အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တောင်သာတွင် NUG တပ်ဖွဲ့ဝင်များ ချုံခိုတိုက်ခိုက်ခံရပြီး ၁၁ ဦး သေဆုံး

PDF များနှင့် ပကဖများ လိုက်ပါလာသည့် မော်တော်ကားတစ်စီးကို လမ်းခရီးတစ်နေရာတွင် စစ်တပ်က ရုတ်တရက်ဝင်ရောက်တိုက်ခိုက်ခဲ့စဉ် ၁၁ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူများလည်း ရှိကြောင်း သိရသည်။

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ  တော်လှန်ရေးတပ်ဖွဲ့ဝင်များလိုက်ပါလာသည့် ကားတစ်စီး မေလ ၄ ရက်နံနက်တွင် ချုံခိုတိုက်ခိုက်ခံရပြီး တပ်စိတ်မှူး အပါအဝင် ၁၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ 

ယမန်နေ့ (မေလ ၄ ရက်) နံနက် ၉ နာရီဝန်းကျင်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တပ်ဖွဲ့ဝင် ၁၂ ဦးထက်မနည်း  လိုက်ပါလာသည့် မော်တော်ယာဉ်ကို သံဖိုရွာအဝင် တောရိုးတန်းတစ်နေရာ၌ အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း မြင်းခြံခရိုင် အမှတ် (၃) PDF တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ 

“ ကျွန်တော်တို့ မထင်မှတ်ထားတဲ့ မဲတော (ရွာ) ဘက်ကနေ တက်လာတဲ့ ခွေးကြောင်း (စစ်တပ်) တစ်ကြောင်း ပျောက်နေတာကို ဒီဘက် (PDF) စစ်ကြောင်းက သတိမထားမိလိုက်တာပေါ့။ ရွာမဝင်ခင်ကလည်း Scout ဒရုန်းနဲ့ သုံးခေါက်လေးခေါက် တက်ပျံပြီးတော့ ထောက်တယ်။ ဘယ်လိုမှမတွေ့တာ။ တောရိုးလည်း ကောင်းတယ်။ ဘယ်လိုမှမတွေ့တော့ ပုံမှန်အတိုင်း စစ်ရေးလှုပ်ရှားတယ်။ လှုပ်ရှားတဲ့ အချိန်မှာ ပွိုင့်အထိအရောက်ထိ ကားနဲ့လိုက်ပို့တာ။ ပို့တော့ ကြားထဲမှာမှ ပျောက်နေတဲ့ (စစ်တပ်) စစ်ကြောင်းက တောရိုးထဲမှာ နေရာယူပြီးတော့ ချုံခိုတိုက်ခိုက်တာပေါ့”ဟု အထက်ပါ တာဝန်ရှိသူ အမျိုးသားက  အခြေအနေကို ပြောပြသည်။

တောင်သာနယ်အတွင်း စစ်တပ်ကို တိုက်ခိုက်ရန် ထွက်လာစဉ် တိုက်ခိုက်ခံရခြင်းဖြစ်ပြီး စစ်တပ်၏ ချုံခိုတိုက်ခိုက်မှုကြောင့် အသက် ၂၀ ဝန်းကျင်အရွယ်များဖြစ်သည့် တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နှစ်ဦးနှင့် မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်းတို့မှ တပ်ဖွဲ့ဝင် ကိုးဦး စုစုပေါင်း ၁၁ ဦးသေဆုံးခဲ့သည်။  

တိုက်ခိုက်ခံရမှုကြောင့် ၁၀ ဦးသေဆုံးပြီး၊ ထိခိုက်ဒဏ်ရာရသည့် ရဲဘော်အချို့ရှိခဲ့ကာ ပေါင်တွင်ပြင်းထန်ဒဏ်ရာရထားသည့် တပ်ဖွဲ့ဝင်တစ်ဦး လမ်းခရီး၌ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

“ ၁၀ ယောက်အပြင်ကိုမှ ကယ်ထုတ်ခဲ့တဲ့အထဲကမှ ပေါင်မှန်တဲ့တစ်ယောက်ကတော့ ဆေးခန်းရောက် တဲ့အချိန်မှာ ကျဆုံးသွားတယ်။ ကျဆုံး ရဲဘော် ၁၁ ဦး ဖြစ်သွားတာပေါ့”ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။

ယမန်နေ့တိုက်ခိုက်မှုအပြီး စစ်တပ်က သံဘိုရွာဘက်သို့ အင်အားအလုံးအရင်းဖြင့် ဆက်တိုးလာကြောင်း ၎င်းက ဆက်ပြောသည်။ 

စစ်တပ်ဝါဒဖြန့်တယ်လီဂရန်ချန်နယ်များတွင် တောင်သာမြို့နယ်၊ ရွှေစည်ကြီးရွာဘက်မှ သံဘိုရွာဘက်သို့ မောင်းနှင်လာသည့် ကားကို ကင်းပုန်းဝပ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ယူနီဖောင်းဝတ်နှင့် အရပ်ဝတ် ရုပ်အလောင်းများကို စီတန်းထားသည့် ဓာတ်ပုံများနှင့် ရုပ်အလောင်းများကို ကားပေါ်တင်မီးရှို့သည့် ဓာတ်ပုံများကိုလည်း ဖော်ပြထားကြသည်။ 

