အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဆောင်းပါး

မင်းအောင်လှိုင်၏ လက်ကိုင်တုတ်ဖြစ်လာသော ကြံ့ခိုင်ရေးပါတီ

သန်းရွှေဖွဲ့ပေးခဲ့သည့် ကြံ့ခိုင်ရေးပါတီသည် ကိုယ်ပိုင်နိုင်ငံရေး အသက်ရှူပေါက် ရှိခဲ့သော်လည်း ယခုအခါ သမ္မတဖြစ်လိုသည့် မင်းအောင်လှိုင်၏ လက်ဝေခံပါတီအဖြစ် အသုံးချခြင်းကိုသာ ခံနေရသည်။

အာဏာသိမ်းကာလ ငါးနှစ်ကျော်ကြာလာသောအခါ စစ်အစိုးရက ပြည်သူထောက်ခံမှုမရှိသော အတုအယောင်ရွေးကောက်ပွဲကျင်းပပြီး ယူနီဖောင်းချွတ်ကာ ဒီမိုကရေစီအရပ်သား အသွင်ပြောင်းအစိုးရအဖြစ် ပုံဖော်မှုသည် သမိုင်းတပတ် ပြန်လည်လာခဲ့ပြီဖြစ်သည်။ 

သို့သော် ၂၀၂၅ ခုနှစ်တွင် မင်းအောင်လှိုင်က ရွေးကောက်ပွဲကို အကန့်အသတ်ဖြင့်ကျင်းပပြီး ဖွဲ့စည်းလိုက်သော ဒီမိုကရေစီအရေခြုံ အစိုးရအဖွဲ့သည် စစ်တပ်ကိုယ်တိုင် နိုင်ငံရေးထွက်ပေါက်အဖြစ် ပြောင်းလဲခဲ့သော ၂၀၁၀ ကာလ သိန်းစိန်အစိုးရနှင့် အသွင်သဏ္ဌာန်အားဖြင့် တူညီယောင်ဆောင်ထားသော်လည်း အနှစ်သာရအားဖြင့် များစွာကွာဟလျက်ရှိသည်။ 

အာဏာသိမ်းကာလ ငါးနှစ်ကျော်တွင် မင်းအောင်လှိုင်​၏ စစ်အစိုးရသည် ပြည်တွင်းတွင် ပြည်သူလူထု​၏ ကြီးမားသော  ခုခံစစ်ကို ကြုံတွေ့လျက်ရှိပြီး နိုင်ငံအနှံ့အပြားတွင်လည်း နယ်မြေစိုးမိုးနိုင်မှု အားနည်း၍ အလုံးစုံ ထိန်းချုပ်နိုင်စွမ်းမရှိသောကြောင့် ရွေးကောက်ပွဲအား အပိုင်း သုံးပိုင်းခွဲပြုလုပ်ခြင်းဖြင့် သက်သေထူလျက်ရှိသည်။

လက်ရှိ နိုင်ငံတကာတွင်လည်း မြန်မာနိုင်ငံအစိုးရအဖြစ် ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်​၏ ခေါင်းဆောင်တစ်ဦးဖြစ်သော နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို ဆက်လက်အသိအမှတ်ပြုထားသောကြောင့် မည်သို့ပင် အသွင်ပြောင်းစေကာမူ နိုင်ငံရေးအရလည်း တရားဝင်မှုမရှိသေးပေ။ 

၂၀၂၅ ခုနှစ် အတုအယောင်ရွေးကောက်ပွဲကာလ မတိုင်ခင်ကပင် စစ်တပ်က အဓိက အတိုက်အခံပါတီကြီးများကို   ဖျက်သိမ်းခဲ့သည်၊ စစ်တပ်​၏ လက်ဝေခံပါတီများသာ အာဏာရရှိစေရန်   ရွေးကောက်ပွဲစနစ်ကိုပါ ပြောင်းလဲပြင်ဆင်ထားသည်။ 

ထို့ကြောင့် တိုင်းပြည်၏ တည်ငြိမ်အေးချမ်းမှုကိုဖျက်ဆီးကာ နိုင်ငံတော်ပုန်ကန်မှုအပြင် စစ်ရာဇဝတ်မှုများစွာ ကျူးလွန်ထားသော မင်းအောင်လှိုင်​သည်  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီကို ၎င်းတစ်ဦးတည်း အာဏာချုပ်ကိုင်နိုင်ရန်တွက် အသုံးချနေခြင်း ဖြစ်သည်၊  ၂၀၂၀ ရွေးကောက်ခံအရပ်သားအစိုးရကို အာဏာသိမ်း၍  ပြည်သူဆန္ဒမပါသည့် စစ်တပ်​၏ ကိုယ့်ဖဲကိုယ်ချိုး စစ်အစိုးရသာဖြစ်သည်။ 

