အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဆောင်းပါး

ဗိုလ်မင်းအောင်လှိုင်ကို ဘယ်လို တရားရုံးတင်နိုင်မလဲ

နိုင်ငံတကာ ဖမ်းဝရမ်းတွေက နိုင်ငံခေါင်းဆောင်အဖြစ် ပုံရိပ်တည်ဆောက်နေတဲ့ အာဏာသိမ်းခေါင်းဆောင်ကို ကျောမလုံစေတဲ့အပြင် ကိုယ်ကျိုးရှာတရုတ်နဲ့ အိမ်နီးချင်းနိုင်ငံတချို့ရဲ့ ခြေလှမ်းတွေကိုလည်း ချေဖျက်နိုင်မှာဖြစ်ပါတယ်။

ဗိုလ်မင်းအောင်လှိုင်ဟာ အရပ်ဝတ် အရေခြုံပြီး သူ့ကိုယ်သူ နိုင်ငံခေါင်းဆောင်တစ်ယောက်လို ပုံရိပ်ပြန်တည်ဆောက်ဖို့ ကြိုးစားနေတာ ထင်ရှားပါတယ်။ ဒီလိုလုပ်ရပ်ကို ပံ့ပိုးပေးချင်တဲ့ တရုတ်လို နိုင်ငံကြီးတွေ၊ အာဆီယံနိုင်ငံတွေကြားမှာ ပြန်လည်အောင်သွယ်ပေးချင်တဲ့ ထိုင်းလို အိမ်နီးချင်းနိုင်ငံတွေလည်း ရှိနေတယ်။ ဒီလိုအခြေအနေမျိုးမှာ စစ်ရေးပြင်ပ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူတွေအနေနဲ့ အဓိက တွန်းအားပေး လုပ်ဆောင်ရမယ့်အရာကတော့ အာဏာသိမ်းပြီးနောက်ပိုင်း လူသားမျိုးနွယ်အပေါ် သူကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် လက်တွေ့ကျကျ အရေးယူနိုင်မယ့် နိုင်ငံတကာလမ်းကြောင်းတွေကို အကောင်အထည်ဖော်ဖို့ပါပဲ။

တော်လှန်ရေး အောင်မြင်ပြီးပြတ်ချိန်၊ ပြည်တွင်းတရားခွင်မှာ ကျူးလွန်သူတွေကို ပြည်သူ့ရှေ့မှောက် တရားစီရင်ရေးနဲ့ တရားမျှတမှုရှာဖွေနိုင်ဖို့က အန္တိမပန်းတိုင်ပါ။ ဒါပေမဲ့ အဲဒီအခြေအနေကို မရောက်ခင် ကြားကာလမှာ ကမ္ဘာ့တရားစီရင်ရေး စနစ်တွေကနေတဆင့် ဘယ်လောက်အထိ တကယ်ဖိအားပေးနိုင်မလဲ၊ ဘယ်လို လက်ငင်းအကျိုးကျေးဇူးတွေ ရနိုင်မလဲဆိုတာ ဆန်းစစ်ကြည့်ရအောင်ပါ။

ဘာအကျိုးရှိသလဲ၊ ဘာကြောင့် ပြောဖို့လိုသလဲ

ဖမ်းဝရမ်းထုတ်နိုင်ရင် လက်တွေ့ ဘာအကျိုးရှိမလဲ။ ချက်ချင်း လာဖမ်းနိုင်တာ မဟုတ်ဘူးဆိုရင်တောင် ပြည်ပတရားရုံးတစ်ခုခုက ဖမ်းဝရမ်းထုတ်လိုက်တာနဲ့ ဗိုလ်မင်းအောင်လှိုင်အနေနဲ့ နိုင်ငံရေးနဲ့ သံတမန်ရေးအရ အကြီးအကျယ် ထိုးနှက်ခံရမှာ ဖြစ်တယ်။ သူ အဓိကဖြစ်ချင်နေတဲ့ “မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး နိုင်ငံတကာကို သွားလာဝင်ဆံ့နေတဲ့ နိုင်ငံတော်အကြီးအကဲ” ဆိုတဲ့ ပုံရိပ်ကို ရိုက်ချိုးလိုက်သလို ဖြစ်သွားပါမယ်။

လက်ရှိ အခြေအနေမှာ ဒီအကြောင်း ဘာလို့ အရေးတကြီး ပြောဖို့လိုလဲဆိုရင် ဗိုလ်မင်းအောင်လှိုင် အရပ်ဝတ်လဲတာ တစ်လ မပြည့်သေးချိန်မှာ အနောက်တိုင်းနဲ့ အာဆီယံက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ ပိုလွှတ်ဖို့ စပြောလာနေပြီ။ အိမ်နီးချင်း ထိုင်းနဲ့ အင်အားကြီး တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိလို အဆင့်မြင့်ခေါင်းဆောင်တွေရဲ့ သံခင်းတမန်ခင်းတွေက နေပြည်တော်လမ်းဖောက်ဖို့ ခြေလှမ်းတွေ သွက်နေပြီ။ ဒါတွေက ရေရှည် မြန်မာ့ပြဿနာ ဖြေရှင်းနိုင်မှာ မဟုတ်သလို ဗိုလ်မင်းအောင်လှိုင်ရဲ့ တရားဝင်မှုကိုလည်း လုပ်ယူနိုင်မှာ မဟုတ်ပေမယ့် ဒီလမ်းကြောင်း သက်ဆိုးရှည်အောင်တော့ တတ်နိုင်ပါတယ်။

ဒါကြောင့် စစ်ရေးအခြေအနေ အပြောင်းအလဲ နှေးကွေးနေချိန်မျိုးမှာ ဒေသတွင်းနဲ့ အနောက်နိုင်ငံတွေက စစ်ကောင်စီနဲ့ ပုံမှန်ဆက်ဆံရေး ပြန်စမယ့်အန္တရာယ်၊ တော်လှန်ရေးအင်အားစုတွေကို စစ်တပ်ရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက် ပြန်ကျုံးသွင်းမယ့်အရေးကို ဒီလို ဥပဒေလမ်းကြောင်းတွေကတဆင့် “ရာဇဝတ်ကောင်” ဆိုတဲ့ ခေါင်းစဉ်နဲ့ တားဆီးထားနိုင်ဖို့ လိုပါတယ်။

လက်ရှိ နိုင်ငံတကာ အရေးယူရေး လမ်းကြောင်းများ

နံပါတ် (၁) က International Criminal Court (ICC – အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး) ပါ။ ဒါက ဗိုလ်မင်းအောင်လှိုင်ကို တိုက်ရိုက်ထိမယ့် အနီးဆုံးလမ်းကြောင်းလည်း ဖြစ်တယ်။ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့မှာ ICC တရားစွဲဆိုရေးမှူးက ဗိုလ်မင်းအောင်လှိုင်ကို လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု ခေါင်းစဉ်အောက်မှာ အကျုံးဝင်တဲ့ လူအမြောက်အမြား နေရပ်စွန့်ခွာထွက်ပြေးရတာနဲ့ ဖိနှိပ်ခံခဲ့ရတာတွေအတွက် ဖမ်းဝရမ်းထုတ်ဖို့ လျှောက်ထားခဲ့ပါတယ်။ ဒါဟာ ဗိုလ်မင်းအောင်လှိုင်ကို ပုဂ္ဂိုလ်ရေးအရ တိုက်ရိုက်တာဝန်ခံခိုင်းမယ့် လက်ရှိအားအကောင်းဆုံး လမ်းကြောင်းပါ။

ICC ဟာ ဖမ်းဝရမ်းတွေကို အများပြည်သူသိအောင် အမြဲတမ်း ကြေညာတာမျိုး မဟုတ်ဘဲ၊ အခြေအနေပေါ်မူတည်ပြီး “လျှို့ဝှက် (Under Seal)” ထားတဲ့ မူဝါဒကို ကျင့်သုံးလေ့ရှိပါတယ်။ လက်ရှိ ဗိုလ်မင်းအောင်လှိုင် ဖမ်းဝရမ်းကိစ္စ တရားသူကြီးတွေက ဘယ်လို ဆုံးဖြတ်ထားသလဲ ဆိုတာ အများပြည်သူကို ထုတ်ပြန်တာမျိုး မရှိသေးလို့ ဆုံးဖြတ်ချက် ချ၊ မချဆိုတာလည်း အတိအကျ မသိနိုင်သေးပါဘူး။ မြန်မာ့အရေး လှုပ်ရှားသူတွေအနေနဲ့ကတော့ ဒီဖမ်းဝရမ်းကို လူသိရှင်ကြား အမြန်ဆုံး ထုတ်ပြန်လာဖို့ ဆက်တိုက် တောင်းဆိုနေမှသာ နိုင်ငံရေးနဲ့ သံတမန်ရေးအရ ပိုပြီး ထိရောက်မှုရှိမှာ ဖြစ်ပါတယ်။

