အမေရိကန်နှင့် ဆက်ဆံရေးပြန်လည်ကောင်းမွန်လာရန် လော်ဘီလုပ်ငန်းများ ငှားရမ်းကာ ကြိုးပမ်းနေသည့် အာဏာသိမ်းစစ်အုပ်စုသည် ယခုအခါ စီးပွားရေးလမ်းကြောင်းမှတဆင့် ထိတွေ့ဆက်ဆံရန် ဆက်တိုက်ကြိုးပမ်းလာနေသည်။
စစ်အာဏာသိမ်းချိန်မှစ၍ အာဏာသိမ်းစစ်ခေါင်းဆောင်များနှင့် ၎င်းတို့အကျိုးအမြတ်ရနေသည့် စီးပွားရေးလုပ်ငန်းများကို အမေရိကန်က ပစ်မှတ်ထားအရေးယူပိတ်ဆို့ထားသလို စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများလည်း နည်းပါးသွားပြီးနောက် ယခုအခါ ကုန်သွယ်မှုများမှတဆင့် အမေရိကန်နှင့် ထိတွေ့ဆက်ဆံရန် စီစဉ်လာခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဧပြီလ ၂၉ ရက်တွင် အာဏာသိမ်းစစ်အုပ်စု၏ စီးပွားကူးသန်းဝန်ကြီးဌာနလက်အောက်ရှိ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့က ဦးဆောင်၍ အမေရိကန်ကို မြန်မာပေါ်ဆန်းဆန်တင်ပို့ရောင်းချရန် အမေရိကန်အခြေစိုက် Well Luck Co., Ltd နှင့် ဆွေးနွေးခဲ့ကြောင်း ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။
နယူးဂျာစီပြည်နယ်တွင် ရုံးချုပ်တည်ရှိပြီး အမေရိကန်နိုင်ငံအတွင်း အာရှစားသောက်ကုန်များကို ဖြန့်ဖြူး ရောင်းချသော Well Luck Co., Ltd. မှ ကိုယ်စားလှယ်များကို အာဏာသိမ်းစစ်အုပ်စု၏ ဝန်ကြီးဌာန တာဝန်ရှိသူများ၊ ကောင်စစ်ဝန်ချုပ်နှင့် ဆန်စပါးအသင်းချုပ်(MRF) ကုန်သည်များက အွန်လိုင်းမှတဆင့် တွေ့ဆုံခဲ့ကြောင်း ထိုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပေါ်ဆန်းဆန်တင်ပို့ရောင်းချရန် လိုအပ်သည့် လုပ်ငန်းစဉ်များနှင့် အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန(FDA) လိုအပ်ချက်များကို ဆွေးနွေး၍ ဆန်နမူနာအား ဦးစွာပေးပို့မည်ဖြစ်ပြီး အစပျိုးအနေဖြင့် ကွန်တိန်နာတစ်စီးခန့် တင်ပို့ရန်စီစဉ်ထားကြောင်း ထုတ်ပြန်ချက်က ဆိုသည်။
သို့သော် တန်ချိန်မည်မျှတင်ပို့မည်ကို အသေးစိတ်ထုတ်ပြန်ခြင်းမရှိပေ။
ဆန်တင်ပို့မှုသည် စီးပွားရေးအရ ဝိသေသမည်သို့ရှိမည်ကို မသိသော်လည်း စစ်အုပ်စုအနေဖြင့်စီးပွားရေးလုပ်ငန်းအချင်းချင်း ကူးသန်းရောင်းဝယ်မှုမှတဆင့် အမေရိကန်ကို ချဉ်းကပ်ခွင့်ရရန် ကြိုးစားခြင်းဖြစ်ကြောင်း စီးပွားရေးစီမံကိန်းကြီးများနှင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို လေ့လာစောင့်ကြည့်သော အမည်မဖော်လိုသည့် စီးပွားရေးလေ့လာသုံးသပ်သူ အမျိုးသားတစ်ဦးက ပြောသည်။
“စီးပွားရေးနဲ့ဝင်တာပေါ့လေ။ Business to Business (စီးပွားရေးလုပ်ငန်းအချင်းချင်း) ကတော့ လုပ်လို့ရတယ်လေ။ Sanction (အရေးယူပိတ်ဆို့မှု) ထဲမှာ မပါတဲ့လုပ်ငန်းတွေက လုပ်ခွင့်ရှိနေတယ်ပေါ့။ ဘယ်နိုင်ငံကိုပဲတင်ပို့တင်ပို့၊ ဘယ်နိုင်ငံကပဲသွင်းသွင်းပေါ့။ အမေရိကန်ကြိုက်အောင်လုပ်နေတဲ့ သဘောမျိုးပါပဲ။ အမေရိကန်နဲ့ အဆက်အသွယ်ရှိအောင်ပေါ့။ လော်ဘီတွေကလည်း အကြံပေးတာ ဖြစ်မှာပေါ့” ဟု သူက ဆိုသည်။