၂၀၁၀ ကာလ  ကြံ့ခိုင်ရေးပါတီ နိုင်ငံရေး အဆင့်အတန်း 

၁၉၈၈ စစ်အာဏာသိမ်းခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်သော ဗိုလ်သန်းရွှေသည် ၎င်းတို့ကျင်းပပေးသည့် ၁၉၉၀ အထွေထွေရွေးကောက်ပွဲရလဒ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေမရှိဟူသော ဆင်ခြေပေး ပစ်ပယ်ပြီးနောက် ၎င်းစိတ်ကြိုက် အခြေခံဥပဒေတစ်ခုကို ညောင်နှစ်ပင်အမျိုးသားညီလာခံခေါ်ယူကာ ၁၄ နှစ်တိုင်တိုင် ရေးဆွဲပြီး အတည်ပြုခဲ့သည်။

ထို့နောက် ၁၉၉၃ ခုနှစ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးအသင်းကို တည်ထောင်ပြီးနောက် ၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံရေးပါတီအဖြစ်ပြောင်းလဲဖွဲ့စည်းကာ ၎င်းကိုယ်တိုင်ကမူ စာဖတ်၊ အနားယူနေသည့် စာဖတ်သူကြီးအဖြစ် ပုံဖော်ပြီး နိုင်ငံရေး ကန့်လန့်ကာ နောက်သို့ ဝင်သွားခဲ့သည်။  

တပည့်များစွာကို အရပ်ဝတ်လဲစေပြီး  သမ္မတ၊  လွှတ်တော်ဥက္ကဋ္ဌ  စသဖြင့် နေရာချပေး၊ စစ်တပ်​ကိုလည်း သူရေးဆွဲခဲ့သည့် အခြေခံဥပဒေအတိုင်း လွှတ်တော်ထဲတွင် ထားခဲ့သည်။

လွှတ်တော်ထဲဝင်လိုသည့် နိုင်ငံရေးသမားအနည်းငယ်ကလည်း စစ်တပ်သည် လွှတ်တော်မှ စစ်တန်းလျားသို့ တဖြည်းဖြည်းဆုတ်ခွာသွားမည့်အစီအစဉ်ဖြစ်သည်ဟု အားပေးအားမြှောက် ပြုခဲ့ကြသေးသည်။  

ဦးသိန်းစိန်အစိုးရလက်ထက် (၂၀၁၁-၂၀၁၆) သည် မြန်မာ့နိုင်ငံရေးသမိုင်းတွင် ဆယ်စုနှစ်များစွာ ပိတ်လှောင်ထားသည့် တံခါးများကို စတင်ဖွင့်လှစ်ခဲ့သော ကာလဖြစ်သည်။ 

ထိုနောက် ပြုပြင်ပြောင်းလဲမှုပြုလုပ်ရာတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးလိုက်သည်။ 

ထို့အပြင် စာနယ်ဇင်းလောကကို ဆယ်စုနှစ်များစွာ နှိပ်ကွပ်ခဲ့သည့်  စာပေစိစစ်ရေးဌာနကို ရုပ်သိမ်းကာ ပုဂ္ဂလိကနေ့စဉ်သတင်းစာများ ထုတ်ဝေခွင့်ပြုခြင်းဖြင့် သတင်းလွတ်လပ်ခွင့်ကို မြှင့်တင်ပေးခဲ့သည်။ ပြည်တွင်းငြိမ်းချမ်းရေးအတွက်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပထမဆုံးအကြိမ် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးနိုင်ရန် ကြိုးပမ်းခဲ့ခြင်းက နိုင်ငံရေးအရ အပြုသဘောဆောင်သော ပြောင်းလဲမှုဖြစ်သည်။ 

စစ်တပ်​၏ ၂၀၁၀ နိုင်ငံရေး အခင်းအကျင်းသည် ထိုစဉ်က သိသာထင်ရှားသည့် အပြောင်းအလဲ ဖြစ်နေရာ   အနောက်နိုင်ငံတို့ကလည်း ဒဏ်ခတ်ပိတ်ဆို့မှုအချို့ကို ဖြေလျှော့ပေးပြီး ဆက်ဆံရေး ပြန်လည်တည်ဆောက် လာကြသည်။ အထူးသဖြင့် မြန်မာ-အမေရိကန် ဆက်ဆံရေးတွင် သမိုင်းဝင်ဖြစ်ရပ်အဖြစ် အမေရိကန်သမ္မတ  အိုဘားမား ကိုယ်တိုင် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သည်၊ နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်တိုးတက် လာမှုကို သက်သေပြခဲ့သည်။ 

ထိုစဉ်ကာလ အပြောင်းအလဲတွင် စိတ်ဝင်စားစရာအကောင်းဆုံးအချက်မှာ သမ္မတဦးသိန်းစိန် ဦးဆောင်သော အစိုးရအဖွဲ့နှင့် သူရဦးရွှေမန်း ဦးဆောင်သော လွှတ်တော်တို့ကြားက နိုင်ငံရေးအရ အကွဲအလွဲနှင့် အားပြိုင်မှုများပင် ဖြစ်သည်။ ၎င်းတို့နှစ်ဦးစလုံးသည် စစ်ဘက်နောက်ခံ တူညီကြပြီး အာဏာရပါတီ၏ ထိပ်သီးခေါင်းဆောင်များ ဖြစ်ကြသော်လည်း၊ လက်တွေ့တွင်မူ လွှတ်တော်သည် အစိုးရ၏ “ရုပ်သေး” မဟုတ်ကြောင်း သက်သေပြရန် ကြိုးပမ်းခဲ့ကြသည်။ 

