ ထိုင်းနိုင်ငံအနောက်ပိုင်း မဲဆောက်မြို့နဲ့ နယ်စပ်ချင်း ကပ်လျက်ရှိပါတယ်။ မြဝတီဟာ သာမန် နယ်စပ်မြို့လေးတစ်မြို့ မဟုတ်ပါဘူး။ အဲဒီဒေသဟာ လက်နက်ကိုင်တပ်ဖွဲ့တွေ၊ လူကုန်ကူးသူတွေ၊ ရာဇဝတ်မှုကျူးလွန်တဲ့ ပွဲစားတွေ၊ တရားမဝင် စီးပွားရေးလုပ်ငန်းတွေနဲ့ နိုင်ငံတော်အဆင့် ပါဝင်ပတ်သက်သူတွေ ရှုပ်ယှက်ခတ်နေတဲ့ ပဋိပက္ခဒေသကြီးတစ်ခု ဖြစ်ပါတယ်။ ဝင်ရောက်စီးနင်းမှုတွေ လုပ်တဲ့အခါမှာတောင် အောက်ခြေက အဆင့်ဆင့် ဖွဲ့စည်းထားတဲ့ အာဏာဖြန့်ကြက် တည်ဆောက်ပုံတွေနဲ့ တရားမဝင် လုပ်ငန်းတွေကတော့ အများအားဖြင့် မပြောင်းမလဲ ဆက်ရှိနေတတ်ပါတယ်။
စီးနင်းဖမ်းဆီးမှုတွေက ဘာကြောင့် မထိရောက်လဲ
နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများ တိုက်ဖျက်ရေးဆိုင်ရာ နိုင်ငံတကာ အသိအမြင် မြှင့်တင်ရေးအဖွဲ့ (GI-TOC) ရဲ့ မတ်လထုတ် အစီရင်ခံစာမှာ ငွေလိမ်ဂိုဏ်းတွေဟာ ပုံစံတစ်မျိုးတည်းနဲ့ ရပ်တည်နေတာ မဟုတ်ဘဲ အခြေအနေအရ အလွယ်တကူ ပြောင်းလဲ ရှင်သန်နိုင်စွမ်းရှိတယ်လို့ ဖော်ပြထားပါတယ်။ ခြံဝင်းအကျယ်ကြီးတွေ၊ ရုံးခန်းငယ်လေးတွေ၊ လူနေအိမ်တွေနဲ့ နေရာခွဲတွေ ဖြန့်ကြက်ထားတဲ့ ပုံစံမျိုးစုံကြောင့် အလွယ်တကူ မပျက်စီးသွားနိုင်တဲ့ ရာဇဝတ်မှုဂေဟစနစ်ကို ဖန်တီးပေးထားပါတယ်။
ဒေသတွင်း သတင်းရင်းမြစ်တွေကလည်း ဒီအချက်ကို အတည်ပြုကြပါတယ်။ မြဝတီ-ထိုင်း နယ်စပ်က စီးပွားရေးသမားတစ်ဦးဖြစ်တဲ့ ကိုအောင်မင်းက KK Park ကို ရှင်းလင်းလိုက်တဲ့အခါ တရုတ်၊ အိန္ဒိယ၊ ဗီယက်နမ်၊ မလေးရှားနဲ့ အာဖရိကနိုင်ငံတချို့ အပါအဝင် နိုင်ငံပေါင်းစုံက လုပ်သားတွေဟာ ကွဲပြားသွားပြီး ဒေသတဝန်းကို ပျံ့နှံ့သွားတယ်လို့ ဆိုပါတယ်။ “ငွေလိမ်တဲ့လုပ်ငန်းက အဆောက်အအုံကြီးတွေထဲမှာပဲ လုပ်တာမဟုတ်တော့ဘူး၊ အခုဆို အသေးစားပုံစံတွေနဲ့ပါ လည်ပတ်နေပြီ” လို့ သူက ပြောပါတယ်။
ကရင်ပြည်နယ်နဲ့ ထိုင်းနိုင်ငံကြား နောက်ထပ် နယ်စပ်ဂိတ်တစ်ခုဖြစ်တဲ့ ဘုရားသုံးဆူဒေသကို လတ်တလော ရောက်ခဲ့သူတစ်ဦးကလည်း ဒီလုပ်ငန်းတွေ ဆက်ရှိနေဆဲဖြစ်ကြောင်း ပြောပြပါတယ်။ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အဲဒီလူက “ဒီလုပ်ငန်းတွေ လည်ပတ်နေတုန်းပဲ” လို့ ဆိုပါတယ်။ အဲဒီမှာ တရုတ်လူမျိုး အများအပြားကို တွေ့ရသလို၊ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေအတွက် အသက်သွေးကြောဖြစ်တဲ့ Starlink ဂြိုဟ်တုအင်တာနက် စက်တွေကိုလည်း လက်နက်ကိုင် အစောင့်အရှောက်တွေနဲ့ အထင်အရှား အသုံးပြုနေကြတယ်လို့ သူက မှတ်ချက်ပြုပါတယ်။ အဲဒီဒေသမှာ အခြေစိုက်တဲ့ ကရင်လက်နက်ကိုင်အဖွဲ့ (DKBA) က တာဝန်ရှိသူတွေကတော့ ငွေလိမ်ဂိုဏ်းနဲ့ပတ်သက်တဲ့ အဆောက်အအုံအသစ်တွေ ဆောက်လုပ်နေတယ်ဆိုတာကို ငြင်းဆိုကြပြီး တရုတ်က ကျောထောက်နောက်ခံပြုထားတဲ့ စီမံကိန်းတွေဟာ ဒေသဖွံ့ဖြိုးရေးစက်မှုလုပ်ငန်းတွေလို့ ဆိုပါတယ်။ ဒါပေမဲ့ ဒေသခံတွေကတော့ ဒါကို လက်မခံကြပါဘူး။ တရုတ်တွေ ဆောက်ထားတဲ့ နေရာတွေဟာ လုံခြုံရေး အထပ်ထပ်ချထားပြီး အနားကပ်ဖို့တောင် ခက်ခဲတယ်လို့ သူတို့က ပြောကြပါတယ်။
ဒီလို သံသရာလည်နေတဲ့ အခြေအနေတွေက ဟန်ပြ နှိမ်နင်းမှုတွေ ဘာကြောင့် အလုပ်မဖြစ်ဘူးဆိုတာကို ရှင်းပြနေပါတယ်။ GI-TOC ရဲ့ လေ့လာချက်အရ၊ ငွေလိမ်ဂိုဏ်းတွေဟာ အလွယ်တကူ ပွားများလွယ်သလို နေရာရွှေ့ပြောင်းရတာလည်း လွယ်ကူပါတယ်။ ပြီးတော့ သူတို့ဟာ ပိုမိုကျယ်ပြန့်တဲ့ ကွန်ရက်တွေထဲမှာ အမြစ်တွယ်နေတတ်ပါတယ်။ ဒါကြောင့် နေရာတစ်ခုကို ပိတ်လိုက်ရုံနဲ့ သူတို့ရဲ့ အခြေခံ စီးပွားရေးပုံစံကို ထိခိုက်သွားစေတာမျိုး ခဲယဉ်းပါတယ်။
GI-TOC က အကြီးတန်း သုတေသီ Jason Tower (ဂျေဆန် တာဝါ) ကတော့ ပွင့်ပွင့်လင်းလင်းပဲ ထောက်ပြ ထားပါတယ်။ ၂၀၂၅ ခုနှစ် အောက်တိုဘာလကစလို့ ထိုင်းနယ်စပ်မှာ မြန်မာစစ်တပ်လုပ်ခဲ့တဲ့ စစ်ဆင်ရေးတွေဟာ “အများအားဖြင့် ဟန်ပြသက်သက်”သာဖြစ်ပြီး တရုတ်နဲ့ဆက်နွှယ်နေတဲ့ ငွေလိမ်ဂိုဏ်းတွေကို ဟန့်တားနိုင်စွမ်း မရှိခဲ့ဘူးလို့ သူက ဆိုပါတယ်။ စစ်တပ်ဟာ ရွေးချယ်ထားတဲ့ အဆောက်အအုံတချို့ကို ဝင်စီးတာ၊ ပစ္စည်းတွေကို ဖျက်ဆီးတာမျိုးလို သတင်းမီဒီယာတွေမှာ ပါလာမယ့် ဟန်ပြလုပ်ရပ်တွေကိုပဲ အာရုံစိုက်ခဲ့တာပါ။ “ငွေလိမ်ဂိုဏ်းတွေကတော့ တခြားနေရာကို ရွှေ့သွားရုံပါပဲ” လို့ သူက ဆိုပါတယ်။
နိုဝင်ဘာလကစပြီး ကရင်ပြည်နယ်မှာ ငွေလိမ်ဂိုဏ်း အဆောက်အအုံအသစ် ဒါဇင်နဲ့ချီ ပေါ်လာခဲ့သလို အများစုက နယ်စပ်ကနေ ငါးကီလိုမီတာကနေ ၁၀ ကီလိုမီတာလောက် ဝေးတဲ့၊ ခေါင်တဲ့နေရာတွေမှာ ဖြစ်တယ်လို့လည်း ဂျေဆင် တာဝါက ပြောပါတယ်။ တချို့ကတော့ စစ်တပ်က တိုက်ရိုက်ထိန်းချုပ်ထားတဲ့ နေရာတွေအပါအဝင် ပြည်တွင်းပိုင်းကို ပိုဝင်လာကြပါတယ်။ ထိုင်းနယ်စပ်တစ်လျှောက်မှာ အဆောက်အအုံကြီးတွေ ဆက်ရှိနေဆဲဖြစ်ပေမယ့် တချို့လုပ်ငန်းတွေကတော့ လျှို့ဝှက်နေရာတွေကို ပြောင်းရွှေ့သွားကြပါတယ်။ “ဒီငွေလိမ်ဂိုဏ်းတွေမှာ နယ်စပ်တစ်လျှောက် ခြံဝင်းပေါင်း ၅၀ ကျော်ရှိတယ်၊ ပြီးတော့ ဝင်ဖမ်းတဲ့အချိန် ရွှေ့ပြောင်းဖို့ လျှို့ဝှက်နေရာ ဒါဇင်ပေါင်းများစွာလည်း ရှိနေတယ်” လို့ သူက ဆိုပါတယ်။
အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို တကယ်တမ်း ဘယ်သူတွေက ချုပ်ကိုင်နေလဲ
GI-TOC ရဲ့ နောက်ဆုံး လေ့လာချက်တွေအရ အရှေ့တောင်အာရှက အကြီးစား ငွေလိမ်လုပ်ငန်း အများစုကို တရုတ်နဲ့ဆက်နွှယ်နေတဲ့ ရာဇဝတ်ဂိုဏ်းတွေက ချုပ်ကိုင်ထားပြီး သူတို့ဟာ ဒေသတွင်းမှာ အာဏာရှိတဲ့ အဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဆောင်ကြပါတယ်။ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ နိုင်ငံရေး ကျောထောက်နောက်ခံပေးသူတွေက သူတို့ကို ကာကွယ်ပေးထားပါတယ်။ မြဝတီမှာဆိုရင် ဆိုက်ဘာငွေလိမ်လုပ်ငန်း၊ လူကုန်ကူးမှုနဲ့ မှောင်ခိုလုပ်ငန်းတွေကို အဓိက အကောင်အထည်ဖော်ပေးနေသူအဖြစ် ဗိုလ်စောချစ်သူ ဦးဆောင်တဲ့ (အရင်က နယ်ခြားစောင့်တပ် BGF လို့ခေါ်တဲ့) ကရင်အမျိုးသားတပ်မတော် (KNA) ကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက နာမည်တပ် သတ်မှတ်ထားပါတယ်။
သုတေသီ ဂျေဆင် တာဝါကတော့ အတိအကျကို ထောက်ပြပါတယ်။ “တရုတ်နိုင်ငံက နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းတွေက ဒီငွေလိမ်ဂိုဏ်းတွေကို ချုပ်ကိုင်ထားတာပါ” လို့ သူက ဆိုပါတယ်။ သူတို့က အဆောက်အအုံတွေ ဆောက်တယ်၊ စီမံခန့်ခွဲမှုတွေ လုပ်တယ်၊ နည်းပညာတွေ ပံ့ပိုးပေးတယ်၊ ငွေမည်းခဝါချတာတွေကို စီမံပေးပြီး လူသစ်စုဆောင်းတာတွေကို လုပ်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာတော့ သူတို့က KNA/BGF၊ DKBA နဲ့ စစ်တပ် အုပ်ချုပ်ရေးယန္တရားထဲက အဂတိလိုက်စားသူတွေနဲ့ ပူးပေါင်းလုပ်ဆောင်ကြတာပါလို့ ဂျေဆင် တာဝါက ရှင်းပြပါတယ်။
