ရုရှား-ယူကရိန်းစစ်ပွဲမှာ သုံ့ပန်းအဖြစ် အဖမ်းမခံဘဲ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတဲ့ စစ်သားတွေကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ချီးကျူးလိုက်ပါတယ်။
ရန်သူ့လက်ထဲ အဖမ်းမခံဘဲ လက်ပစ်ဗုံးတွေ၊ ဖောက်ခွဲရေးပစ္စည်းတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပြီး အသေခံ တိုက်ခိုက်သွားတာဟာ နိုင်ငံအပေါ် အမြင့်ဆုံး သစ္စာစောင့်သိမှုကို ပြသတာပဲလို့ မြောက်ကိုရီးယားနဲ့ ရုရှားစစ်သားတွေ တိုက်ပွဲဝင်နေတဲ့ ပုံစံတူ ကြေးရုပ်တု ဖွင့်ပွဲ ပြုလုပ်ခဲ့တဲ့ ဧပြီလ နှောင်းပိုင်းမှာ ကင်ဂျုံအန်းက ပြောဆိုခဲ့တဲ့အကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းဌာန (KCNA) က ဖော်ပြခဲ့ပါတယ်။
ရုရှားနဲ့ ယူကရိန်းစစ်ပွဲအတွင်း ကျဆုံးသွားတဲ့ မြောက်ကိုရီးယားစစ်သားတွေကို သူရဲကောင်းတွေအဖြစ် ပုံဖော်ဖို့နဲ့ မျိုးချစ်စိတ်ဓာတ်အတွက် အနစ်နာခံခဲ့ကြတယ် ဆိုတာကို ဝါဒဖြန့်ဖို့အတွက် တည်ဆောက်ထားတဲ့ ဒီကြေးရုပ်တုကို ပြုံယမ်း မြို့တော်အပြင်ဘက်က အထိမ်းအမှတ်နေရာ တစ်ခုမှာ ထားရှိထားပြီး ကျဆုံးသွားတဲ့ စစ်သားတွေရဲ့ ရုပ်အလောင်းတွေ၊ အသုံးအဆောင်
ပစ္စည်းတွေနဲ့ သိမ်းဆည်းရမိတဲ့ စစ်လက်နက်ပစ္စည်းတွေကို ပြသထားပါတယ်။
မြောက်ကိုရီးယားစစ်သားတွေဟာ ရန်သူဝိုင်းထားတာ ခံရချိန်မှာ လက်ပစ်ဗုံးကို ကိုယ်တိုင်ဖောက်ခွဲတာ၊ ဖောက်ခွဲခါနီးမှာ တခြားရဲဘော်တွေကို အဝေးမှာနေဖို့ အော်ပြောတာ ဒါမှမဟုတ် အဖမ်းမခံရအောင် ဒဏ်ရာရနေရင်းနဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေတာမျိုးတွေကို မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာတွေမှာ လနဲ့ချီပြီး အသေးစိတ် ဖော်ပြခဲ့ပါတယ်။
ထုတ်ပြန်ချက်တစ်ခုမှာတော့ စစ်သားတွေဟာ တစ်ယောက်ကိုတစ်ယောက် ဖက်ထားရင်း အုပ်စုလိုက် ၎င်းတို့ကိုယ်ကို ဖောက်ခွဲပြီး အဆုံးစီရင်ခဲ့ကြတယ်လို့လည်း ဖော်ပြခဲ့ပါတယ်။
နိုင်ငံတကာဥပဒေအရ စစ်သုံ့ပန်းတွေကို စစ်ပွဲပြီးရင် မိခင်နိုင်ငံဆီ ပြန်ပို့ပေးရလေ့ရှိပေမဲ့ အဲဒီစစ်သားတွေ မြောက်ကိုရီးယားကို ပြန်ရောက်ရင် ပြင်းပြင်းထန်ထန် အပြစ်ပေးခံရနိုင်တယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက သတိပေးနေကြပါတယ်။
တောင်ကိုရီးယားအစိုးရကတော့ ခိုလှုံခွင့်တောင်းတဲ့ မြောက်ကိုရီးယားက ဘယ်စစ်သားကိုမဆို လက်ခံသွားမယ်လို့ ပြောထားတဲ့အတွက် ဒီကိစ္စဟာ စစ်ပွဲပြီးသွားရင်တောင် ဥပဒေကြောင်းအရရော၊ သံတမန်ရေးအရပါ ဖြေရှင်းရခက်မယ့် ပြဿနာတစ်ခု ဖြစ်လာနိုင်ပါတယ်။
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။