သူရဦးရွှေမန်း ဦးဆောင်သော လွှတ်တော်သည် အစိုးရ၏ မူဝါဒများနှင့် ဘတ်ဂျက်သုံးစွဲမှုများကို  ဝေဖန်ထောက်ပြခြင်း၊ အစိုးရတင်သွင်းသော ဥပဒေကြမ်းများကို ပြင်ဆင်ပယ်ဖျက်ခြင်း၊ ဝန်ကြီးများကို လွှတ်တော်သို့ ခေါ်ယူမေးမြန်းခြင်းများ လုပ်ဆောင်ခဲ့သည်။ 

ဤကဲ့သို့သော  လွှတ်တော်အတွင်းအားပြိုင်မှုများသည် အာဏာရပါတီအတွင်း သဘောထားကွဲလွဲမှုများကို ဖြစ်စေခဲ့သော်လည်း၊ တစ်ဖက်တွင်မူ မြန်မာ့နိုင်ငံရေး၌ ကွယ်ပျောက်နေခဲ့သည့် မဏ္ဍိုင်ကြီးသုံးရပ်အကြား အပြန်အလှန် ထိန်းကျောင်းမှု (Checks and Balances) အထိုက်အလျောက် ဖြစ်ပေါ်နေကြောင်း ပြသစရာ ရှိခဲ့သည်။ ထိုစဉ်က လွှတ်တော်နိုင်ငံရေးသည် အာဏာရပါတီဝင်များအချင်းချင်းကြားတွင်ပင် ငြင်းခုံဆွေးနွေးမှုများ ရှိနိုင်ကြောင်း ပြသနိုင်ခဲ့သဖြင့် ဒီမိုကရေစီ၏ အခြေခံသဘောတရားဖြစ်သော လွှတ်တော်အခန်းကဏ္ဍကို စတင်ရှင်သန်စေခဲ့သည့် အခင်းအကျင်းတစ်ခု ဖြစ်ခဲ့ပေသည်။

ထို့ကြောင့် ကြံ့ခိုင်ရေးပါတီသည် အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေက စနစ်တကျ၊ အချိန်ယူ  ပုံဖော်ပေးခဲ့သည့် အဖွဲ့အစည်းဖြစ်သော်လည်း၊ ၂၀၁၀ နောက်ပိုင်း အစိုးရအဖွဲ့နှင့် လွှတ်တော်အတွင်း ရောက်ရှိသွားချိန်တွင်မူ ၎င်းတို့သည် နောက်ကွယ်မှ စီမံချက်များအတိုင်း လှုပ်ရှားသည့် လက်ဝေခံသက်သက် မဟုတ်ကြောင်း သက်သေပြခဲ့သည်။ 

အထူးသဖြင့် ဦးသန်းရွှေ၏ တပည့်ရင်းများဖြစ်ကြသော သမ္မတဦးသိန်းစိန် နှင့် လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့ကြားက ပြင်းထန်သော နိုင်ငံရေးအယူအဆ ကွဲလွဲမှုများသည် ပါတီကို ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ ချုပ်ကိုင်မှုအောက်မှ ကင်းလွတ်စေခဲ့သည်။ ထိုစဉ်က သမ္မတနှင့် လွှတ်တော်ဥက္ကဋ္ဌတို့အကြား အပြန်အလှန် အားပြိုင်မှု၊ ဝေဖန်မှုနှင့် ဥပဒေပြုရေးဆိုင်ရာ တင်းမာမှုများသည် နောက်ကွယ်တွင် ဦးသန်းရွှေ၏ တိုက်ရိုက်ထိန်းချုပ်မှု မရှိတော့ခြင်းကို ပြသရာရောက်သကဲ့သို့၊ ပါတီသည်လည်း ကိုယ်ပိုင်ဆုံးဖြတ်ချက်နှင့် ကိုယ်ပိုင်နိုင်ငံရေး လမ်းကြောင်းကို ဖော်ဆောင်နိုင်သည့် အဆင့်သို့ ရောက်ရှိခဲ့သည်။ 

ဦးသိန်းစိန်နှင့်ဦးရွှေမန်း နိုင်ငံရေး အကွဲအပြဲများကြောင့် ပါတီအတွင်း ၂၀၁၅ ခုနှစ်တွင် နေပြည်တော်တွင် သန်းခေါင်ယံ အာဏာသိမ်းပွဲအထိ ဖြစ်ပေါ်ခဲ့ပြီးနောက် ထိုကာလ သမ္မတ ဦးသိန်းစိန် အင်အားစုဘက်က စစ်တပ်အင်အားပြပြီး ပါတီကို ပြန်လည်ထိန်းချုပ်ခဲ့သည်။ 