ဒီအချက်က အလွန်အရေးကြီးပါတယ်။ ဒီပြည်သူ့စစ်တွေဟာ ကြားနေအဖွဲ့အစည်းတွေ မဟုတ်ပါဘူး။ သူတို့ဟာ မြန်မာစစ်တပ်ရဲ့ ကာလရှည် မဟာမိတ်တွေဖြစ်ပြီး ကရင်ပြည်နယ်ကို ထိန်းချုပ်ဖို့နဲ့ ထိုင်းနိုင်ငံကိုသွားတဲ့ အဓိက ကုန်သွယ်ရေးလမ်းကြောင်းကို စိုးမိုးနိုင်ဖို့ စစ်တပ်က အားထားရတဲ့ လက်နက်ကိုင် ယန္တရားရဲ့ အစိတ်အပိုင်းတွေ ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်မှာ ဗိုလ်မင်းအောင်လှိုင်ကိုယ်တိုင်က ဗိုလ်စောချစ်သူကို ဂုဏ်ထူးဆောင်ဘွဲ့ ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ ဒါဟာ ဒေသတွင်း ငွေလိမ်ဂိုဏ်းတွေနဲ့ ပတ်သက်နေတဲ့ အထင်ရှားဆုံး ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးဟာ ပြင်ပကလူတစ်ယောက် မဟုတ်ဘဲ စစ်တပ်က ဘွဲ့တံဆိပ်ပေးပြီး ချီးမြှောက်ထားတဲ့ မဟာမိတ်တစ်ဦး ဖြစ်နေတယ်ဆိုတာကို ပြသနေပါတယ်။
ဒီလို အပြန်အလှန် မှီခိုနေရမှုက နိုင်ငံတကာနဲ့ ဒေသတွင်း (အထူးသဖြင့် တရုတ်နိုင်ငံ) ရဲ့ ဖိအားတွေမှာတောင် ဘာကြောင့် အကန့်အသတ်တွေ ရှိနေသလဲဆိုတာကို ရှင်းပြနေပါတယ်။ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးစင်တာ (CSIS) ရဲ့ အရှေ့တောင်အာရှ အစီအစဉ်က တွဲဖက်သုတေသီ ဒေါက်တာ Hunter Marston (ဟန်တာ မာစတန်) ကတော့ ဒေသတွင်း နှိမ်နင်းမှုတွေရဲ့ နောက်ကွယ်မှာ တရုတ်ရဲ့ ဖိအားပေးမှုက ‘နံပါတ်တစ် အကြောင်းရင်း ဖြစ်နိုင်တယ်’ လို့ ပြောပါတယ်။ ဘေဂျင်းအစိုးရရဲ့ ဦးစားပေးချက်တွေ ပိုကျယ်ပြန့်လာတယ်လို့လည်း သူက ရှုမြင်ပါတယ်။ ဗိုလ်မင်းအောင်လှိုင်ဟာ သူ့ကိုယ်သူ ပြည်သူ့ထောက်ခံမှုရထားတဲ့ အစိုးရတရပ်အဖြစ် ဟန်ဆောင်နေတဲ့အချိန်မှာ၊ သူ့အတွက် အရေးအကြီးဆုံးက လုံခြုံရေးတင်မကဘဲ စီးပွားရေး ပြန်လည်နာလန်ထူရေးပါ ဖြစ်လာတယ်လို့ ဟန်တာ မာစတန်က ဆိုပါတယ်။
“သူ့ရဲ့ နိုင်ငံရေးအကျိုးစီးပွားနဲ့ သမိုင်းကြောင်းအတွက် အထောက်အကူဖြစ်စေမှာက တိုင်းပြည်ရဲ့ စီးပွားရေးကို ပြန်လည်ပတ်နိုင်ဖို့နဲ့ တိုးတက်လာအောင် လုပ်ဖို့ပါပဲ” လို့ သူက ပြောပါတယ်။ စစ်အာဏာသိမ်းမှုကို တရားဝင်ဖြစ်စေဖို့အတွက် ဗိုလ်မင်းအောင်လှိုင်အနေနဲ့ စီးပွားရေးအောင်မြင်မှုတွေ လိုအပ်နေပြီး၊ အဲဒီအတွက် သူ့အနေနဲ့ “တရုတ်ကို လိုအပ်နေတယ်” လို့ ဟန်တာ မာစတန်က သုံးသပ်ပါတယ်။ ငွေလိမ်ဂိုဏ်းနှိမ်နင်းရေးက အရေးပါနေဆဲ ဆိုပေမယ့် ပိုပြီး ကျယ်ပြန့်တဲ့ တွက်ချက်မှုတစ်ခုရဲ့ အစိတ်အပိုင်းတစ်ခုသာ ဖြစ်ပါတယ်။ တကယ်လို့သာ ဒီဂိုဏ်းတွေကြောင့် မြန်မာနိုင်ငံရဲ့ ပုံရိပ် အကြီးအကျယ် ထိခိုက်လာမယ်၊ ဒါမှမဟုတ် “တရုတ်က ပိုပြီး ပြင်းပြင်းထန်ထန် ဖိအားပေးလာမယ်” ဆိုရင်တော့ “စစ်ကောင်စီအနေနဲ့ မလွှဲမရှောင်သာ အရေးယူလာရမယ်” လို့ ဟန်တာ မာစတန်က သုံးသပ်ပါတယ်။
