အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်သမ္မတ Ferdinand R. Marcos Jr. ဦးဆောင်၍ ဖိလစ်ပိုင်နိုင်ငံ စီဘူးမြို့တွင် မေလ ၈ ရက်နေ့က ကျင်းပခဲ့သော ၄၈ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးက မြန်မာ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အာဆီယံ၏ နိုင်ငံရေးအရ အမြင့်ဆုံး ထိပ်သီးအစည်းအဝေးများမှ ထုတ်ပယ်ထားသည့် ၂၀၂၁ ခုနှစ် ဆုံးဖြတ်ချက်ကို ပြင်ဆင်ခြင်းမရှိဘဲ ပြီးဆုံးသွားခဲ့သည်။
ထိပ်သီးအစည်းအဝေးအပြီး အလှည့်ကျဥက္ကဋ္ဌ၏ ကြေညာချက်တွင် မင်းအောင်လှိုင် စီစဉ်ကျင်းပခဲ့သော အတုအယောင် ရွေးကောက်ပွဲကို အသိအမှတ်ပြုကြောင်း မဖော်ပြဘဲ၊ “မှတ်သားထားသည်” ဟုသာ မှတ်တမ်းပြုခဲ့ကြသည်။ မင်းအောင်လှိုင်အတွက် အလွန်အရေးပါသော စစ်ခေါင်းဆောင်ရာထူးကို စွန့်လွှတ်ခြင်း၊ ဘောင်းဘီချွတ်အရပ်သားအသွင်ယူခဲ့ခြင်း၊ ကိုယ်တိုင်ဖန်တီး ခန့်အပ်ခဲ့သော သမ္မတရာထူးယူခဲ့ခြင်း နှင့် ရွေးကောက်ခံ အရပ်သား အစိုးရသစ် အယောင်ဆောင် ဖွဲ့စည်းခဲ့မှုများကို အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ ကြေညာချက်တွင် စကားလုံးအားဖြင့်ပင် မှတ်တမ်းတင်၊ ဖော်ပြထားခြင်း လုံးဝမရှိခဲ့ပါ။
ပူပူနွေးနွေး သမ္မတအတု ရာထူးကြီး ရယူထားသော မင်းအောင်လှိုင် အမျက်ဒေါသ အကြီးအကျယ် ထွက်ပေလိမ့်မည်။ မေလ ၁၀ ရက်နေ့တွင် မင်းအောင်လှိုင်စစ်အုပ်စု၏ နိုင်ငံခြားရေးဝန်ကြီးဌာနက အာဆီယံထိပ်သီး အစည်း အဝေးရလဒ်ကို မကျေနပ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါထုတ်ပြန်ချက်တွင် “အာဆီယံ ပဋိညာဉ်စာတမ်း အခန်း (၁) ၊ အပိုဒ် (၂) ပါ အခြေခံမူများကို ဖောက်ဖျက်၍ အာဆီယံအဖွဲ့ဝင် တစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း၊ ဝေဖန်ပြောဆိုခြင်း၊ ဖိအားပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်” ဟု အာဆီယံခေါင်းဆောင်များကို စွပ်စွဲပုတ်ခတ် တိုက်ခိုက်ထားပါသည်။
အာဆီယံထိပ်သီးအစည်းအဝေး ဆိုသည်မှာ အဖွဲ့ဝင်နိုင်ငံတို့၏ အစိုးရအဖွဲ့အကြီးအကဲများဖြစ်သော သမ္မတ များနှင့် ဝန်ကြီးချုပ်များ တက်ရောက်ရပြီး၊ အဖွဲ့ကြီး၏ အမြင့်ဆုံး ဆုံးဖြတ်ချက်များ ချမှတ်နိုင်သော အစည်း အဝေး ဖြစ်သည်။ ထိုကဲ့သို့ အာဆီယံခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးက ထွက်ပေါ်လာသော ရလဒ်အပေါ် ဆန့်ကျင်၍ ပဋိညာဉ်စာတမ်းကို ချိုးဖောက်သူများအဖြစ် လူသိရှင်ကြား စွပ်စွဲပုတ်ခတ်လိုက်ခြင်းက မင်းအောင်လှိုင်နှင့် အာဆီယံခေါင်းဆောင်များအကြား ပိုမိုနက်ရှိုင်းလာသော ပြဿနာတစ်ရပ် ဖြစ်လာပြီ ဟု ယူဆနိုင်ပါသည်။