ထို့အပြင် ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရပါတီဖြစ်သော အမျိူးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ကို လွှတ်တော် နိုင်ငံရေး လမ်းကြောင်းသို့ ဝင်ရောက်စေရန် စည်းရုံးနိုင်ခဲ့သည်။ ထို့ကြောင့် ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရသော NLD ကို တိုင်းပြည်အာဏာလွဲပြောင်းပေးခြင်းဖြင့် ဒီမိုကရက်တိုက်ဇေးရှင်းလမ်းကြောင်း စတင်စေခဲ့သည်။ 

ထို့ကြောင့် ၂၀၁၀ အလွန်ကာလ ကြံ့ခိုင်ရေးပါတီသည် အာဏာရှင်၏ လက်ဝေခံပါတီအဖြစ်မှ ကျော်လွန်ကာ နိုင်ငံရေးကစားကွက်အတွင်း ပီပြင်သော အစုအဖွဲ့တစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့ခြင်းဟု သုံးသပ်နိုင်သည်။  

မင်းအောင်လှိုင်၏ လက်ကိုင်တုတ် ဖြစ်သွားသော ကြံ့ခိုင်ရေးပါတီ

၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင်  ကြံ့ခိုင်ရေးပါတီ​ အပါအဝင် ပါတီပေါင်း ၃၀ ကျော် စုဝေးပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အားကိုးတကြီး သွားရောက်တွေ့ဆုံကြသည်၊ မကြာမီ အာဏာသိမ်းတော့မည့် မင်းအောင်လှိုင်ကို ထောက်ခံမှု ပြသလိုက်ကြခြင်းလည်း ဖြစ်သည်။ 

ထိုကာလက  ပါတီဥက္ကဋ္ဌ သန်းဌေးတွင် စစ်တပ်အာဏာသိမ်းကာ ရွေးကောက်ပွဲအမြန်လုပ်ပြီး ကြံ့ခိုင်ရေးပါတီ အစိုးရဖြစ်လာစေရန် ဆန္ဒရှိပုံရသည်။ 

သို့သော် တောင်တန်းပြည်မ မကျန် ပြည်သူလူထု​၏ ထုထည်ကြီးမားသော ခုခံတော်လှန်ရေးကြောင့် စစ်အာဏာသိမ်းအစိုးရ တစ်ဖွဲ့လုံးသည် ပြည်တွင်းပြည်ပတွင် တရားဝင်မှု ဆုံးရှုံးကာ မှန်းချက်နှင့်နှမ်းထွက်မကိုက်ခဲ့ပေ။ 

ထိုအထဲတွင် မင်းအောင်လှိုင်ကို ယုံကြည်အားကိုးသော ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ သန်းဌေးကိုယ်တိုင် အပါအဝင်ဖြစ်သည်။  သန်းဌေး မသိလိုက်သည်က မင်းအောင်လှိုင်အာဏာသိမ်းရခြင်း အကြောင်းပြချက်သည်  ပါတီ ၃၀ ကျော်​၏ တိုက်တွန်းချက်ထက်  နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်​၏ အတိုင်အပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် ပုဂ္ဂိုလ်ရေး အာဃာတများရှိနေခြင်း၊ ယင်းကိုယ်တိုင် သမ္မတရူး ရူးနေခြင်းတို့ကြောင့်ဖြစ်သည်။

မင်းအောင်လှိုင်က သန်းဌေးနေရာတွင် သူ၏ဝန်ကြီးတစ်ဦးဖြစ်သော ရဲချုပ်ဟောင်း ခင်ရီကို ဥက္ကဋ္ဌရာထူး၊ သူ၏လူယုံ ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းကို  ဒုဥက္ကဋ္ဌ ရာထူး ရယူစေကာ သန်းဌေးကို ဖယ်ထုတ်လိုက်သည်။ ဤနည်းဖြင့် မင်းအောင်လှိုင်က ကြံ့ခိုင်ရေးပါတီကို  သူ၏ လက်ကိုင်တုတ်ယန္တရားတစ်ခုအဖြစ် ပြောင်းလဲလိုက်သည်။ 

ထို့နောက် ကြံ့ခိုင်ရေးပါတီဝင်များက တော်လှန်ရေးတပ်ဖွဲ့တို့​၏ တည်နေရာလှုပ်ရှားမှုကို သတင်းပေးခြင်း၊ ရပ်ကွက်၊ ကျေးရွာများတွင်  ပြည်သူလူထုကို အနိုင်ကျင့် ဗိုလ်ကျခြင်းတို့ကြောင့် ခုခံတော်လှန်စစ်ဆင်နွှဲနေသော မြို့ပြပြောက်ကျား ရဲဘော်များ​က ထိုသို့ ပူးပေါင်းဆောင်ရွက်သူများကို  ဒလန်အဖြစ် သတ်မှတ်တိုက်ခိုက် ကြသည်။