အလားတူ ပုံစံမျိုးကို ကမ္ဘောဒီးယားမှာလည်း လက်ရှိမြင်တွေ့နေရပါပြီ။ ဟန်တာ မာစတန် ထောက်ပြသလိုပဲ၊ တရုတ်ရဲ့ ဖိအားပေးမှုက ပိုမိုပြင်းထန်တဲ့ အရေးယူမှုတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။ မကြာသေးခင်က ကမ္ဘောဒီးယားမှာ မြင်ခဲ့ရတဲ့ ထင်ရှားတဲ့ ကျားဖြန့်ငွေလိမ် ဂိုဏ်းခေါင်းဆောင်ပိုင်း တရားခံတွေကို လွှဲပြောင်းပေးမှုတွေနဲ့ ဥပဒေပြင်ဆင်မှုတွေဟာ “နိုင်ငံရေးအရ ပေးဆပ်ရမယ့်တန်ဖိုး အလွန်ကြီးမားလာတဲ့အခါ အရေးယူမှုတွေ ရှိလာနိုင်တယ်” ဆိုတာကို ပြသနေတယ်လို့ ဂျေဆင်တာဝါ ကလည်း ထောက်ပြပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ ပတ်သက်လာရင်တော့ သူက သံသယရှိနေဆဲပါ။
ကျားဖြန့်နှိမ်နင်းရေးမှာ အခြေခံ အကြောင်းအရင်း ပြဿနာတွေကို ရှောင်ကွင်းပြီး ဟန်ပြလုပ်ရပ်တွေပဲ ဆက်လုပ်နေဖွယ်ရှိတယ်လို့ ဂျေဆင် တာဝါက ရှုမြင်ပါတယ်။ စစ်အုပ်ချုပ်ရေးအသစ်ဟာ ငွေလိမ်ဂိုဏ်းနှိမ်နင်းရေးကို သူတို့ရဲ့ တရားဝင်မှုနဲ့ အသိအမှတ်ပြုခံရမှုအတွက် အပေးအယူလုပ်စရာ ကိစ္စတစ်ခုအဖြစ် ဆက်လက် အသုံးပြုသွားနိုင်တယ်လို့ သူက ယုံကြည်နေပါတယ်။ “လက်ရှိ နိုင်ငံရေးအကျပ်အတည်း မပြေလည်မချင်း မြန်မာနိုင်ငံက ငွေလိမ်ဂိုဏ်း ပြဿနာဟာ ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။” စစ်တပ်ရဲ့ အငြင်းပွားဖွယ် ရွေးကောက်ပွဲနဲ့ သူတို့ရဲ့ အရပ်သားပုံစံ အသွင်ကူးပြောင်းရေးဆိုတာတွေကလည်း “အမှန်တကယ် အပြောင်းအလဲဖြစ်ဖို့ ဘာတစ်ခုမှ အထောက်အကူ မပြုပါဘူး” လို့ ဂျေဆင် တာဝါက ထောက်ပြထားပါတယ်။
(အာရှရေးရာများကို တင်ဆက်နေသည့် လစဥ်ထုတ် အင်္ဂလိပ် မဂ္ဂဇင်း Democracy Asia မှာ ဖော်ပြခဲ့သည့် How scam centres control Myanmar by Nyein Chan Aye ကို စာရေးသူ ကိုယ်တိုင် မြန်မာဘာသာဖြင့် ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။ Democracy Asia ၏ ခွင့်ပြုချက်ဖြင့် ပြန်လည် ဖော်ပြခြင်းဖြစ်သည်။)
(ငြိမ်းချမ်းအေး သည် ဝါရှင်တန်ဒီစီ အခြေစိုက် မြန်မာသတင်းစာဆရာတစ်ဦးဖြစ်ပြီး မြန်မာ၊ တရုတ်နှင့် ဒေသတွင်းရေးရာများကို ရေးသားနေသူဖြစ်သည်။ ယခင်က BBCနှင့် VOA တို့တွင် အလုပ်လုပ်ကိုင်ခဲ့သည်။)



