အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်ကိုင်းတိုင်း မော်လူးမြို့ကို စစ်တပ်ပြန်ထိန်းချုပ်

လေးရက်ကြာ မြေပြင်တိုက်ပွဲများ ပြင်းထန်စွာဖြစ်ခဲ့ပြီး တော်လှန်ရေးတပ်များ မော်လူးမြို့မှ ဆုတ်ခွာပေးလိုက်ရသည်။

တော်လှန်ရေးတပ်များ နှစ်နှစ်ကျော် သိမ်းပိုက်ထားသည့် စစ်ကိုင်းတိုင်းအထက်ပိုင်း ကချင်ပြည်နယ်နှင့် နယ်နိမိတ်ထိစပ်နေသည့် မော်လူးမြို့ကို ယနေ့(မေလ ၅ရက်) နံနက် ၉ နာရီခွဲခန့်တွင် စစ်တပ်က ပြန်လည်ထိန်းချုပ်သွားပြီဟု ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်များနှင့် ဒေသခံများက ပြောသည်။

မော်လူးမြို့၏ တောင်ဘက် မိုင် ၂၀ ခန့်အကွာတွင်ရှိသည့် အင်းတော်မြို့ကို ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်တွင် စစ်တပ်က ပြန်လည်ထိန်းချုပ်ခဲ့ပြီး နှစ်ရက်အကြာ မေလ ၂ ရက်နေ့တွင် ရာနှင့်ချီသည့် အင်အားများဖြင့် မော်လူးမြို့ကို စစ်တပ်က စစ်ကြောင်းထိုး တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

လေးရက်ကြာ မြေပြင်တိုက်ပွဲများ ပြင်းထန်စွာဖြစ်ခဲ့ပြီး ယနေ့နံနက်တွင် စစ်တပ်က မော်လူးမြို့အဝင် တံတားအနီးရောက်ရှိလာရာ တော်လှန်ရေးတပ်များက မြို့မှ ဆုတ်ခွာပေးလိုက်ရခြင်းဖြစ်သည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ် အမျိုးသားတစ်ဦးက ပြောသည်။

“မနက်က ၄ နာရီကျော်လောက်ကနေ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပြီးတော့မှ ဆုတ်ပေးလိုက်တာပါ။ တိုက်ပွဲကတော့ တော်တော်လေးဖြစ်လိုက်သေးတယ်။ အဲဒါပြီးမှပဲ ဆုတ်ပေးလိုက်တာ” ဟု အဆိုပါ သတင်းရင်းမြစ်က ပြောသည်။

နံနက် ၉ နာရီခွဲခန့်တွင် တော်လှန်ရေးပူးပေါင်းတပ်များ မြို့မှဆုတ်ခွာပေးလိုက်ပြီးနောက် စစ်တပ်က မြို့တွင်းသို့ ဝင်ရောက်ခဲ့ပြီး တစ်မြို့လုံး လုံခြုံရေးယူထားလိုက်သည်ဟုလည်း သိရသည်။

မော်လူးမြို့ကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် တော်လှန်ရေးပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့ပြီး နှစ်နှစ်ကျော်အကြာတွင် စစ်တပ်ထံ ပြန်လည်လက်လွှတ်လိုက်ရခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလတွင် ကသာမြို့၌ အင်းအားများစုစည်းနိုင်ခဲ့သည့် စစ်တပ်သည် ကသာမြို့နှင့် ၁၆ မိုင်သာ ဝေးသည့် အင်းတော်မြို့ကို အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး၍ ဧပြီလ ၃၀ ရက်တွင် သိမ်းပိုက်နိုင်ခဲ့သည်။ ထို့နောက် မော်လူးမြို့ကိုလည်း လေးရက်ကြာစစ်ကြောင်းထိုး တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

စစ်တပ်သည် အဆိုပါမြို့နှစ်မြို့ကို သိမ်းပိုက်ရာတွင် ရာနှင့်ချီသည့် အင်အားများသာမက လက်နက်ကြီးနှင့် ဒရုန်းအများအပြားသုံး၍ ထိုးစစ်ဆင်ခဲ့သည်ဟု မြေပြင်တပ်ဖွဲ့ဝင်များကို ကိုးကားပြီး ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ပြန်မတိုက်ဘဲတော့ မနေဘူး လမ်းတစ်လျှောက် ပြန်ချတော့ ချကြတယ်။ လက်နက်အင်အား၊ လူအင်အား ဒရုန်းတွေ မမျှလို့။ လက်နက် ခဲယမ်းနည်းပညာအကုန်ကွာတယ်” ဟု အဆိုပါ ဒေသခံအမျိုးသားက ပြောသည်။

မော်လူးမြို့ကို သိမ်းပိုက်နိုင်ခဲ့သည့် စစ်တပ်သည် ထိုမြို့၏ မြောက်ဘက် ခြောက်မိုင်ခန့်အကွာရှိ စစ်တပ်ထိန်းချုပ်ထားသော ကချင်ပြည်နယ် နန့်စီးအောင်မြို့သို့ ဆက်လက်ထွက်ခွာမည်ဟု သတင်းများထွက်ပေါ်နေသည်။

အဆိုပါ မြို့နှစ်မြို့အား ချိတ်ဆက်မိလျှင် ရွှေဘို- မြစ်ကြီးနားလမ်းမကြီးကို စစ်တပ်က အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်တော့မည်ဖြစ်သည်။

ပြည်သူ့စစ်မှုထမ်းအင်အားများဖြင့် အင်အားပြန်ကောင်းလာသော စစ်တပ်သည် မန္တလေးတိုင်းအတွင်းရှိ ၎င်းတို့ လက်လွှတ်ထားရသည့် စဉ့်ကူး၊ သပိတ်ကျင်း၊ တကောင်းစသည့် မြို့များကို ယခု နှစ်ဆန်းပိုင်းတွင် ပြန်လည်သိမ်းပိုက်ခဲ့သည်။

ထို့နောက် ကသာမြို့သို့ စစ်ကူများပေးပို့နိုင်ခဲ့ပြီး အဆိုပါ အင်အားများဖြင့် စစ်ကိုင်းတိုင်းအတွင်းရှိ ၎င်းတို့ လက်လွှတ်ထားရသည့် မြို့များကို ပြန်လည်တိုက်ခိုက် သိမ်းယူနေခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလတွင် တော်လှန်ရေးတပ်များ သိမ်းပိုက်နိုင်ခဲ့သည့် ဗန်းမောက်မြို့ကိုလည်း လေးလကျော်ကြာပြီးနောက် ဖေဖော်ဝါရီလ ၈ ရက်တွင် စစ်တပ်နှင့် ရှမ်းနီအမျိုးသားများတပ် (SNA)တို့က ပြန်လည် သိမ်းပိုက်ခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့များကို တော်လှန်ရေးတပ်များက သိမ်းပိုက်ခဲ့ရာ အင်းတော်မြို့နှင့် ခမ်းပတ်၊ ရွှေပြည်အေး၊ မော်လူး၊​ ပင်လည်ဘူးမြို့တို့ကို သိမ်းပိုက်ထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button