နေအိမ်များ မီးရှို့ဖျက်ဆီးခံရသည့်  စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ဒေသခံများက မီးသင့် အဆောက်အအုံအစိတ်အပိုင်းများ ကိုင်ဆောင်ကာ  ကန့်ကွက်ဆန္ဒပြနေစဉ်။ (ဓာတ်ပုံ- ပုလဲလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ)

ဒါပေမဲ့ ဒီလမ်းကြောင်းမှာ အကန့်အသတ်တော့ရှိပါတယ်။ လက်ရှိ ဖမ်းဝရမ်းတောင်းဆိုမှုဟာ ၂၀၁၆-၂၀၁၇ ရိုဟင်ဂျာတွေပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို အတင်းအကျပ် မောင်းထုတ်ခံရတဲ့ နယ်စပ်ဖြတ်ကျော် အမှုအခင်းတွေကိုပဲ အခြေခံထားပါတယ်။ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်တွင်းက ပြစ်မှုအားလုံးကိုတော့ ချက်ချင်း လွှမ်းခြုံနိုင်ဦးမှာ မဟုတ်သေးပါဘူး။

နံပါတ် (၂) ကတော့ ကုလသမဂ္ဂရဲ့ ပင်မတရားစီရင်ရေးအဖွဲ့အစည်း တစ်ခုဖြစ်တဲ့ International Court of Justice (ICJ) (အပြည်ပြည်ဆိုင်ရာ တရားရုံး) မှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို လူမျိုးသုဉ်းသတ်ဖြတ်မှုနဲ့ တရားစွဲထားတဲ့အမှု ဖြစ်ပါတယ်။ ဒါကတော့ ၂၀၂၁ အာဏာသိမ်းမှု မတိုင်ခင်ကတည်းက စတင်ခဲ့တာပါ။ အခုဆိုရင် ကြားနာမှုတွေ ပြီးလို့ အမိန့်ချမယ့် အဆင့်တောင် ရောက်နေပါပြီ။ ICJ ဟာ လူတစ်ဦးချင်းစီကို ဖမ်းဝရမ်းထုတ်တဲ့ တရားရုံးမဟုတ်ဘဲ၊ နိုင်ငံတစ်နိုင်ငံရဲ့ တာဝန်ရှိမှုကိုသာ ဆုံးဖြတ်တာပါ။ ဒါက ဗိုလ်မင်းအောင်လှိုင်ကို ဖမ်းဝရမ်းမထုတ်နိုင်ပေမယ့် ဥပဒေမှတ်တမ်းအနေနဲ့ အလွန်အရေးကြီးပါတယ်။ သက်သေအထောက်အထားတွေ ထိန်းသိမ်းနိုင်ဖို့နဲ့ သံတမန်ရေး ဖိအားတွေအတွက် ဆက်လက်အားကိုးရမယ့် လမ်းကြောင်းဖြစ်ပါတယ်။

နောက် နံပါတ် (၃) ကတော့ လက်ရှိ အာဂျင်တီးနားမှာ ဖွင့်ထားတဲ့ ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ခွင့် (Universal Jurisdiction) အမှု ဖြစ်ပါတယ်။ ဒါက ICC နဲ့ မတူပါဘူး။ ဒါပေမဲ့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှာ မြန်မာစစ်ဘက်နဲ့ အရပ်ဘက် တာဝန်ရှိသူလို့ စွပ်စွဲခံရသူ ၂၅  ဦးကို ဖမ်းဝရမ်းထုတ်ခဲ့တာဟာ ဥပဒေရေးရာအရရော၊ ပြယုဂ်တစ်ခု အဖြစ်ပါ ကြီးမားတဲ့ သက်ရောက်မှု တစ်ခုပါ။ ICC က သွားရခက်နေတဲ့ အကန့်အသတ်တွေကို ဒီလို ကမ္ဘာ့လွှမ်းခြုံ တရားစီရင်ရေး အမှုတွေကနေ တဆင့် ဗိုလ်မင်းအောင်လှိုင်နဲ့ စစ်ဗိုလ်အပေါင်းအပါတွေ နိုင်ငံတကာမှာ ခြေလှမ်း လှမ်းစရာ၊ နေစရာ များများစားစား မရှိအောင်လုပ်နိုင်ပါတယ်။