အဆိုပါဖြစ်ရပ်များကြောင့် ကြံ့ခိုင်ရေးပါတီသည်  လူထုအတွင်း ပါတီစည်းရုံးရေးလုပ်ငန်းများ လုပ်နိုင်စွမ်းမရှိတော့ဘဲ ပါတီခေါင်းဆောင်ပိုင်းနှင့် ပါတီဝင်များသည် အကြမ်းဖက် စစ်တပ်​၏ ကာကွယ်မှု ထီးရိပ်အောက်သို့ လုံးလုံးလျားလျား ခိုလှုံခဲ့ရသည်။ 

၂၀၂၃ ခုနှစ်အတွင်း စစ်တပ်က အထွေထွေရွေးကောက်ပွဲ ကျင်းပရန် သိသိသာသာ ပြင်ဆင်ကာ သန်းခေါင်စာရင်း ကောက်ယူသည်၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေသစ် ထုတ်ပြန်သည်။ နောက်တစ်နှစ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းကာ အကြီးအကျယ် လိုအပ်နေသည့် တပ်သားအရင်းအမြစ် ရရှိရေးအတွက် ကြိုးပမ်းခဲ့သည်။

အဆိုပါ ၂၀၂၄-၂၀၂၅ ကာလတွင် ကြံ့ခိုင်ရေးပါတီဝင် အများအပြား လက်နက်ကိုင် ပျူစောထီး ဖြစ်လာကြသည်၊  စစ်သားသစ်စုဆောင်းရေးတွင်လည်း ရှေ့တန်းမှ ပါဝင်ခဲ့သည်။ ဤအရာကို ကြည့်ပါက ကြံ့ခိုင်ရေးပါတီဝင် အများအပြားသည် မင်းအောင်လှိုင်စစ်တပ်​ လစာပေးရန် မလိုသည့်  အရန်လက်နက်ကိုင် အဖြစ်သို့ လုံးလုံးလျားလျား ပြောင်းလဲသွားခဲ့သည်ကို တွေ့နိုင်သည်။ 

၂၀၂၅-၂၀၂၆ ကာလတွင်မူ  နိုင်ငံရေးပါတီတစ်ခုထက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ “ရွေးကောက်ပွဲ ဗျူဟာမြောက် အကောင်အထည်ဖော်ရေးအဖွဲ့” အဖြစ် ပိုမိုပီပြင်လာသည်ကို တွေ့လာရသည်။ မင်းအောင်လှိုင်နှင့် စစ်ဗိုလ်ချုပ်များက ၎င်းတို့၏ ထွက်ပေါက်အဖြစ် သတ်မှတ်ထားသော ရွေးကောက်ပွဲကို ကျင်းပရန် အားသွန်ခွန်စိုက် ကြိုးပမ်းသည့် ကာလဖြစ်ပြီး  ကြံ့ခိုင်ရေးပါတီမှာလည်း ထိုပြဇာတ်၏ အဓိကဇာတ်ဆောင်အဖြစ် ပါဝင်နေသည်။  

ဤကာလအတွင်း ပါတီသည် ရုရှား၊ တရုတ်နှင့် အိမ်နီးချင်းနိုင်ငံအချို့နှင့် ထိတွေ့ဆက်ဆံမှုများ ပိုမို ရှိလာနေသည်ကို တွေ့ရသည်၊   ၎င်းတို့ကိုယ်ကို မြန်မာ့နိုင်ငံရေး၏ တရားဝင်ကိုယ်စားလှယ်အဖြစ် ပုံဖော်နေခြင်းလည်း ဖြစ်သည်။ သို့သော် ပြည်တွင်း၌ နယ်မြေစိုးမိုးမှု ကင်းမဲ့နေခြင်း၊ အတုအယောင် ရွေးကောက်ပွဲကို ပြည်သူလူထုက ပြင်းပြင်းထန်ထန် ဆန့်ကျင်ခြင်းတို့ကြောင့် ထိုကြိုးပမ်းမှုများသည် ဟန်ပြသက်သက်သာ ဖြစ်ခဲ့သည်။ 

စစ်ကောင်စီက ပြဋ္ဌာန်းထားသော အချိုးကျကိုယ်စားပြုစနစ် (PR) သည် ကြံ့ခိုင်ရေးပါတီက အခြားသော စစ်တပ်ထောက်ခံသည့် ပါတီငယ်လေးများနှင့် ပေါင်းစည်းကာ လွှတ်တော်အတွင်း အသာစီးရရန် ကြိုးပမ်းခဲ့ခြင်းလည်း ဖြစ်သည်။ ၂၀၂၅ ခုနှစ် နှင့် ၂၀၂၆ ခုနှစ် အစောပိုင်းအတွင်း စစ်ကောင်စီက ကျင်းပရန် ကြိုးစားသည့် (အတုအယောင်) ရွေးကောက်ပွဲများတွင် ကြံ့ခိုင်ရေးသည် ပြည်သူ့ဆန္ဒထက် စစ်ကောင်စီ၏ စီမံခန့်ခွဲမှုဖြင့် “အနိုင်ရပါတီ” ဖြစ်လာရေးကိုသာ အားကိုးခဲ့သည်။ 