တစ်နည်းအားဖြင့် မဟာမိတ် ရုရှားနှင့် တရုတ်ကဲ့သို့သော နိုင်ငံကြီးများ၏ထောက်ခံမှု၊ ထိုင်းနိုင်ငံကဲ့သို့ မြန်မာနိုင်ငံတွင် ကိုယ်ကျိုးစီးပွား ကြီးမားစွာရှိနေသော အဖွဲ့ဝင်နိုင်ငံများ၏ အားကိုးဖြင့် မင်းအောင်လှိုင်သည် အာဆီယံ ခေါင်းဆောင်များကို လူသိရှင်ကြား ဝေဖန်အရှက်ခွဲလိုက်ခြင်း ဖြစ်သည်။ အာဆီယံ အဖွဲ့ဝင်နိုင်ငံ အများက ၎င်းတို့ကို ထောက်ခံနေသယောင် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခြင်းဖြင့် မင်းအောင်လှိုင်သည် အာဆီယံ၏ စည်းလုံး ညီညွတ်မှုကို လူသိရှင်ကြား သွေးခွဲလိုက်ခြင်း ဖြစ်သည်။
အာဆီယံပဋိညာဉ်စာတမ်း ချိုးဖောက်သူ မင်းအောင်လှိုင်လား၊ အာဆီယံခေါင်းဆောင်များလား
အာဆီယံခေါင်းဆောင်များသည် စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသော မြန်မာ့နိုင်ငံရေးအကျပ် အတည်းကို ပဋိညာဉ်စာတမ်း၏ အခန်း (၇) ၊ အပိုဒ် (၂၀) အရ အဆင့်ဆင့် ကိုင်တွယ်ဆောင်ရွက်ခဲ့ကြောင်း လေ့လာတွေ့ရှိရသည်။ အပိုဒ် (၂၀) “ညှိနှိုင်းဆွေးနွေးခြင်းနှင့် ဘုံသဘောတူညီခြင်း” တွင် အပိုဒ်ခွဲ ၄ခု ပါဝင်ပြီး၊ အဖွဲ့ဝင်နိုင်ငံများအကြား ဖြစ်ပေါ်သော ပြဿနာများကို ဖြေရှင်းသော နည်းလမ်းများ ဖြစ်သည်။ ၎င်းတို့မှာ အောက်ပါအတိုင်း ဖြစ်သည်။
(၁) အာဆီယံ၏ ဆုံးဖြတ်ချက်ချမှတ်ခြင်းဆိုင်ရာ အခြေခံစည်းမျဉ်းတစ်ခုအဖြစ် ညှိနှိုင်းဆွေးနွေးခြင်းနှင့် ဘုံသဘောတူညီခြင်းအပေါ် အခြေခံရမည်။
(၂) ဘုံသဘောတူညီမှုမရရှိပါက တိကျသော ဆုံးဖြတ်ချက် မည်ကဲ့သို့ ချမှတ်နိုင်သည်ကို အာဆီယံ ထိပ်သီး အစည်းအဝေးက ဆုံးဖြတ်ပေးရမည်။
(၃) အပိုဒ်ခွဲ ၁ နှင့် ၂ ပါ မည်သည့်အရာကမျှ အာဆီယံ၏ သက်ဆိုင်ရာ ဥပဒေယန္တရားများ ဆုံးဖြတ်ပိုင်ခွင့် အပေါ် သက်ရောက်မှုမရှိစေရ။