နောက်ဆုံး လမ်းကြောင်းကတော့ ဧပြီလ ၆ ရက်ကမှ ဒေသတွင်း အင်ဒိုနီးရှားမှာ လက်ခံလိုက်တဲ့အမှုပါ။ မြန်မာပြည်က လူမျိုးသုဉ်းသတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေအတွက် တိုင်ကြားစာကို သြဇာကြီး အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံမှာ လက်ခံလိုက်တာဟာ အရှေ့တောင်အာရှဒေသတွင်းမှာ ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ခွင့် အသုံးပြုမှုအတွက် အလွန်အရေးကြီးတဲ့ အချက်ပြမှုပါ။ ဖမ်းဝရမ်းထုတ်တဲ့အဆင့် မရောက်သေးပေမယ့် ပထမခြေလှမ်းအနေနဲ့ အလားအလာရှိပါတယ်။

ဒီနေရာမှာ နိုင်ငံရေးအရ အငြင်းပွားဖွယ်ရာနဲ့ ဥပဒေကြောင်းအရ ရှုပ်ထွေးစရာ ဖြစ်တာက အာဏာသိမ်းဖြစ်စဉ် မတိုင်ခင် ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေက အဓိကလို ဖြစ်နေတော့ ဗိုလ်မင်းအောင်လှိုင်နဲ့အတူ အရပ်သား သမ္မတနဲ့ ခေါင်းဆောင်တွေပါ အမှုတွဲ ဖြစ်နေတဲ့ ကိစ္စပါ။ ဒါကလည်း အဲဒီတုန်းက အရပ်သား အစိုးရ သမ္မတက ၂၀၀၈ အခြေခံဥပဒေအရ  တိုက်ရိုက် ခန့်အပ်လို့ မရတဲ့ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီးဌာနတွေရဲ့ အမိန့်ပေးစီးဆင်းမှုကတဆင့်သာ ရိုဟင်ဂျာတွေအပေါ် အဓိက ကျူးလွန်ခဲ့တာ ဖြစ်တာကြောင့် ဥပဒေကြောင်းအရ ပြန်လည် ဖြေရှင်းလို့ ရနိုင်ပါသေးတယ်။

ရိုဟင်ဂျာတွေအတွက်လည်း တရားမျှတမှုကို ရှာဖွေရမှာ မှန်သလို နောက်တစ်ဖက်ကလည်း ၂၀၂၁ အာဏာသိမ်း ဖြစ်စဉ်နောက်ပိုင်း မြန်မာနိုင်ငံက လူမျိုးစုံ၊ ဘာသာစုံခါးစည်းခံခဲ့ရတဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်ပြစ်မှုတွေကို ပစ်မှတ်ထားပြီး အရေးယူနိုင်ရေး တိုက်တွန်းနေဖို့ လိုပါတယ်။

ဒီနေရာမှာ အထက်မှာ ပြောခဲ့တဲ့ လမ်းကြောင်း (၄) ခု အနက် ပထမဆုံး ပြောခဲ့တဲ့ ICC  တရားစီရင်ရေးစနစ်မှာ အာဏာသိမ်းပြီးနောက်ပိုင်း ပြစ်မှုတွေကို ဘယ်လိုအရေးယူနိုင်မလဲ တိတိကျကျ ရှင်းပြဖို့ လိုလာပါတယ်။ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ကချင်၊ ကရင်၊ ကရင်နီ၊ ရှမ်း၊ ချင်း၊ ရခိုင် စတဲ့ မြန်မာနိုင်ငံတစ်ဝန်းက လေကြောင်းတိုက်ခိုက်မှုတွေ၊ ရွာလုံးကျွတ်မီးရှို့မှုတွေ၊ အကျဉ်းထောင်တွင်း ညှဉ်းပန်းနှိပ်စက်မှုတွေကို ICC က အခုချက်ချင်း အလိုအလျောက် အရေးယူခွင့် မရှိသေးပါဘူး။

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်အတွင်း လူ ၃၀ ကျော် အစုလိုက်အပြုံလိုက် မီးရှို့ခံရသည့် နေရာ၌ မီးလောင်နေဆဲ မော်တော်ယာဉ်များကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်တွင် တွေ့ရစဉ်။ (ဓာတ်ပုံ- KNDF)