ယခုအခါ စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ၎င်းစိတ်ကြိုက်စီမံထားသော အတုအယောင်ရွေးကောက်ပွဲ ရလဒ်ပြီးဆုံးသောအခါ ထွက်ပေါ်လာမည့် အစိုးရသစ်ကို စစ်တပ်က အထောက်အကူပြုပေးမည်ဟု ၂၀၂၆ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် ပြောဆိုခဲ့သည်။ 

ထို့နောက် ၎င်း​၏  လူယုံတော်များဖြစ်သော စရဖ အရာရှိချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်ကြီး ကျော်စွာလင်းကို ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊  ရှမ်းမြောက်တိုက်ပွဲတွင် နောင်ချို တောင်ခမ်း ပြန်လည်သိမ်းပိုက်ရေးကြိုးပမ်းမှုတွင် အစွမ်းပြနိုင်ခဲ့သော ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးကို ညှိနှိုင်းကွပ်ကဲရေးမှူး အဖြစ် မတ်လ ၃၀ ရက်နေ့တွင် ရာထူးအသီးအသီး တိုးပေးခဲ့သည်။ 

၎င်းစီစဉ်ထားသည့် အသွင်ပြောင်း အစိုးရတရပ်အပေါ် စစ်တပ်အတွင်း ပြန်လည်စိန်ခေါ်မည့်သူ မရှိစေရန် ၎င်းအပေါ် လုံးဝသစ္စာခံသူများကို ထိပ်သီးရာထူးများ ပေးလိုက်ခြင်းဖြစ်သည်။ 

အထူးသဖြင့် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ကဲ့သို့ ထောက်လှမ်းရေးနောက်ခံရှိသူကို ကာကွယ်ရေးဦးစီးချုပ် ခန့်အပ်ခြင်းသည် စစ်တပ်အတွင်း ဖိအားပေးထိန်းချုပ်မှုနှင့် သတင်းအချက်အလက် စီးဆင်းမှုကို ပိုမိုတင်းကျပ်စွာ ကိုင်တွယ်ရန် ရည်ရွယ်ပုံရသည်။

ထို့နောက် ကိုယ့်ကိုယ်ကိုယ် ယာယီသမ္မတရာထူးခန့်ထားသော မင်းအောင်လှိုင်သည် လွှတ်တော်မှတဆင့် ပြည်သူ မရွေးချယ်သော သမ္မတရာထူးယူကာ အစိုးရအဖွဲ့ ဖွဲ့စည်းခဲ့သည်။

ပြည်ထောင်စုအင်္ဂါစဉ်အရ အရေးပါသည့် နိုင်ငံရေးရာထူးများတွင် ဒုတိယ သမ္မတများအဖြစ် ညိုစောနှင့် နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ခင်ရီ၊ ဒုတိယလွှတ်တော်ဥက္ကဋ္ဌအဖြစ် မောင်မောင်အုန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ် အောင်လင်းဒွေး၊ ဒုတိယဥက္ကဋ္ဌအဖြစ် Jeng Phang နော်တောင်၊ ပြည်ထောင်စုတရားလွှတ်တော် တရားသူကြီးချုပ် သာဌေး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ သန်းစိုး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ စိုးသိန်း၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ အောင်ဇော်သိန်း  စသဖြင့် အသီးသီး ခန့်အပ်ခဲ့သည်။ 

ထိုထဲတွင် ကြံ့ခိုင်ရေးပါတီဘက်မှ ပါတီဥက္ကဋ္ဌ ဦးခင်ရီ၊ ကရင်ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါ်နန်းနီနီအေး၊ ဦးစိုးသိန်း တို့သာ ပါဝင်လျက်ရှိသည်။ ဤသည်ကိုကြည့်ပါက ၂၀၁၀ ကာလတွင် ကြံ့ခိုင်ရေးပါတီ ရရှိခဲ့သော နိုင်ငံရေးရာထူးများနှင့်များစွာ ကွာဟနေပြီး မင်းအောင်လှိုင်သည် ကြံ့ခိုင်ရေးပါတီကို အိမ်ဖြည့်သဘောသာ ထည့်သွင်းထားကြောင်း တွေ့မြင်ရသည်။ 

အစိုးရဝန်ကြီးဌာ ၃၁ ခုတွင်လည်း ဝန်ကြီးအဖြစ်   ဒုတိယဥက္ကဋ္ဌ မျိုးဇော်သိန်း၊  ဗဟိုအလုပ်အမှုဆောင် (CEC) အဖွဲ့ဝင် မင်းကင်း မောင်မြင့်၊ တင်ဦးလွင်၊ ကိုကိုလွင်၊ မြင့်ကြိုင်၊ ခင်မောင်စိုး၊ ထွန်းအုံ၊ ရဲမြင့်ထွန်း စသည်ဖြင့် အတုအယောင်ရွေးကောက်ပွဲ အနိုင်ရပါတီဘက်က စုစုပေါင်း ရှစ်ဦးခန့်သာပါရှိသည်။