(၄) အာဆီယံပဋိညာဉ်စာတမ်းကို အလေးအနက် ချိုးဖောက်ခြင်း သို့မဟုတ် မလိုက်နာခြင်း စသည့် ကိစ္စရပ်များတွင် ထိုကိစ္စရပ်ကို ဆုံးဖြတ်ချက်ချမှတ်ရန် အာဆီယံထိပ်သီးအစည်းအဝေးသို့ လွှဲအပ်ရ မည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး ၃လခန့်အကြာ ဧပြီလ ၂၄ ရက်နေ့တွင် အာဆီယံခေါင်းဆောင်များသည် အင်ဒို နီးရှားနိုင်ငံ ဂျကာတာမြို့ အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်ရုံးတွင် အထူးအစည်းအဝေးတစ်ရပ် ကျင်းပ ခဲ့ပြီး၊ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တက်ရောက်ရန် ဖိတ်ကြားခဲ့သည်။ အဖွဲ့ဝင်မြန်မာ၏ ပြဿနာကို အာဆီယံခေါင်းဆောင်များက ဦးဆောင်ဖြေရှင်းသည့် ထိုအစည်းအဝေးသည် အာဆီယံပဋိညာဉ် စာတမ်း အပိုဒ် (၂၀) ကိုကျင့်သုံးခြင်း ဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။
အာဆီယံခေါင်းဆောင်များသည် ပထမပိုင်းတွင် အာဆီယံပဋိညာဉ်စာတမ်း အပိုဒ် (၂၀) ၊ အပိုဒ်ခွဲ (၁) အရ မြန်မာပြဿနာကို အာဆီယံက အထူးကိုယ်စားလှယ်ခန့်အပ်ပြီး ကြားဝင်ဖြေရှင်းပေးမည့် “တူညီဆန္ဒ ၅ ရပ်” ကို ထိုအစည်းအဝေးအတွင်း မင်းအောင်လှိုင်နှင့် ဆွေးနွေးညှိနှိုင်းခဲ့ပြီး၊ ၎င်းကိုယ်တိုင်၏ သဘောတူညီမှုဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။
ထိုအစည်းအဝေးမှ ပြန်လာပြီးနောက် မင်းအောင်လှိုင်သည် တူညီဆန္ဒ ၅ ရပ်ကို အကောင်အထည်ဖော်ရန် ငြင်းဆန်ခဲ့သည်။ ထိုကဲ့သို့ ငြင်းဆန်ခြင်းသည် ပဋိညာဉ်စာတမ်းနှင့်အညီ အာဆီယံခေါင်းဆောင်များ ချမှတ်ခဲ့ သော ဆုံးဖြတ်ချက်ကို ဆန့်ကျင်ရာရောက်သည်။ အကယ်၍ အာဆီယံခေါင်းဆောင်များက မင်းအောင်လှိုင်၏ ငြင်းဆန်မှုကို လိုက်လျောခွင့်ပြုခဲ့လျှင် အာဆီယံပဋိညာဉ်စာတမ်းသည် အသက်ဝိညာဉ်ကင်းမဲ့သော စက္ကူစုတ် သာသာ ဖြစ်သွားပေလိမ့်မည်။ ထိုအချက်ကို အာဆီယံခေါင်းဆောင်များ ကောင်းစွာသဘောပေါက်ပုံရသည်။
ထို့ကြောင့် အကျိုးဆက်အနေဖြင့် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် ထိုစဉ်က အာဆီယံ အလှည့် ကျ ဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံတွင် ကျင်းပခဲ့သော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အရေးပေါ်အစည်းအဝေးက မင်းအောင်လှိုင်ကို အောက်တိုဘာ ၂၆ – ၂၈ ရက်နေ့အထိ ကျင်းပရန်ရှိသော ၃၈ နှင့် ၃၉ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ခွင့်ပေးမပေး အရေးပေါ်ဆုံးဖြတ်ခဲ့ရသည်။
