အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဆောင်းပါး

စစ်တပ်က ပြည်သူကို ဗုံးကြဲသတ်ဖြတ်နိုင်ရန် တရုတ်နှင့် ထိုင်းနိုင်ငံက လေယာဉ်ဆီ ထောက်ပံ့နေ

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည်  စစ်ရှုံးနိမ့် လက်လွှတ်ဆုံးရှုံးခဲ့ရသော မြို့ရွာများရှိ အရပ်သား ပြည်သူများ၏ နေအိမ်များကို  ခေတ်မီတိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ သယ်ယူပို့ဆောင်ရေး လေယာဉ်များ အသုံးပြုပြီး ဗုံးကြဲဖျက်ဆီးသတ်ဖြတ်မှုများ ဆက်တိုက်ပြုလုပ်လာခဲ့သည်မှာ ငါးနှစ်ကျော် ရှိခဲ့ပြီ ဖြစ်သည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည်  စစ်ရှုံးနိမ့် လက်လွှတ်ဆုံးရှုံးခဲ့ရသော မြို့ရွာများရှိ အရပ်သား ပြည်သူများ၏ နေအိမ်များကို  ခေတ်မီတိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ သယ်ယူပို့ဆောင်ရေး လေယာဉ်များ အသုံးပြုပြီး ဗုံးကြဲဖျက်ဆီးသတ်ဖြတ်မှုများ ဆက်တိုက်ပြုလုပ်လာခဲ့သည်မှာ ငါးနှစ်ကျော် ရှိခဲ့ပြီ ဖြစ်သည်။

နိုင်ငံအချင်းချင်းဖြစ်ပွားသော စစ်ပွဲဖြစ်စေ၊ နိုင်ငံတစ်ခု၏ ပြည်တွင်းစစ်ဖြစ်စေ အရပ်သားပြည်သူများကို ပစ်မှတ် ထား ဗုံးကြဲတိုက်ခိုက်သတ်ဖြတ်ခြင်း မပြုရ၊ အရပ်ဘက်အခြေခံအဆောက်အဦများဖြစ်သော ဆေးရုံများ၊ စာသင် ကျောင်းများ၊ ဘုရားကျောင်းများ စသည့် နေရာများကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်ခြင်းမပြုရ ဆိုသည့်အချက်မှာ ဂျနီဗာကွန်ဗန်းရှင်းအပါအဝင် နိုင်ငံတကာဥပဒေများက အတိအလင်း တားမြစ်ထားပြီး၊ ထိုကဲ့သို့ ကျူးလွန်မှုများကို ကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်ခြင်းမှာ  စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သော ရာဇဝတ်မှု မြောက်ပါသည်။

စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုအပါအဝင် ချင်းပြည်နယ်အတွင်း ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများအတွက် ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ယခုနှစ် ဇန်နဝါရီလတွင် နိုင်ငံတကာတရားစီရင်ခွင့် (Universal Jurisdiction) ကို လက်ခံကျင့်သုံးလျက်ရှိသော အရှေ့ တီမောနိုင်ငံတွင် တရားစွဲဆိုရန် ကြိုးပမ်းခဲ့ရာ၊ တီမောအစိုးရ ရှေ့နေချုပ်ရုံးက လက်ခံခဲ့ပြီး၊ ယခုအခါ ဆက်လက် စုံစမ်းစစ်ဆေးရန် တရားရုံးသို့ လွှဲပြောင်းပေးလိုက်ပြီဟု သိရှိရသည်။

