မကွေးနှင့်ရခိုင်ကို ဆက်သွယ်ထားသော ဆော-မင်းတပ်လမ်းပိုင်း ဖြစ်သော မကွေးတိုင်း၊ ဆောမြို့နယ်၊ ကံကြီးရွာတွင် စစ်တပ်က အထိုင်ချတပ်စွဲလိုက်ပြီး စစ်ရေးလှုပ်ရှားနေသဖြင့် အနီးဝန်းကျင် ရွာခြောက်ရွာ ထက်မနည်းမှ ဒေသခံများ ထွက်ပြေးနေရပြီး ရခိုင်ဒေသတွင်း ကုန်ဈေးနှုန်းများ တက်လာကြောင်း စုံစမ်းသိရှိရသည်။
ဧပြီလ ၂၅ ရက်နေ့မှစတင်၍ ထိုသို့ တပ်စွဲသည့် အင်အား ၂၀၀ ခန့်ပါ စစ်ကြောင်းသည် ကျောက်ထုမြို့ အမှတ် (၃၆၈) အမြောက်တပ် (အမတ-၃၆၈)မှ ဖြစ်သည်ဟု ဆောဒေသခံတစ်ဦးက ပြောသည်။
“လောလောဆယ် ကံကြီးကျေးရွာကို စစ်ကြောင်းရောက်နေတာ ကိုးရက်ရှိပါပြီ။ အခြေအနေကတော့ စစ်ရေးကို ကျွန်တော်တို့အနေနဲ့ ပြောလို့မရပါဘူး။ (ဒေသခံတွေ ထွက်ပြေးနေရတဲ့) ရွာတွေကတော့ ကံကြီး၊ တောင့်ထက်၊ ပြင်လယ်၊ ရေရှင်၊ ကြန်တော၊ ရင့်ရဲကျေးရွာတို့ပါ။ အိမ်ခြေတစ်ရာဝန်းကျင်ရှိတဲ့ ရွာတွေပါပဲဗျ”ဟု ၎င်းက ဆိုသည်။
ကံကြီးရွာတွင် နေထိုင်သူ ၅၀၀ ဝန်းကျင်ခန့်ရှိပြီး ကျန် ငါးရွာတွင် တစ်ရာစီဝန်းကျင်ခန့် နေထိုင်ကြရာ အထက်ပါ ခြောက်ရွာမှ စစ်ရှောင်နေရသူ ၁၀၀၀ နီးပါး ရှိပြီး နီးစပ်ရာ တောတောင်များနှင့် မြို့ပေါ် ထွက်ပြေးတိမ်းရှောင်နေကြရသည်။
ယောကာကွယ်ရေးတပ်(YDF)မှ တာဝန်ရှိသူတစ်ဦးကလည်း စစ်တပ်သည် ကံကြီးရွာပတ်ဝန်းကျင် တောင်ကုန်းများတွင် နေရာယူတပ်ဖြန့်ထားပြီး အနောက်ဘက်ကပ်လျက်ရှိ ပြင်လယ်ရွာဘက်ကိုလည်း စစ်ကြောင်းထိုးနေကြောင်း ပြောသည်။
“ကံကြီးရွာအတွင်းက စာသင်ကျောင်းနဲ့ အခြားနေရာတွေမှာ ညအိပ်စခန်းချတာတွေရှိတယ်လို့ လောလောဆယ် သိထားရပါတယ်။ ဆော- မင်းတပ်လမ်းပိုင်းပေါ်က ကံကြီးရွာ သုံးလမ်းဆုံမှာလည်း ကား၊ ဆိုင်ကယ်တွေကို စစ်ဆေးမှုတွေ လုပ်နေတာလည်း ရှိပါတယ်”ဟု ထိုအမျိုးသားက ဆိုသည်။
“ကျွန်တော့အမြင်ရ ပြောရမယ်ဆိုရင်တော့ သူတို့စိုးမိုးနယ်မြေကို ချဲ့ထွင်လာတဲ့ သဘောပါ။ လက်ရှိ ကံကြီးရွာမှာ ခြေကုပ်ယူထားပြီးရင် နောက်တဆင့် ထပ်ပြီး သူတို့ရဲ့ စိုးမိုးနယ်မြေကို ချဲ့လိမ့်မယ် လို့ ထင်ပါတယ်”
ထိုဒေသ၏လတ်တလောစစ်ရေးအခြေအနေများနှင့်ပတ်သက်ပြီး ဆက်လက်မေးမြန်းသော်လည်း ၎င်းက ပြန်လည်ဖြေကြားခြင်းမရှိပေ။
ဒေသခံအခြားတစ်ဦး၏အဆိုအရ စစ်တပ် ဝင်ရောက်လာသောကြောင့် တော်လှန်ရေးတပ်ဖွဲ့များကလည်း စစ်ဆိုင်ထားသည့်အတွက် ဒေသတွင်း စစ်ရေးတင်းမာနေကြောင်း သိရသည်။
ဆောမြို့နယ်အတွင်း စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း ဒေသသတင်းများ ဖော်ပြနေသည့် ယောအလင်းတန်း Facebook စာမျက်နှာတွင်လည်း ဖော်ပြထားသည်။
ယမန်နေ့ (မေလ ၄ ရက်နေ့) ညနေတွင် မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုဒေသအတွင်း လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများရှိကြောင်း၊ လေကြောင်းမှ ရှစ်ကြိမ် ဗုံးကြဲခဲ့ကြောင်း ဖော်ပြထားသည်။ မကွေးတိုင်းယောနယ်နှင့် နယ်မြေထိစပ်နေသော ချင်းပြည်နယ်တောင်ပိုင်း ဒေသများ လေကြောင်းရန် ကြိုတင်သတိထားကြရန်လည်း တိုက်တွန်းထားသည်။
စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက မကွေးတိုင်း၊ ကျောက်ထုနယ်၊ ဆောမြို့နယ်မြောက်ခြမ်းနှင့် ချင်းပြည်နယ် မင်းတပ်နယ်စပ်တစ်လျှောက် AA နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များ လှုပ်ရှားနေကြောင်း၊ ယမန်နေ့ မေလ ၄ ရက်တွင်လည်း ဒရုန်းများ ဝဲပျံထောက်လှမ်းပြီး လေကြောင်းဗုံးကြဲရှင်းလင်းခဲ့ကြောင်း ဖော်ပြထားကြသည်။
ရခိုင်ဒေသကို ပိတ်ဆို့ဖြတ်တောက်လိုသည့် စစ်တပ်
စစ်တပ်သည် ရခိုင်ဒေသ၌ တိုက်ပွဲစတင်သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်တွင် ရခိုင်ပြည်နယ်ကို ကုန်းလမ်း၊ ရေလမ်းဖြတ်တောက်လိုက်သောကြောင့် ဒေသတွင်းကုန်စည်ရှားပါးမှုနှင့် ရင်ဆိုင်ခဲ့ရသည်။
ယင်းနောက် ချင်းပြည်နယ်၊ ပလက်ဝကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်နိုင်ပြီးနောက် ပလက်ဝ- မင်းတပ်- ကံကြီး- ဆော လမ်းပိုင်းသည် ကုန်စည်စီးဆင်းမှုနှင့် သွားလာရေးအတွက် အရေးပါသည့် လမ်းပိုင်းဖြစ်လာသည်။

သို့သော် ဆောမြို့နှင့် ၁၉ မိုင်အကွာ၊ ကျောက်ထုမြို့အနောက်တောင်ဘက် ခုနစ်မိုင်ခန့်အကွာ မကွေးတိုင်း ယောဒေသ၊ ချင်းပြည်နယ် ပလက်ဝနှင့် ရခိုင်ပြည်နယ်တို့ကို ဆက်သွယ်ထားသော လမ်းကြောင်းပေါ်ရှိ ကံကြီးရွာ ကို စစ်တပ်က ထိန်းချုပ်လိုက်သောကြောင့် ရခိုင်ကို ကုန်စည်တင်ပို့မှုပြတ်တောက်သွားကာ ဒေသတွင်း အခြေခံကုန်စည်များ အပါအဝင် ကုန်စျေးနှုန်းများ မြင့်တက်နေကြောင်း ရခိုင်ဒေသခံတစ်ဦးက ပြောသည်။
“လမ်းပိတ်လိုက်တော့ ကုန်တင်၊ ကုန်ချမရှိတော့ဘူး။ ကုန်သည်တွေလည်း မသွားရဲတော့ဘူး။ ဆိုတော့ ကုန်စျေးနှုန်းမြင့်တက်လာတယ်။ ဆေးလိပ်ကနေ စားကုန်၊သောက်ကုန်အထိ စျေးနှုန်းတွေမြင့်တက်သွားတာ” ဟု ၎င်းကဆိုသည်။
ထို့ကြောင့် ရခိုင်ဒေသတွင် ဧပြီလကုန်ပိုင်းက ကြက်သွန်နီ တစ်ပိဿာ ငွေကျပ် ၇,၀၀၀ ရှိခဲ့ရာမှ လက်ရှိ၌ တစ်ပိဿာလျှင် ကျပ် ၁၀,၀၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာ ကျပ် ၁၀,၀၀၀ ရှိခဲ့ရာမှ ကျပ် ၁၅,၀၀၀၊ ချင်းစိမ်းတစ်ပိဿာ ကျပ် ၁၀,၀၀၀ ရှိခဲ့ရာမှ ကျပ် ၁၈,၀၀၀ အထိ ဈေးနှုန်းမြင့်တက်သွားသည်။
လွန်ခဲ့သည့် မတ်လ ၁ ရက်နေ့တွင်လည်း ရခိုင်နှင့် မကွေးတိုင်း ကုန်စည်ကူးသန်းရာလမ်းကြောင်းပေါ်မှ မကွေးတိုင်း၊ မင်းတုန်းမြို့နယ်ရှိ ကုန်ကားများရပ်နားသည့်နေရာတစ်ခု လေကြောင်းမှ တိုက်ခိုက်ခံရပြီး အနည်းဆုံး ၂၅ ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့သည်။
အဆိုပါလေကြောင်းတိုက်ခိုက်မှုအတွင်း စားသုံးဆီ၊ ဆေးဝါး၊ အဝတ်အထည်စသည့် အခြေခံ လူသုံးကုန်ပစ္စည်း များ၊ ကုန်ပစ္စည်းတင်ဆောင်သည့် ကုန်ကားများမီးလောင်ပျက်စီးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း နှစ်သောင်း ဝန်းကျင်ရှိသည်။ ပုသိမ်- မုံရွာကားလမ်းအနောက်ဘက် မင်းတုန်းမြို့နယ်သည် AA သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်နယ် တောင်ကုတ်၊ အမ်းတို့နှင့်နယ်နိမိတ်ချင်း ထိစပ်နေသည်။
