အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

KIAနှင့် စစ်တပ် ဖားကန့်တွင်တိုက်ပွဲပြင်းထန်၊အရပ်သားအချို့ဒဏ်ရာရ

KIA ထိန်းချုပ်ထားသည့် ကျောက်စိမ်းမှော်များကိုဦးတည်သည့် စစ်တပ်၏ထိုးစစ်ကို KIA နှင့် ၎င်းတို့၏မဟာမိတ် ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်(KPDF) များ ကြားဖြတ်တိုက်ခိုက်ရာမှ တိုက်ပွဲများပြင်းထန်နေခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ယနေ့နံနက် ၃ နာရီခန့်မှစတင်ပြီး ကချင်လွတ်လပ်ရေးတပ်(KIA) နှင့် စစ်တပ်တို့အကြား ကချင်ပြည်နယ် ဖားကန့်မြို့အရှေ့ဘက် လုံးခင်းကျေးရွာနှင့် မှော်စီစာကျေးရွာအနီး ပြင်းထန်သည့်တိုက်ပွဲများ ဖြစ်ပွားနေရာ အရပ်သားအချို့လည်း ဒဏ်ရာရသွားသည်ဟု ဒေသခံများထံမှသိရသည်။

KIA ထိန်းချုပ်ထားသည့် ကျောက်စိမ်းမှော်များအား ဦးတည်သည့် စစ်တပ်၏ထိုးစစ်ကို KIA နှင့် ၎င်းတို့၏မဟာမိတ် ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ် (KPDF) များ ကြားဖြတ်တိုက်ခိုက်ရာမှ တိုက်ပွဲများပြင်းထန်နေခြင်း ဖြစ်ကြောင်းလည်း သိရသည်။

စစ်တပ်၏စစ်ကြောင်းကို လုံးခင်းနှင့် မှော်စီစာကျေးရွာအနောက်ဘက်တွင် နေရာယူထားသည့် KIA ပူးပေါင်းတပ်များက စောင့်ကြိုတိုက်ခိုက်နေပြီး စစ်ကောင်စီတပ်သည် လုံးခင်းရွာနှင့် ဆေးရုံကုန်းတွင် တပ်စွဲပြီး ရှေ့ဆက်မတက်နိုင်သေးဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“တစ်နေကုန်ဖြစ်နေတယ်၊ ဒီဘက်ကို အတိုးမခံတော့ သူတို့ ရသလောက်တိုးနေတာ (စစ်တပ်)အရမ်းလည်းအထိနာနေကြပြီ၊ အခု ဗျူဟာကုန်းကနေ လက်နက်ကြီးပစ်ကူနေတယ်” ဟု ဖားကန့် မြေပြင် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ဖားကန့်မြို့တစ်နေရာကို ၂၀၁၆ ခုနှစ်အတွင်း တွေ့ရစဉ်။(ဓာတ်ပုံ- Myanmar Now)

မွန်းလွဲပိုင်းတွင် တိုက်ပွဲခေတ္တရပ်နားခဲ့သော်လည်း ဖားကန့်မြို့ပေါ်ရှိ စစ်တပ်ဗျူဟာကုန်းက တိုက်ပွဲဖြစ်သည့်နေရာများကို လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်နေသည်ဟု သိရသည်။

ယနေ့ နံနက်ပိုင်းတွင် လုံးခင်းရွာအနီး ကုဋေရွာတွင်းသို့ လက်နက်ကြီးကျည်တစ်လုံးကျရောက်ခဲ့ရာ ဒေသခံ​အမျိုးသားတစ်ဦး ပြင်းထန် ဒဏ်ရာရခဲ့သော်လည်း တိုက်ပွဲများကြောင့် လမ်းပိတ်ထားသည့်အတွက် မွန်းလွဲချိန်အထိ ဆေးကုသခွင့် မရသေးဟု ဒေသခံ အမျိုးသားတစ်ဦးထံက သိရသည်။