ဇန်နဝါရီလအတွင်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ က စစ်တပ်သည် အရပ်သားပြည်သူများကို ဗုံးကြဲ သတ်ဖြတ်နိုင်ရန် လေယာဉ်ဆီကို အီရန်နိုင်ငံမှ “‌တစ္ဆေင်္ဘောများ” (Ghost Ships) ဖြင့် တင်သွင်းနေကြောင်း ခြေရာခံထားသည့် ဂြိုဟ်တုမှတ်တမ်းများနှင့်တကွ သတင်းထုတ်ပြန်ခဲ့သည်။ စင်စစ် အာဏာသိမ်းစစ်တပ်သည် လေယာဉ်ဆီကို  အခြားနိုင်ငံများမှလည်း တင်သွင်းလျက် ရှိသည်။ 

အထူးသဖြင့် လွန်ခဲ့သော ငါးနှစ်လုံးလုံး စစ်တပ်လိုအပ်သော လေယာဉ်ဆီကို အဓိကတင်ပို့ အကူအညီပေးနေသည်မှာ အိမ်နီးချင်း တရုတ်နှင့် ထိုင်းနိုင်ငံတို့ ဖြစ်သည်။ ထိုနှစ်နိုင်ငံက မြန်မာနိုင်ငံသို့ လေယာဉ်ဆီ တင်ပို့ပေးလျက် ရှိကြောင်း အဆိုပါ နှစ်နိုင်ငံ၏ နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာ အကောက်ခွန်မှတ်တမ်းများကို Myanmar Now ၏ ခြေရာခံ စိစစ်လေ့လာချက်များအရ တွေ့ရှိရသည်။ 

၂၀၂၅ ခုနှစ် ဧပြီလတွင် မကွေးတိုင်း ၊ ရေစကြိုမြို့နယ်၊ သာဂေါင်ကြီးရွာစာသင်ကျောင်းကို လေကြောင်း တိုက်ခိုက်ခံရပြီးနောက် တွေ့ရစဉ်။ (ဓာတ်ပုံ- Yesagyo Township Info Committee)

မကြာသေးမီက တရုတ်နှင့် ထိုင်း နိုင်ငံခြားရေးဝန်ကြီးများသည် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို နေပြည်တော်သို့ သွားရောက်တွေ့ဆုံပြီး၊ အတုအယောင်ရွေးကောက်ပွဲဖန်တီး၍ ကိုယ့်ကိုယ်ကိုယ် တင်မြှောက်ထားသော ကိုယ်တိုင်ခန့် သမ္မတရာထူး ရယူနိုင်ခြင်းကို  အသိအမှတ်ပြု ချီးကျူးဂုဏ်ပြုခဲ့ကြသည်။ ထိုလုပ်ရပ်သည် မြန်မာပြည်သူတို့၏ ဆန္ဒသဘောထားနှင့် ဆန့်ကျင်နေပြီး၊ နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သော ကုလသမဂ္ဂနှင့် အာဆီယံတို့၏ လက်ရှိရပ်တည်ချက်များနှင့်လည်း ဆန့်ကျင်လျက်ရှိသည်။ 

မြန်မာစစ်တပ်ကို လေယာဉ်ဆီ ထောက်ပံ့နေသော တရုတ်နိုင်ငံ

၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအထိ တရုတ်နိုင်ငံသည် မြန်မာစစ်တပ်ကို  ဒေါ်လာ ၃၁ ဒသမ ၀၇ သန်း တန်ဖိုးရှိသော လေယာဉ်ဆီ လီတာ ၅၂ ဒသမ ၈၂ သန်းကို ၃၆ ကြိမ် တင်ပို့ရောင်းချခဲ့သည်။ တရုတ်အစိုးရ အကောက်ခွန်ဌာန မှတ်တမ်းများအရ အဓိကတင်သွင်းခဲ့သောဒေသနှစ်ခုမှာ ဘေကျင်း (Beijing) နှင့် ကွမ်တုန်း (Guangdong) တို့ဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။ 

