အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မင်းအောင်လှိုင်နှင့် စစ်ခေါင်းဆောင်များကိုစွဲဆိုထားသောအမှုကို တီမောတရားရုံးကတစ်ဆင့်တက် လွှဲပြောင်းစစ်ဆေးတော့မည်

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ကိုယ်တိုင်ခန့်သမ္မတဖြစ်လာအပြီး ကမ္ဘာကြီးကိုလှည့်ဖြား၍ နိုင်ငံတကာအစိုးရများနှင့် ပုံမှန်ဆက်ဆံရေးထူထောင်ရန် ကြိုးပမ်းနေသည်။

ကိုယ်တိုင်ခန့် သမ္မတနှင့် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် စစ်တပ် ထိပ်သီးတာဝန်ရှိသူများကို စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများဖြင့် အရှေ့တီမောနိုင်ငံတွင် စွဲဆိုထားသောအမှုကို တီမောတရားရေးဌာနက တရားရုံးသို့ လွှဲပြောင်းလိုက်ပြီး အမှုကိုဆက်လက် စစ်ဆေးသွားဖွယ်ရှိ‌သည်ဟု သိရသည်။

စစ်တပ်ကျူးလွန်ခဲ့သည့် ထင်ရှားသော မုဒိမ်းမှု၊ ခရစ်ယာန် သင်းအုပ်ဆရာကို သတ်ဖြတ်မှု၊ ခရစ်ယာန် ဘုရားကျောင်းများကို ပစ်မှတ်ထားတိုက်ခိုက်မှုအပါဝင် အမှု ငါးခုကို မှတ်တမ်းတင်ပြုစု၍ မင်းအောင်လှိုင်နှင့် စစ်ဘက်တာဝန်ရှိသူ ၁၀ ဦးကျော်ကို ချင်းလူ့အခွင့်အရေးအဖွဲ့(CHRO) က ယခုနှစ်ဆန်း ဇန်နဝါရီလတွင် တီမောတရားရေးဌာန (Department of Justice) ထံ တိုင်ကြားခဲ့ခြင်းဖြစ်သည်။

တီမောတရားရေးဌာနက ထိုအမှုကိုလက်ခံပြီး စစ်ဆေးနိုင်ရန် ရှေ့နေတစ်ဦးခန့်အပ်ထားရာမှ နောက်တစ်ဆင့်တက်၍ တရားရုံးသို့ လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု CHRO ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းမန်ဟရဲလျန်က Myanmar Now ကို ပြောသည်။

“ကျွန်တော်တင်သွင်းတဲ့အမှုကိစ္စနဲ့ပတ်သက်ပြီး တရားရုံးကို လွှဲလိုက်ပြီဆိုတာ ကျွန်တော်တို့သိတယ်။ တရားရုံးကို လွှဲလိုက်ပြီဆိုကတည်းက ဒီတရားရုံးကနေ ကျွန်တော်တို့ စွဲချက်တင်ထားတဲ့အတိုင်း လွတ်လွတ်လပ်လပ်လေးနဲ့ စွဲချက်တင်တဲ့သူတွေ ပုဂ္ဂိုလ်တွေကို သူတို့အမှုစစ်ဆေးမှုတွေ၊ သူတို့ရဲ့ တရားဥပဒေအတိုင်း ဆက်လက်လုပ်ဆောင်မှုတွေ အကောင်အထည်ဖော်ဖို့ လုပ်ဆောင်မယ်လို့ သိရတယ်” ဟု ၎င်းက ဆိုသည်။

အာဆီယံ၏ နောက်ဆုံးအဖွဲ့ဝင်ဖြစ်လာသည် အရှေ့တီမောနိုင်ငံသည် မြန်မာ စစ်တပ်တာဝန်ရှိသူများကို တရားစွဲဆိုမှုနှင့်ပတ်သက်၍ ပထမဆုံးလက်ခံသည့် အာဆီယံနိုင်ငံလည်းဖြစ်သည်။