“ဒဏ်ရာကများတယ် သွေးလည်းအရမ်းထွက်နေတယ်။ ဒါပေမဲ့ ဖားကန့်ဘက်ကို သွားလို့မရသေးဘူး။ ပစ်တုန်း ခတ်တုန်းဆိုတော့။ ဒီအတိုင်းကြာရင်တော့ လူနာအခြေအနေစိုးရိမ်ရတယ်။ လယ်ပြင် ကလေးလည်း အခုထိ ဆေးမကုရသေးဘူး” ဟု အဆိုပါ ဒေသခံ​အမျိုးသားက ပြောသည်။

လယ်ပြင်ရွာမှ ကလေးငယ်တစ်ဦးလည်း လက်နက်ကြီးစ ထိမှန်သည့် ဒဏ်ရာရရှိထားသည်ဟု သိရပြီး အဆိုပါကလေး၏ အခြေအနေနှင့်ပတ်သက်၍ အသေးစိတ်မသိရသေးပေ။

ထို့အပြင် လုံးခင်းနှင့် ဖားကန့်မြို့ကို ဆက်သွယ်ထားသည့် အဓိက မိန်းလမ်းမကြီးပေါ်ဖြစ်သည့် မှော်စီစာကျေးရွာ SKY ဟိုတယ်ရှေ့တွင် မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်တစ်လုံးကျရောက်နေသည်ဟု ဒေသခံအချို့က ပြောသည်။

တိုက်ပွဲကြောင့် လုံးခင်းရွာမှ ဒေသခံအများစုနှင့် မှော်စီစာမှ  ဒေသခံအချို့လည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

မွန်းလွဲပိုင်းတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်တပ်က ၎င်းတို့ တပ်စွဲထားသည့် ဆေးရုံကုန်းနှင့် လုံးခင်းရွာတွင်းမှ အနောက်ဘက်သို့ ဦးတည် တိုက်ခိုက်နေသည်ဟု သိရသည်။

ဧပြီလ ၂ ရက်တွင် လုံးခင်း၊ မှော်စီစာ ကျေးရွာများ၏ အနောက်ဘက် သုံးမိုင်ခန့်အကွာ၊ ဖားကန့်မြို့၏မြောက်ဘက် သုံးမိုင်ခန့်အကွာတွင်ရှိသည့် ဆွတ်ဘွမ်ရွာနှင့် မှော်ဝမ်းကြီးရွာအနီးတို့ရှိ ကာကင်းစခန်း ငါးခုကို KIA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့သည်။

ယခု စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်များ၏ တည်နေရာသည် အဆိုပါရွာနှစ်ရွာရှိ စခန်းများသို့ ဖြစ်နိုင်ကြောင်း ဒေသခံအချို့ကလည်း ခန့်မှန်းပြောဆိုနေကြသည်။

ဖာကန့်မြို့ပေါ်၊ ဖားကန့်မြို့ အရှေ့ဘက် ကျေးရွာများနှင့် ဖားကန့်-ကာမိုင်းလမ်းပိုင်းကို စစ်တပ်က သိမ်းပိုက်ထားပြီး KIA နှင့် ပူးပေါင်းတပ်များက ဖားကန့်မြို့ မြောက်ဘက်၊ အနောက်ဘက်ကျေးရွာများနှင့် ကျောက်စိမ်းမှော်များကို သိမ်းပိုက်ထားပြီး ဖားကန့်-ဆယ်ဇင်းလမ်းနှင့် ဖားကန့်-အင်းတော်ကြီးလမ်းတို့ကိုလည်း ထိန်းချုပ်ထားသည်။

ကချင်ပြည်နယ်အတွင်း ဖားကန့်မြို့အပြင် ရွှေကူမြို့နှင့် ဗန်းမော်မြို့တို့တွင် တိုက်ပွဲများပြင်းထန်နေပြီး စစ်တပ်ထိုးစစ်ကြောင့် တော်လှန်ရေးတပ်များက ခုခံဟန့်တားရန် ကြိုးစားနေခြင်းဖြစ်သည်။

၂၀၂၄ ခုနှစ် မတ်လမှ စတင်သည့် KIA နှင့် ပူးပေါင်းတပ်များ၏ ထိုးစစ်အတွင်း ရှမ်းပြည်နယ်ရှိ မဘိမ်းမြို့နှင့် ကချင်ပြည်နယ်အတွင်းရှိ မြို့ပေါင်း ၁၄ မြို့ကို သိမ်းပိုက်ထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button