ဒီပြစ်မှုတွေကို ICC ဆီရောက်ဖို့ အဓိက (၃) ချက် လုပ်နိုင်ပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ မြန်မာ့အရေးတစ်ခုလုံးကို ICC ကို တိုက်ရိုက်လွှဲပေးနိုင်ဖို့ ကြိုးပမ်းနိုင်ပါတယ်။ ဒါပေမဲ့ တရုတ်နဲ့ ရုရှားရဲ့ ဗီတိုအာဏာကြောင့် ဒါက မဖြစ်နိုင်ပါဘူး။

နောက်တစ်ခုက ICC ကို တည်ထောင်တဲ့ ရောမ ဥပဒေ သဘောတူစာချုပ် (Rome Statute) ရဲ့ ပုဒ်မ ၁၂(၃) အရ  ICC  အဖွဲ့ဝင် မဟုတ်တဲ့ မြန်မာလို နိုင်ငံမျိုးက အမှုဖြစ်စဉ် တစ်ခုချင်းအလိုက် တရားရုံးရဲ့ အာဏာ စီရင်ပိုင်ခွင့်ကို လက်ခံတာမျိုး လုပ်နိုင်ပါတယ်။ ဗိုလ်မင်းအောင်လှိုင်ကို အရေးယူနိုင်ဖို့ ဒီလိုလက်ခံကြောင်းကို  အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က ကြေညာစာ တင်ထားပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ ICC ဘက်က NUG ကို နိုင်ငံကိုယ်စားပြုအဖြစ် ဘယ်အတိုင်းအတာအထိ တရားဝင် လက်ခံမလဲဆိုတာက အဟန့်အတား ဖြစ်နေဆဲပါ။

လက်ရှိ လက်ခံထားပြီးဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်ဖြတ်ကျော် သက်ရောက်တဲ့ ပြစ်မှုတွေနဲ့ ချိတ်ဆက်နေတဲ့ ဥပမာ ရခိုင်ပြည်နယ်မှာ စစ်တပ်ရဲ့ ကျူးလွန်မှုတွေကို ဥပဒေကြောင်းအရ ချဲ့ထွင်ချိတ်ဆက်လို့လည်း ရနိုင်ပါတယ်။ ဒါပေမဲ့ ဒါဟာ ပြစ်မှုအားလုံးကို ခြုံငုံမိဖို့ ခက်ခဲပါတယ်။ ဒါဆို ICC လမ်းကြောင်းက မဖြစ်နိုင်ဘူးလားမေးရင် “မှန်တစ်ဝက်၊ မှားတစ်ဝက် ” လို့ပဲ ဖြေရပါမယ်။ အာဏာသိမ်းပြီးနောက်ပိုင်း ပြစ်မှုအားလုံးကို ICC တစ်ခုတည်းနဲ့ ချက်ချင်းအရေးယူမယ်ဆိုရင် လက်တွေ့မကျပါဘူး။

ဒါပေမဲ့ မင်းအောင်လှိုင်ကို နိုင်ငံရေး အကျပ်ရိုက်စေဖို့အပြင် သံတမန်ရေး အထီးကျန်စေပြီး ခရီးသွားလာခွင့် ကန့်သတ်ခံရတာတွေအပါအဝင် နောက်ဆက်တွဲ လက်နက်၊ ငွေကြေး၊ လောင်စာဆီ ဖြတ်တာတွေမျိုးကို တွန်းနိုင်ဖို့က ဒီလိုဖမ်းဝရမ်းတောင်းဆိုမှုတွေက အကောင်းဆုံး နိုင်ငံရေးလက်နက်၊  ဥပဒေရေးရာလက်နက် ဖြစ်နေဆဲပါ။ ICC ကို မပစ်ပယ်သင့်သလို၊ ICC တစ်ခုတည်းကိုပဲ မှီခိုမနေသင့်ဘူးလို့ ယူဆပါတယ်။

