အသက် ၄၃ နှစ်အရွယ် နိုင်ငံရေးသမားတယောက်ဖြစ်တဲ့ ရဲဘော်ဘိုဘိုဟာ စစ်အာဏာရှင်တော်လှန်ရေးမှာ လက်နက်ကိုင် တိုက်ပွဲဝင်လာတာ အခုဆို ၅ နှစ်ကျော်လာပါပြီ။
သူဟာ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တယောက်ဖြစ်ပြီး ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲ နှစ်ကြိမ်ဆက်တိုက် အနိုင်ရခဲ့သူပါ။
၂၀၂၀ ရွေးကောက်ပွဲအပြီး၊ ပြည်သူပေးတဲ့ မဲဆန္ဒနဲ့ လွှတ်တော်တက်ဖို့ ပြင်ဆင်နေချိန်မှာပဲ စစ်တပ်က အာဏာသိမ်းလိုက်ပါတယ်။ အာဏာသိမ်းပြီး မကြာခင်မှာပဲ သူ့ကို ဖမ်းဆီးဖို့ စစ်တပ်က လာရောက်ရှာဖွေခဲ့ပါတယ်။
ဖမ်းဆီးမှုကနေ လွတ်မြောက်ခဲ့တဲ့နောက် ရဲဘော်ဘိုဘိုဟာ သူ့မြို့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို ရှေ့ဆုံးကနေ ဦးဆောင်ခဲ့ပါတယ်။ ဒါပေမယ့် စစ်တပ်ရဲ့ အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုတွေ ပိုမိုပြင်းထန်လာချိန်မှာတော့ သူဟာ လက်နက်ကိုင်တော်လှန်ရေးလမ်းကြောင်းကို ရွေးချယ်ခဲ့ပါတယ်။
လက်ရှိမှာတော့ ရဲဘော်ဘိုဘိုဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပဲခူးတိုင်း စစ်ဌာန လက်အောက်က ဗျူဟာ ၂၄ စစ်ဒေသရဲ့ ဗျူဟာမှူးအဖြစ် တာဝန်ယူနေသူ ဖြစ်လာပါပြီ။
လွှတ်တော်ကိုယ်စားလှယ်ဘဝကနေ တောထဲက ရဲဘော်ဘဝဆီ၊ အဲဒီကနေ စစ်ဒေသတခုကို ဦးဆောင်ရတဲ့ ဗျူဟာမှူးတယောက်အဖြစ် ရောက်လာတဲ့အထိ သူဖြတ်သန်းခဲ့ရတဲ့ ခရီးက မလွယ်ကူခဲ့ပါဘူး။
နိုင်ငံရေးသမားဘဝကနေ ယုံကြည်ချက်တခုအတွက် လက်နက်ကိုင်တော်လှန်ရေးလမ်းကြောင်းကို ရွေးချယ်ခဲ့တဲ့ ရဲဘော်ဘိုဘိုရဲ့ ဖြတ်သန်းမှုတွေ၊ သူတာဝန်ယူထားတဲ့ ဗျူဟာ ၂၄ စစ်ဒေသရဲ့ အခြေအနေတွေ၊ အဲဒီဒေသမှာ ဖြစ်ပျက်ပြောင်းလဲနေတဲ့ စစ်ရေးအခြေအနေတွေကို သိရှိနိုင်ဖို့ Myanmar Now သတင်းထောက်တွေက မြေပြင်မှာ သွားရောက်တွေ့ဆုံ မေးမြန်းထားပါတယ်။
မေးမြန်း – စောရယ် ၊ တင်ဆက်/တည်းဖြတ် – ကိုလှိုင်း
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။