တည်နေရာများကို လေ့လာကြည့်သည့်အခါ ကွမ်တုန်းသည် တောင်တရုတ်ပင်လယ်ကို မျက်နှာမူထားသော ကမ်းရိုးတန်းပြည်နယ်ဖြစ်ပြီး၊ ဘေကျင်းနှင့်နှိုင်းယှဉ်လျှင် မလက္ကာရေလက်ကြားကို ဖြတ်၍ မြန်မာနိုင်ငံသို့ လေယာဉ်ဆီကို သင်္ဘောဖြင့်တင်ပို့ပေးနိုင်သော အနီးဆုံးပြည်နယ် ဖြစ်သည်။ ဘေကျင်းသည် အရှေ့ တရုတ်ပင်လယ်အနီး ကုန်းတွင်းပြည်နယ်ဒေသဖြစ်ပြီး မြန်မာနိုင်ငံနှင့် အလှမ်းဝေးသည်။ စစ်တပ်ကို လေယာဉ်ဆီ တင်သွင်းနေသော တရုတ်ကုမ္ပဏီများ၏ အမည်ကို အကောက်ခွန်မှတ်တမ်းတွင် ဖော်ပြထားခြင်း မရှိသော်လည်း၊ ထိုဒေသနှစ်ခုတွင် အခြေစိုက်သော တရုတ်ရေနံကုမ္ပဏီများ (ဥပမာ PetroChina) က စစ်တပ်ကို လေယာဉ်ဆီ တင်သွင်းနေသဖြင့် ထိုဒေသနှစ်ခုကို ဖော်ပြထားခြင်း ဖြစ်နိုင်ပါသည်။ 

အထက်ဖော်ပြပါ ဇယား (၁) ကို လေ့လာမည်ဆိုလျှင် လွန်ခဲ့သော ငါးနှစ်အတွင်း တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ လေယာဉ်ဆီ အများဆုံးတင်ပို့ခဲ့သော နှစ်များမှာ ၂၀၂၁ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်တို့ ဖြစ်သည်။ ၂၀၂၁ ခုနှစ်သည် စစ်အာဏာသိမ်းသည့်နှစ်ဖြစ်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် နိုင်ငံတကာဖိအား အများဆုံး ရင်ဆိုင်ခဲ့ရသောနှစ် ဖြစ်သည်။ 

အာဏာသိမ်းမှုဂယက်ကြောင့် မြန်မာ့ဆိပ်ကမ်းများသို့ နိုင်ငံတကာ သင်္ဘောလိုင်းများ ပြေးဆွဲမှု ရပ်ဆိုင်းခဲ့သော ကာလတစ်ခု ရှိခဲ့သည်။ ထိုနှစ်တွင် အာဏာသိမ်းစစ်တပ်သည် နိုင်ငံတကာဆက်ဆံရေးတွင် အခက်ခဲဆုံး         အခြေအနေ တစ်ခုကို ရင်ဆိုင်ခဲ့ရသဖြင့်၊ အိမ်နီးချင်းတရုတ်နိုင်ငံထံက လေယာဉ်ဆီ လီတာ ၁၈ ဒသမ ၅၇ သန်းကို ငါး ကြိမ် ဝယ်ယူ တင်သွင်းခဲ့သည်။ ယင်းသည် စစ်တပ်က ပြည်သူများကို ဗုံးကြဲသတ်ဖြတ်နေသည်ကို သိပါလျက်နှင့် တရုတ်နိုင်ငံက လက်တွေ့ကျကျ ထောက်ပံ့ကူညီခဲ့သည့် သက်သေအထောက်အထား ဖြစ်သည်။