ရာထူးအားဖြင့် ကြည့်လျှင်လည်း အာဏာပါဝါအရ အရေးပါမနေပေ။ ကျန်ရှိသော ဝန်ကြီးများသည် မင်းအောင်လှိုင် တိုက်ရိုက်အဆိုပြု ခန့်အပ်သူများဖြစ်၍   အစိုးရအဖွဲ့ထဲတွင်လည်း မင်းအောင်လှိုင် အကြိုက်ဆောင်သူများသာ ဖြစ်နေပြီး အတုအယောင်ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော ကြံ့ခိုင်ရေးပါတီအနေဖြင့် မင်းအောင်လှိုင်​၏ ထားလိုစေလိုရာ အဆင့်သာ ရှိနေသည်။ 

တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ် ၁၄ ဦးခန့်အပ်ရာတွင်လည်း ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်များဖြစ်သော်လည်း အများစုမှာ စစ်အရာရှိဟောင်းများဖြစ်ကြပြီး မင်းအောင်လှိုင်​၏ လူယုံများဖြစ်ကြသည်။ 

 ယင်းအာဏာခိုင်မြဲရေးအတွက် ရွေးကောက်ပွဲအတွင်း လိုအပ်သည့်အခါ လက်ကိုင်တုတ်အဖြစ် ရေတိုအသုံးပြုပြီး ယခု အစိုးရအဖွဲ့ ဖွဲ့စည်းပြီးသည့်အခါ ချောင်ထိုးထားခြင်း ဖြစ်သည်။

ထို့အပြင် မင်းအောင်လှိုင်သည် မည်မျှပင် ကိုယ့်ဖဲကိုယ်ချိုး သမ္မတဖြစ်စေ ရိုဟင်ဂျာလူမျိုးသုဉ်း သတ်ဖြတ်မှုကိစ္စနှင့်စပ်လျဉ်း၍  အာဂျင်တီးနား၊ အရှေ့တီမော၊ အင်ဒိုနီးရှားစသည့် နိုင်ငံများ​၏ နိုင်ငံတကာတရားစီရင်မှု အခွင့်အာဏာရှိသည့် တရားရုံးများတွင် ၎င်းကို တရားစွဲဆိုထားလျက်ရှိပြီး ICJ တရားရုံးကလည်း အနှေးနှင့်အမြန်ဆိုသလို စီရင်ချက် ချမည်ဖြစ်သည်။ 

ယခင်က စစ်ဗိုလ်ချုပ်များ အရပ်သားနိုင်ငံရေးအာဏာယူသည့်အခါတွင်လည်း အရပ်ဝတ်လဲကာ ပါတီထဲဝင်ရောက်ပြီးမှ သမ္မတယူခဲ့သည့် အစဉ်အလာကို ဗိုလ်နေဝင်းနှင့်ဗိုလ်သိန်းစိန်တို့က ပြသခဲ့ပြီး ဖြစ်သည်။ သို့သော် မင်းအောင်လှိုင်သည် သမ္မတရာထူး ယူသည်အထိ စစ်တပ်ရေးဆွဲထားသည့် ၂၀၀၈ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်ကို မျက်ကွယ်ပြုလျက် ဗိုလ်ချုပ်မှူးကြီးဆိုသည့် ရာထူးအားစွဲကိုင်ထားသည်။ သူ​၏ စိတ်မလုံမခြုံမှုကို ပြသခြင်း ဖြစ်သည်။ 

ကြံ့ခိုင်ရေးပါတီကလည်း သမ္မတလုပ်မည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တရားဝင်ဂုဏ်ပြုသဝဏ်လွှာ ပေးအပ်ထားခြင်း မရှိပေ။ 

နိုင်ငံတကာတွင် တရားဝင်မှုအားလည်း တရုတ်၊ ရုရှား၊ ဘီလာရုစ်၊ ထိုင်း စသည့် မင်းအောင်လှိုင်​၏ မိတ်ဆွေအာဏာရှင်နိုင်ငံများကသာပေါ်ပေါ်ထင်ထင် ထောက်ခံထားပြီး ကုလသမဂ္ဂ၊ အီးယူ၊ အာဆီယံ အပါအဝင် ကမ္ဘာ့နိုင်ငံများတွင်လည်း သမ္မတ ဦးဝင်းမြင့် နှင့် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို မြန်မာနိုင်ငံ​၏ နိုင်ငံတော်အကြီးအကဲများအဖြစ် ဆက်လက်အသိအမှတ်ပြုထားဆဲဖြစ်သည်။ 

 ၂၀၂၆ ခုနှစ်အတွင်း ရာထူးခန့်အပ်မှုများနှင့် အစိုးရဖွဲ့စည်းပုံကို ခွဲခြမ်းစိတ်ဖြာကြည့်ပါက မင်းအောင်လှိုင်သည် ၂၀၁၀ ကာလကကဲ့သို့ ပါတီတွင်း အားပြိုင်မှု သို့မဟုတ် အာဏာခွဲဝေမှုမျိုးကို လုံးဝခွင့်မပြုတော့ဘဲ ဗိုလ်နေဝင်းကဲ့သို့ “ပုဂ္ဂိုလ်ရေးအာဏာရှင်စနစ်” (Personalist Dictatorship) ကို အပြီးသတ် တည်ဆောက်လိုက်ခြင်း ဖြစ်သည်ကို တွေ့ရသည်။ 