ထိုအမှုနှင့်ပတ်သက်၍ တရားစီရင်ရေးဆိုင်ရာသုံးသပ်မှုလုပ်ရန် တီမောနိုင်ငံမြို့တော်ဒီလီရှိ တရားရုံးသို့ ပထမအဆင့် တင်သွင်းနိုင်ခြင်းသည် တိုးတက်မှုဖြစ်သည်ဟု မေလ ၄ ရက်တွင် CHRO၊ မြန်မာနိုင်ငံ တာဝန်ခံမှုစီမံချက်(MAP)နှင့် အခြားအဖွဲ့အစည်းတို့က ပူးတွဲသတင်းထုတ်ပြန်ခဲ့သည်။ 

အမှုကို လက်ခံစစ်ဆေးရန် ဥပဒေကြောင်းအရ တာဝန်ရှိသည့်အတိုင်း တီမောတရားရုံးက ဆုံးဖြတ်မည်ဟု ယုံကြည်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အာဏာသိမ်းစစ်အုပ်စုက ၎င်းတို့စိတ်တိုင်းကျစီစဉ်ခဲ့သည့် ရွေးကောက်ပွဲမှ ပေါ်ပေါက်လာသော လွှတ်တော်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သမ္မတအဖြစ် ကိုယ်တိုင်ဘွဲ့ထူးခံယူခဲ့ပြီးနောက် ကမ္ဘာကြီးကိုလှည့်ဖြား၍ နိုင်ငံတကာအစိုးရနှင့် ပုံမှန်ဆက်ဆံရေးထူထောင်ရန် ကြိုးပမ်းနေသည်။

သို့ရာတွင် အာဏာသိမ်း စစ်ခေါင်းဆောင်သည် နိုင်ငံတကာကအလိုရှိသည့် စစ်ရာဇဝတ်သားဖြစ်ပြီး ရိုဟင်ဂျာများအပေါ် ကျူးလွန်မှုများနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)နှင့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး(ICC) တို့တွင် စွဲဆိုထားသည့် အမှုများရှိနေသည်။

အလားတူ အာဂျင်တီးနား၊ တူရကီ၊ ဖိလစ်ပိုင်နဲ့ အရှေ့တီမောနိုင်ငံတို့တွင် တရားစွဲဆိုမှုများလည်း ရှိနေသည်ဟု မြန်မာနိုင်ငံတာဝန်ခံမှုစီမံချက်(MAP) ညွှန်ကြားရေးမှူး Chris Gunness က ထုတ်ပြန်ချက်တွင် ထည့်သွင်းပြောဆိုထားသည်။ 

“ဒီစစ်အာဏာရှင်ဟာ သမ္မတအိမ်တော်မှာ ရှိနေရမှာမဟုတ်ဘဲ ထောင်ထဲမှာပဲ ရှိနေသင့်ပါတယ်” ဟု  ဆိုသည်။ 

အရှေ့တီမောတွင် အာဏာသိမ်းစစ်တပ်ကို တရားစွဲဆိုခြင်း၊ ချင်းလူ့အခွင့်အရေးအဖွဲ့(CHRO) နှင့် တီမောသမ္မတ ဟိုဆေးရာမို့စ်ဟော်တာတို့ တွေ့ဆုံမှုအပေါ်  ပြည်တွင်းရေး ဝင်စွက်ဖက်သည်ဆိုကာ စစ်အုပ်စုက  ပြင်းပြင်းထန်ထန်တုံ့ပြန်ခဲ့ပြီး ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ တီမောသံရုံး တာဝန်ခံကိုလည်း နှင်ထုတ်ခဲ့သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်ထိန်းချုပ် တရားစီရင်ရေးစနစ်ကြောင့် စစ်ရာဇဝတ်မှုများနှင့် ပတ်သက်၍ တရားမျှတမှုမရှိသဖြင့် တီမောနိုင်ငံ၏ တရားဥပဒေလမ်းကြောင်းများအရ Universal Jurisdiction ဟုခေါ်သည့် ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်ကို လက်ခံကျင့်သုံးသည့် နိုင်ငံဖြစ်ရာ ယခုကဲ့သို့ တရားစွဲဆိုခြင်းဖြစ်သည်ဟု သိရသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button