၂၀၂၄ ခုနှစ်သည် “၁၀၂၇ စစ်ဆင်ရေး” ကြောင့် အာဏာသိမ်းစစ်တပ် အကြီးအကျယ် စစ်ရှုံးနိမ့်သောနှစ် ဖြစ်ပြီး၊ ပြန်လည် ထိုးစစ်ဆင်နိုင်ရေး ပြင်ဆင်သောကာလ ဖြစ်ခဲ့သည်။ ထိုနှစ်တွင် တရုတ်နိုင်ငံမှ လေယာဉ်ဆီ လီတာ   ၁၈ ဒသမ ၈၉ သန်းကို ကိုးကြိမ် ဝယ်ယူတင်သွင်းခဲ့သည်။ ၂၀၂၅ ခုနှစ်တွင် စစ်တပ်သည် တရုတ်နိုင်ငံမှ လေယာဉ်ဆီ တင်သွင်းမှု ထက်ဝက်ကျော် လျော့ကျသွားသည်ကို လေ့လာတွေ့ရှိရသည်။ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသော အီရန်နိုင်ငံမှ လေယာဉ်ဆီ တင်သွင်းခဲ့သည် အချက်အလက်များနှင့် တိုက်ဆိုင်စိစစ်ကြည့်သည့်အခါ ကျိုးကြောင်းဆီလျော်မှုရှိနေသည်ကို လေ့လာတွေ့ရှိရသည်။ 

ခြုံ၍သုံးသပ်ရလျှင် လွန်ခဲ့သော ငါးနှစ်ကာလ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ လေယာဉ်ဆီ တင်ပို့မှု အတက်အကျ ညွှန်းကိန်းများသည် အောက်တွင်ဖော်ပြမည့် ထိုင်းနိုင်ငံမှ လေယာဉ်ဆီတင်သွင်းမှု၊ အီရန်နိုင်ငံမှ တင်သွင်းမှု အခြေအနေများနှင့် တိုက်ရိုက်ချိတ်ဆက်နေသည်ကို လေ့လာတွေ့ရှိရသည်။ 

မြန်မာစစ်တပ်ကို လေယာဉ်ဆီ ထောက်ပံ့နေသော ထိုင်းနိုင်ငံ

လွန်ခဲ့သော ငါးနှစ်အတွင်း (၂၀၂၁ – ၂၀၂၅) ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံသို့ ဒေါ်လာ ၂၂ ဒသမ ၁၄ သန်း (ထိုင်းဘတ်ငွေ ၇၆၈ ဒသမ ၅၀ သန်း) တန်ဖိုးရှိသော လေယာဉ်ဆီ လီတာ ၂၇ ဒသမ ၁၈ သန်းကို ၂၄ ကြိမ် တင်ပို့ရောင်းချခဲ့ကြောင်း ထိုင်းအစိုးရ၏ အကောက်ခွန်ဌာန မှတ်တမ်းများအရ လေ့လာတွေ့ရှိရသည်။ 

အောက်ဖော်ပြပါ ဇယား (၂) ကို လေ့လာကြည့်မည်ဆိုလျှင် လေယာဉ်ဆီ အများဆုံး တင်ပို့ခဲ့သော နှစ်များမှာ ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်တို့ဖြစ်ကြောင်း လေ့လာတွေ့ရှိရမည် ဖြစ်သည်။ အဆိုပါ နှစ်များသည် မြန်မာနိုင်ငံတွင် ပြည်တွင်းစစ်မီး အရှိန်ပြင်းထန်ခဲ့သော နှစ်များဖြစ်ပြီး၊ စစ်တပ်၏ အရေးပေါ် လေယာဉ်ဆီလိုအပ်ချက်ကို မြန်မြန် ဖြည့်ဆည်းပေးနိုင်သော တစ်ခုတည်းသောနိုင်ငံမှာ ထိုင်းနိုင်ငံဖြစ်သည်။ ထိုင်းနိုင်ငံသည် လေယာဉ်ဆီကို ကုန်းလမ်းမှ တင်ပို့နိုင်သလို၊ ထိုင်းနှင့် မြန်မာ ဆက်စပ်နေသော ပင်လယ်လမ်းကြောင်းမှလည်း အချိန်တိုအတွင်း အမြန်ဆုံး တင်ပို့နိုင်သော ခရီးအကွာအဝေးတွင် ရှိနေပါသည်။   