ယခုဆွေးနွေးမှုကြောင့် ဆန်တန်ချိန်အများအပြားတင်ပို့နိုင်မည်မဟုတ်သလို စီးပွားရေးအလောက်လောက်လားလားဖြစ်ထွန်းမည်မဟုတ်ဘဲ အမေရိကန်နှင့် ထိတွေ့ဆက်ဆံနေပြီဖြစ်ကြောင်း ပုံဖော်လိုခြင်းဖြစ်သည်ဟု သူက ဆိုသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်ပိုင်းတွင် အမေရိကန်ပဲပုပ်ဖတ်ဝယ်ရန် အမေရိကန်တာဝန်ရှိသူများနှင့် ဆန်စပါးအသင်းချုပ်(MRF) ဥက္ကဋ္ဌ ဦးဆောင်သည့်အဖွဲ့တို့ သဘောတူလက်မှတ်ရေးထိုးခဲ့ကြောင်း ရန်ကုန်ရှိ အမေရိကန်သံရုံးက သတင်းထုတ်ပြန်ခဲ့သည်။
ထို့နောက် တစ်လအကြာ မတ်လကုန်ပိုင်းတွင် အမေရိကန်သံရုံး၏အကြီးအကဲ ဆောန်နစ်ခ်က အမေရိကန်ထုတ် Ford ကုမ္ပဏီကို အားပေးကူညီရန်နှင့် အမေရိကန်ကုမ္ပဏီများ မျှတသည့် စျေးကွက်ယှဉ်ပြိုင်မှုရှိစေရန် အလေးပေးဖော်ပြလို၍ Yangon International Mobility Show ရန်ကုန်ကားပြပွဲသို့ သွားရောက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
စစ်အုပ်စုသည် မတတ်သာ၍ တရုတ်ကို အားကိုးနေရသော်လည်း အခြားတစ်ဖက်၌ အမေရိကန်နှင့် ဆက်ဆံရေးချောမွေ့လိုပြီး ကုန်သွယ်ရေးမှ တရားဝင်မှုရရန် ကြိုးပမ်းခြင်းဖြစ်နိုင်ကြောင်း နောက်ထပ် အမည်မဖော်လိုသည့် စီးပွားရေးလေ့လာသုံးသပ်သူ အမျိုးသားတစ်ဦးကလည်း ပြောသည်။
“International Trade ကို သေးသည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ လုပ်တဲ့အခါမှာ နိုင်ငံတွေက တာဝန်ခံရတာတွေရှိတယ်။ ဒါကိုလုပ်တဲ့ဟာ Legitimacy (တရားဝင်မှု) အတွက်ကို prove လုပ်နိုင်ဖို့အတွက်ပေါ့။ အကျိုးအမြတ်ရတာ မရတာကို သိပ်ဂရုထားမယ်မထင်ဘူး” ဟု သူက ပြောသည်။
“International Trade လုပ်လို့ရှိရင် နိုင်ငံတကာစည်းမျဉ်းတွေကိုလိုက်နာရတယ်လေ။ စာချုပ်တွေ ချုပ်ဆိုပိုင်ခွင့်ဆိုတဲ့ Legitimacy (တရားဝင်မှု)ရှိတယ်ပေါ့နော်။ အဲဒီလိုဟာမျိုး ချုပ်ဆိုလိုက်တယ်ဆိုရင် Legitimacy ကို အထောက်အပံ့ဖြစ်စေတယ်ပေါ့နော်။ အဲ့ဒါက ပိုအရေးကြီးတယ်လို့ထင်တယ်။ စီးပွားရေးလုပ်တာထက်စာရင် Legitimacy (တရားဝင်မှု) ကို လိုချင်လို့လုပ်တာလို့ ယူဆရတယ်။ ရှုံးချင်ရှုံးပါစေ။ ဘာမှမဖြစ်ဘူးလေ။ အရေးကြီးတာက သူ့ကို အသိအမှတ်ပြုဖို့အရေးကြီးတယ်လေ” ဟု သူက သုံးသပ်သည်။
စီးပွားကူးသန်းဝန်ကြီးဌာန၏ ကုန်သွယ်မှုစာရင်းများအရ အာဏာမသိမ်းမီ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အမေရိကန်နှင့် မြန်မာနှစ်နိုင်ငံ ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံရှိခဲ့ပြီး အာဏာသိမ်းပြီးနောက် တဖြည်းဖြည်းကျဆင်းလာခဲ့ရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ဒေါ်လာသန်း ၇၀၀ ကျော်သာရှိတော့ကြောင်း ဖော်ပြထားသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်အုပ်စုက အာဏာသိမ်းယူခဲ့ပြီးနောက် ငါးနှစ်အကြာတွင် ၎င်းတို့စိတ်တိုင်းကျ ရွေးကောက်ပွဲကျင်းပခဲ့သည်။ ယင်းနောက် စစ်ခေါင်းဆောင်က ကိုယ့်ကိုယ်ကိုယ် သမ္မတခန့်၍ အရပ်သားအစိုးရအဖြစ် ဟန်ပြပုံဖော်ပြီး နိုင်ငံတကာတွင် ပုံရိပ်ကောင်းရရန် ကြိုးပမ်းလျက်ရှိကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ဝေဖန်လျက်ရှိသည်။
ပြီးခဲ့သည့်ရက်များအတွင်း စစ်အုပ်စုက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ လူသိများသည့် လူယုံ ရော်ဂျာစတုန်းကို မြန်မာနှင့် အမေရိကန်ဆက်ဆံရေး ပြန်လည်ကောင်းမွန်လာစေရန် ၎င်းတို့၏ လော်ဘီအဖြစ်လုပ်ကိုင်ရန် ငှားရမ်းခဲ့သည်။