ပထမအချက်အနေဖြင့် စစ်တပ်၏ ထိပ်သီးရာထူးများတွင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကို ကျော်လွန်၍ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ကဲ့သို့သော ထောက်လှမ်းရေးနောက်ခံရှိသည့် မိမိ၏ လူယုံတော်များကို အထိုင်ချလိုက်ခြင်းသည် အသွင်ပြောင်းအစိုးရကာလအတွင်း ၎င်းကို စစ်တပ်အတွင်းမှ အာဏာသိမ်းမှု သို့မဟုတ် စိန်ခေါ်မှုများ မပေါ်ပေါက်စေရန် ထိန်းချုပ်လိုက်ခြင်း ဖြစ်သည်။ 

ဒုတိယအချက်အနေဖြင့် ပြည်ထောင်စုအဆင့် ရာထူးကြီးများနှင့် ဝန်ကြီးဌာနများတွင်  ကြံ့ခိုင်ရေးပါတီကို အိမ်ဖြည့် သဘောသာသာ ထည့်သွင်းထားခြင်းမှာ ပါတီ၏ နိုင်ငံရေးအဆင့်အတန်းကို အဆုံးစွန်ထိ နှိမ့်ချလိုက်ခြင်း ဖြစ်သည်။ ဝန်ကြီးဌာန ၃၀ တွင် ရှစ်ဦးခန့်သာ ပါတီဘက်မှ ပါဝင်ပြီး အရေးပါသော ဝန်ကြီးဌာနများကို မင်းအောင်လှိုင် တိုက်ရိုက်ခန့်အပ်သူများကသာ ချုပ်ကိုင်ထားခြင်းသည် ကြံ့ခိုင်ရေး အနေဖြင့် “အနိုင်ရပါတီ” ဆိုသည့် ဂုဏ်ပုဒ်ရှိသော်လည်း လက်တွေ့တွင် အုပ်ချုပ်ရေးအာဏာ လုံးဝမရှိကြောင်း ပေါ်လွင်နေသည်။ 

နောက်ဆုံးအချက်အနေဖြင့် တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်ရာထူးများတွင် စစ်အရာရှိဟောင်းများကိုသာ အဓိကထား ခန့်အပ်ခြင်းသည် စစ်ခေါင်းဆောင်အနေဖြင့် ရွေးကောက်ပွဲဖြင့် ထွက်လာသော အရပ်သားပုံစံထက် ၎င်းကို တိုက်ရိုက်သစ္စာခံသည့် စစ်ဘက်အုပ်ချုပ်ရေးပုံစံကိုသာ ယုံကြည်ကြောင်း ပြသနေသည်။ 

အချုပ်အားဖြင့် သုံးသပ်ရလျှင် ၂၀၂၅-၂၀၂၆ ကာလ မင်းအောင်လှိုင် ဦးဆောင်သော အတုအယောင်ရွေးကောက်ပွဲနှင့် အစိုးရသစ် ဖွဲ့စည်းမှုသည် ၂၀၁၀ ပြည့်နှစ်အလွန် ဦးသိန်းစိန်အစိုးရ၏ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းနှင့် အနှစ်သာရအားဖြင့် လုံးဝကွာခြားလျက်ရှိသည်။ ၂၀၁၀ ကာလတွင် ကြံ့ခိုင်ရေးပါတီသည် အာဏာရှင်၏ စီမံချက်အရ ပေါ်ပေါက်လာသော်လည်း လက်တွေ့တွင် အစိုးရနှင့် လွှတ်တော်အကြား အပြန်အလှန် ထိန်းကျောင်းမှုများဖြင့် ကိုယ်ပိုင်နိုင်ငံရေး အစုအဖွဲ့တစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့သည်။ 

သို့သော် လက်ရှိတွင်မူ မင်းအောင်လှိုင်သည် ၎င်း၏လူယုံများကိုသာ ထိပ်သီးရာထူးများတွင် အထိုင်ချကာ ကြံ့ခိုင်ရေးပါတီကို အာဏာခွဲဝေမှုမရှိသည့် “အိမ်ဖြည့်” လက်ကိုင်တုတ်အဖြစ်သာ အသုံးချပြီး ဗိုလ်နေဝင်းကဲ့သို့သော “ပုဂ္ဂိုလ်ရေးအာဏာရှင်စနစ်”  အပြီးသတ် တည်ဆောက်လိုက်ခြင်း ဖြစ်နေသည်။ ထို့ကြောင့်  မင်းအောင်လှိုင်အစိုးရသည် ပြည်သူ့ဆန္ဒမပါဝင်ဘဲ သူအာဏာတည်မြဲရေးအတွက်သာ ရည်ရွယ်သော၊ တရားဝင်မှုကင်းမဲ့သော ကိုယ့်ဖဲကိုယ်ချိုး စစ်အစိုးရသာလျှင် ဖြစ်နေပေသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button