ထို့အပြင် ကားတစ်စီးနှင့် MA 1၊ MA 3  အမျိုးအစားအပါအဝင် လက်နက်ငယ် ခုနစ်လက်၊ လက်ပစ်ဗုံးများ၊ ကျည်ကာအင်္ကျီ၊ ဦးထုပ်၊ ကျည်ဘောက်စသည့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိသည်ဟု  ၎င်းတို့ဖော်ပြချက်၌ ပါရှိသည်။ 

စစ်တပ်ဝါဒဖြန့်တယ်လီဂရန်များ ဖော်ပြထားသည့် တောင်သာမြို့နယ်မှ သိမ်းဆည်းရလက်ခဲယမ်း များ။

မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်းမှာ မြင်းခြံ နာမည်ကြီး ပြည်သူ့စစ်ခေါင်းဆောင် ဒေါ်သီတာယုမွန်၏ ခင်ပွန်းဖြစ်သူ ဒုပျူခေါင်းဆောင် ဦးစိန်လွင်ကို ယခုနှစ် ဇန်နဝါရီလတွင် ဖမ်းဆီးခဲ့သော တပ်ရင်းဖြစ်သည်။

တောင်သာမြို့နယ်တွင် အရေးပါသည့် လမ်းကြောင်းများကို ပြန်လည်ခြေကုပ်ယူနိုင်ရန် စစ်တပ်က ယခုနှစ် နှစ်ဆန်းကတည်းက လက်နက်လူအင်အားအလုံးအရင်းဖြင့် ဖိအားပေးထိုးစစ်ဆင်နေခြင်း ဖြစ်ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ဆိုသည်။ 

ဧရာဝတီမြစ်အရှေ့ဘက်ကမ်းရှိ သုံးပွင့်ဆိုင် တည်ရှိနေသော မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာမြို့နယ်တို့သည် တော်လှန်ရေးအင်အားစုများနယ်မြေစိုးမိုးမှုအားကောင်းခဲ့သလို စစ်တပ်ကလည်း လက်နက် တပ်ဆင်ပေးထားသည့် ပျူစောထီး (ပြည်သူ့စစ်)များလည်း အင်အားတောင့်တင်းရာ ဒေသဖြစ်သည်။ 

ရှမ်းမန်းစစ်ဆင်ရေးအတွင်း မန္တလေး မြောက်ဘက်ရှိ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း၊ တကောင်းတို့ကို တော်လှန်ရေးအင်အားစုများက သိမ်းပိုက်နိုင်ခဲ့ပြီး မန္တလေးတောင်ပိုင်း မြင်းခြံဒေသတွင် နယ်မြေ စိုးမိုးကာ အခိုင်အမာ ခြေကုပ်ယူနိုင်ခဲ့သည်။ 

ထို့နောက် ရှမ်းမြောက်တွင် တရုတ်ကြားဝင်မှုဖြင့် အပစ်ရပ်သွားပြီးနောက် နိုင်ငံအလယ်ပိုင်းကို ယမန်နှစ် နှစ်လယ်မှစ၍ စစ်ရေး ဖိအားပေးလာနိုင်ခဲ့ပြီး မန္တလေးတိုင်းမှ လက်လွှတ်ထားရသည့် မြို့အားလုံးကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။ 

တပြိုင်တည်းတွင်ပင် မြင်းခြံခရိုင်တွင်လည်း ပြီးခဲ့သည့်နှစ် ဩဂုတ်လမှစပြီး ရဲကွန်မန်ဒို စစ်ကြောင်း  အပါအဝင် ပခုက္ကူအခြေစိုက် တပ်မ ၁၀၁၊ တပ်မ ၉၉ လက်အောက်ခံ တပ်များအပါအဝင် ပြည်သူ့စစ်များလည်းပါဝင်သည့် အင်အားအလုံးအရင်းသုံးရုံသာမက ဒရုန်းများပါ ကျယ်ကျယ်ပြန့်ပြန့်သုံး၍ စစ်ကြောင်းထိုးပြီး နယ်မြေစိုးမိုးမှုပြန်ရရန် ထိုးစစ်ဆင်နေသည်။ 

“စစ်ကြောင်းက စထိုးပြီဆိုရင် တစ်ရွာကိုဝင်ရင် ထွက်တဲ့အခါမှာနောက်ချန်အင်အားထားခဲ့တယ်။ နောက်ချန်အင်အား ၂၀ ၊ ၂၅ အဲ့ဒီလိုထားခဲ့ပြီးမှ ရှေ့ကိုဆက်ထိုးတာ။ နောက်က ပစ (ပြည်သူ့စစ်) ကို လိုက်ဖြည့်တာပေါ့”ဟု မြင်းခြံမြို့နယ်မှ သတင်းထောက်လှမ်းရေး တာဝန်ယူထားသည့် PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ 

မြင်းခြံနယ်တွင် စစ်တပ်လက်ချက်ကြောင့် နေအိမ်ပေါင်း ရာနှင့်ချီ ပြာကျပျက်စီးခဲ့ပြီး ကျေးရွာပေါင်း တစ်ဒါဇင်ကျော်မှ ဒေသခံများမှာလည်း ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button