ထို့အပြင် နောက်ထပ် ရခိုင်ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုဖြစ်သည့် ပလက်ဝ- အိန္ဒိယလမ်းကြောင်းသည်လည်း မိုးရွာသွန်းမှုကြောင့် လမ်းများပျက်စီးနေသဖြင့် ကုန်တင်ကားများ ပိတ်မိနေသည်။ ထို့ကြောင့် ရခိုင်သို့ အခြေခံ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများ ဝင်ရောက်မှုနည်းပါးသွားသဖြင့် ကုန်စျေးနှုန်းမြင့်တက်သွားကြောင်း သိရသည်။
မေလ ၁ ရက်နေ့တွင် စတင်ပြီး ရခိုင်ဘက်နှင့် ကုန်သွယ်ရေးလမ်းကြောင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ဖွင့်လှစ်လိုက်သော်လည်း သစ်ကဲ့သို့သော ပို့ကုန်ပစ္စည်းများကိုသာ လက်ခံပြီး ဘင်္ဂလားဒေ့ရှ်ဘက်က ကုန်ပစ္စည်းများကို တင်သွင်းခွင့် မပေးသေးကြောင်း မောင်တောဒေသခံတစ်ဦးကပြောသည်။
“ကျွန်တော်တို့ဖြစ်စေချင်တာက ဒီဘက်က သစ်တင်ပြီးသွားရင် ဒီဘက်ကလိုအပ်တဲ့ ကုန်ပစ္စည်းတွေကို တင်ပြီးပြန်လာစေချင်တယ်”ဟု ၎င်းကဆိုသည်။
လတ်တလော မေလ ၄ ရက်အထိ ဘင်္ဂလားဒေ့ရှ်ဘက်မှ ကုန်ပစ္စည်းများ ဝင်ရောက်ခြင်းမရှိသေးကြောင်း သူက ဆက်ပြောသည်။
မေလ ၁ ရက်နေ့မတိုင်မီတွင် ရခိုင်သို့ပို့မည့် ကုန်ပစ္စည်းများကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များဘက်က ဖမ်းဆီးသိမ်းဆည်းမှုများရှိခဲ့ပြီး ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များနှင့် AA တို့အကြား ဆွေးနွေးခဲ့ပြီးနောက် ရခိုင်-ဘင်္ဂလားဒေ့ရှ် ထိုကုန်သွယ်ရေးလမ်းကြောင်း ပေါ်ပေါက်လာခြင်းဟု သိရသော်လည်း အသေးစိတ် အခြေအနေများ သိရှိရခြင်းမရှိသေးပေ။
ထိုဆွေးနွေးမှုနှင့် ကုန်စည်သယ်ယူမှုအခြေအနေများကို AA နှင့် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက တရားဝင် ထုတ်ပြန်ထားခြင်းမရှိသေးပေ။
AA သည် သံတွဲ၊ ရမ်းဗြဲ၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ ပေါက်တော၊ မောင်တော၊ အမ်း၊ တောင်ကုတ်၊ ဂွတို့ကို သိမ်းပိုက်ထားသည်။ ထို့အပြင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကိုလည်း သိမ်းပိုက်ထားသည်။
AA သည် ၂၀၂၇ ခုနှစ် မတိုင်မီ လက်ကျန်မြို့များဖြစ်သည့် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်တို့ကို အပြီးသတ်သိမ်းပိုက်နိုင်ရန် မျှော်မှန်းထားသည်။
မကွေးဒေသအတွင်း ကုန်သွယ်ရေးလမ်းကြောင်းများကိုလည်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ရှိပြီး လက်လွှတ်ထားရသော ရခိုင်ဒေသနယ်မြေများကို ပိတ်ဆို့ဖြတ်တောက်ရန် အာဏာသိမ်းစစ်တပ်က အမြဲ ကြိုးပမ်းနေသည်။
လက်ရှိတွင် ချင်းပြည်နယ်၊ ပလက်ဝမှတဆင့် အိန္ဒိယဘက်မှ ကုန်စည်များ၊ ဘင်္ဂလားဒေ့ရှ် ကုန်စည်များ လမ်းကြောင်းရှိသလို AA ထိန်းချုပ်သော ရခိုင်ဒေသနှင့် နယ်မြေထိစပ်နေသော မကွေးတိုင်းဘက်မှလည်း ကုန်စည်များ တင်သွင်းမှုများ ရှိနေသည်။