ဒါကြောင့် ICC ဖမ်းဝရမ်းထွက်ဖို့ ဆက်တွန်းရပါမယ်။ နောက် ကမ္ဘာ့လွှမ်းခြုံတရားစီရင်ခွင့်လမ်းကြောင်းမှာ အာဂျင်တီးနားနဲ့ အင်ဒိုနီးရှားကစလို့ တခြား ဥရောပနဲ့ အာဆီယံ နိုင်ငံတွေမှာပါ တိုင်ကြားစာတွေ၊ သက်သေထွက်ဆိုချက်တွေ ဆက်တိုက်တင်ပြီး အရေးယူလာနိုင်မှုဘောင်ကို ချဲ့ရပါမယ်။ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) မှာလည်း အထူးသဖြင့် ဗိုလ်မင်းအောင်လှိုင် စစ်ဝတ်စုံချွတ်ပြီး နောက်ပိုင်း   ဆက်လက်ကျူးလွန်တဲ့ လူအစုလိုက် အပြုံလိုက် သေစေတဲ့ ပြစ်မှုကြီးမျိုးတွေ၊ ဖမ်းဆီး သတ်ဖြတ်မှုတွေ အကြောင်းကို အမိန့်ပေးစီးဆင်းမှုကွင်းဆက် အပါအဝင် သက်သေခိုင်ခိုင်မာမာနဲ့ ပေးပို့တင်ပြတာမျိုး ဆက်လက် လုပ်ဆောင်ဖို့ လိုပါမယ်။

ဒီလို ရာဇဝတ်မှု ဥပဒေကြောင်းတွေနဲ့ မပြတ်တွန်းနေရင် ဗိုလ်မင်းအောင်လှိုင်ရဲ့ “အရပ်သားအစိုးရ အယောင်ဆောင်မှု” ကို နိုင်ငံတကာက လက်ခံဖို့ ပိုခက်လာမှာ ဖြစ်သလို နောက်ဆက်တွဲ အရေးယူမှုတွေ ဆက်လုပ်လာနိုင်ပါတယ်။ အနည်းဆုံးအဆင့် အနောက်နိုင်ငံတွေရဲ့ နေပြည်တော်ခရီးလမ်း နှောင့်နှေးသွားနိုင်ပါတယ်။

အရေးကြီးဆုံးကတော့ ဗိုလ်မင်းအောင်လှိုင်က တိုက်ပုံပြောင်းဝတ်ထားပေမယ့် သွေးစွန်းနေတဲ့ လက်တွေက နီရဲနေဆဲ ဆိုတာ အဆက်မပြတ်၊ အရိပ်မိုး ခြောက်လှန့်နေစေမှာပါ။ သူဟာ လူမျိုးသုဉ်းသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ပြစ်မှုစွပ်စွဲချက်တွေနဲ့ နိုင်ငံတကာရဲ့ စောင့်ကြည့်မှုအောက်မှာ အချိန်မရွေး ဖမ်းဆီးခံရနိုင်တဲ့ အခြေအနေရှိနေတယ်ဆိုတဲ့ နောက်ကျောမလုံတဲ့ အနေအထားကို ဖြစ်နေစေမှာပါ။

ဒါကြောင့် စစ်အုပ်စုရဲ့ နေပြည်တော် ကြပ်ကုန်း (ကျတ်ကုန်း) တစပြင်က သူယောင်ပွဲကို သူတို့အကျိုးစီးပွား အတွက် ဘယ်လိုနိုင်ငံမျိုးက ပုဂ္ဂိုလ်ကြီးမျိုးတွေ လာပြီး သိဒ္ဓိတင်ပေးနေပါစေ၊ ဒါကို အားမလိုအားမရနဲ့ ဒီမိုကရေစီအင်အားစုတွေက နတ်ကရာ ကျီးမော မလုပ်ဖို့ လိုပါတယ်။ စကားလုံးတွေနဲ့ ပြစ်တင် ရှုတ်ချနေရုံသာမက ဥပဒေရေးရာ မှတ်တမ်းတွေ၊ သံတမန်ရေး ဖိအားတွေ၊ ခိုင်လုံတဲ့ သက်သေအထောက်အထားတွေနဲ့ ဗိုလ်မင်းအောင်လှိုင်ကို တရားဝင်မှုလုံးဝမရစေဘဲ၊  သွားလေရာ ဥပဒေကြောင်းအရ ခြောက်လှန့်ခံနေရမယ့် အခြေအနေမျိုး ဖန်တီးထားခြင်းက အခုအချိန်မှာ လက်တွေ့အကျဆုံး နိုင်ငံတကာ အရေးယူရေး မဟာဗျူဟာပဲ ဖြစ်ပါတယ်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button