ဇယား (၁) နှင့် (၂) ကို နှိုင်းယှဉ်လေ့လာကြည့်မည်ဆိုလျှင် တရုတ်နှင့် ထိုင်းနိုင်ငံတို့မှ လေယာဉ်ဆီတင်သွင်းမှု အများဆုံး နှစ်များနှင့် အနည်းဆုံးနှစ်များသည် ဟန်ချက်ညီနေသည်ကို တွေ့ရမည်ဖြစ်သည်။ ထိုအထောက်အထားသည် တိုက်ဆိုင်မှုမဟုတ်ဘဲ၊ စစ်တပ်က နှစ်အလိုက် လေယာဉ်ဆီတင်သွင်းမှုကို တရုတ်၊ ထိုင်း၊ အီရန် စသည့် နိုင်ငံများထံမှ အချိုးကျနှင့် အလှည့်ကျ ဟန်ချက်ညီတင်သွင်းနေကြောင်း ညွှန်ပြနေသည့် သက်သေအညွှန်းကိန်းများ ဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။ 

ယခုအခါ ရာထူးမှ ဖယ်ရှားခံခဲ့ရပြီး လူမြင်ကွင်းမှ ရုတ်တရက်ပျောက်ဆုံးသွားသော စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက အမေရိကန်- အီရန် စစ်ပွဲစတင်ဖြစ်ပွားချိန်တွင် မြန်မာနိုင်ငံက လောင်စာဆီ အကျပ်အတည်း မဖြစ်ကြောင်း၊ အဘယ့်ကြောင့်ဆိုသော လောင်စာဆီကို မလေးရှားနှင့် ဗီယက်နမ်နိုင်ငံတို့ထံက အဓိကတင်သွင်းနေခြင်းဖြစ်ကြောင်း ပြောဆိုခဲ့ဖူးသည်။ ထိုစကားမှန်ကန်ပါက စစ်တပ်ကို လေယာဉ်ဆီ ထောက်ပံ့နေသော နိုင်ငံများထဲ မလေးရှားနှင့် ဗီယက်နမ်တို့ ပါဝင်နေသလားဟု  မေးခွန်းထုတ်စရာ ဖြစ်လာပါသည်။ ထိုနှစ်နိုင်ငံ၏ အကောက်ခွန်မှတ်တမ်းများကိုမူ ရှာဖွေလေ့လာနိုင်ခြင်း မရှိသေးပါ။

ခြုံငုံသုံးသပ်ရမည်ဆိုလျှင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အဓိက အိမ်နီးချင်းမဟာမိတ် တရုတ်နှင့် ထိုင်းနိုင်ငံ တို့သည် မင်းအောင်လှိုင် နိုင်ငံတကာအသိုက်အဝန်းထဲ ပြန်လည်ဝင်ရောက်နိုင်ရေး ဝိုင်းဝန်းကူညီနေကြသည်မှာ မြန်မာနိုင်ငံထဲမှ ၎င်းတို့၏ စီးပွားရေးအကျိုးစီးပွားများကို လက်ဝါးကြီးအုပ် ချုပ်ကိုင်မှုပိုမိုရရှိနိုင်ရေးအတွက် ဖြစ်ပြီး၊ မြန်မာပြည်သူများအပေါ် ရက်ရက်စက်စက် ဗုံးကြဲသတ်ဖြတ်နေမှုတွင် သွယ်ဝိုက်၍ ပါဝင်ပတ်သက်နေကြ ခြင်းကို ဖုံးကွယ်ထားကြသူများ ဖြစ်နေသည်။ တရုတ်နှင့် ထိုင်းအစိုးရတို့၏ အဆိုပါ လုပ်ရပ်သည် နိုင်ငံတကာဥပဒေများကို ကျင့်ဝတ်သိက္ခာမဲ့  ပြောင်ပြောင်တင်းတင်း မျက်ကွယ်ပြု ချိုးဖောက်နေခြင်းပင် ဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button