ထိုဆုံးဖြတ်ချက်ကို နိုင်ငံခြားရေးဝန်ကြီးများက အာဆီယံထိပ်သီးအစည်းအဝေးအတွင်း ခေါင်းဆောင်များထံ လွှဲပြောင်းပေးခဲ့ပြီး၊ အာဆီယံပဋိညာဉ်စာတမ်း အပိုဒ် (၂၀) ၊ အပိုဒ်ခွဲ (၁) အရ ညှိနှိုင်းသဘောတူညီထားခဲ့သော တူညီဆန္ဒ ၅ ရပ်ကို မင်းအောင်လှိုင် မလိုက်နာ ငြင်းဆန်ခဲ့သည့်အတွက် အပိုဒ်ခွဲ (၄) ကို ကျင့်သုံးပြီး အာဆီယံ ခေါင်းဆောင်များက ဆုံးဖြတ်အရေးယူခဲ့ခြင်း ဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။
သို့ရာတွင် အဖွဲ့ဝင်နိုင်ငံတစ်ခုအပေါ် ယခုကဲ့သို့ အရေးယူမှုမျိုး အာဆီယံသမိုင်းတွင် မရှိခဲ့ဖူးဘဲ၊ မင်းအောင်လှိုင် စိတ်ပြောင်းလာရန် ဆက်လက်ကြိုးစားလိုသော အာဆီယံခေါင်းဆောင်များသည် ဆုံးဖြတ်ချက်ကို သံတမန် ရေးအရ အငြင်သာဆုံးအသုံးအနှုန်းဖြင့် မြန်မာနိုင်ငံမှ “နိုင်ငံရေးအရမဟုတ်သော ကိုယ်စားလှယ်” (A Non-political Representative) ကို ဖိတ်ကြားရန် ဟု ဆုံးဖြတ်ခဲ့သည်။
ထိုအချိန်မှစ၍ အာဆီယံ ထိပ်သီးအစည်းအဝေးများသို့ မင်းအောင်လှိုင် တက်ရောက်ခွင့် ပိတ်ပင်ခံခဲ့ရသည်မှာ စီဘူးမြို့တွင် ကျင်းပခဲ့သော ၄၈ ကြိမ်မြောက် ထိပ်သီးအစည်းအဝေးအထိ (၁၀) ကြိမ် ဆက်တိုက်ဖြစ်ပြီး၊ အာဆီယံခေါင်းဆောင်များက ထိုဆုံးဖြတ်ချက်ကို ပြောင်းလဲခြင်းမရှိ ဆက်လက်ကိုင်စွဲထားကြသည်။ ထို့ကြောင့် မင်းအောင်လှိုင် စစ်အုပ်စု စွပ်စွဲသကဲ့သို့ အာဆီယံခေါင်းဆောင်များက ပဋိညာဉ်စာတမ်းကို ချိုးဖောက်ခြင်းမဟုတ်ဘဲ၊ မင်းအောင်လှိုင်ကိုယ်တိုင်က စစ်အာဏာသိမ်းခြင်းဖြင့် ချိုးဖောက်ခြင်း ဖြစ်သည်။
အာဆီယံပဋ်ညာဉ်စာတမ်း၏ အစွမ်းသတ္တိကို လျှော့တွက်ခဲ့သော မင်းအောင်လှိုင်
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုသည် ကုလသမဂ္ဂနှင့် အာဆီယံက တရားဝင် အသိ အမှတ်ပြုထားသော၊ ယနေ့ထိ အသိအမှတ်ပြုထားဆဲဖြစ်သော သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ရွေးကောက်ခံ အရပ်သားအစိုးရထံက အာဏာသိမ်းခဲ့ခြင်း ဖြစ်သည်။ စစ်အာဏာသိမ်းမှုနှင့် နောက်ဆက်တွဲ လူထုအုံကြွတော်လှန်မှုများသည် အာဆီယံဒေသတွင်း တည်ငြိမ်မှုကို တိုက်ရိုက်ခြိမ်းခြောက်သော နိုင်ငံရေးပြဿနာ ဖြစ်ရုံမျှမက၊ အာဆီယံ ပဋိညာဉ်စာတမ်းကို ချိုးဖောက်သော ဥပဒေစိုးမိုးမှုဆိုင်ရာပြဿနာလည်း ဖြစ်သည်၊ ထိုပြဿနာ နှစ်မျိုးလုံးကို အာဆီယံခေါင်းဆောင်များ တစ်ပြိုင်နက်ထဲ ရင်ဆိုင်ခဲ့ရသည်ဟု သုံးသပ်တွေ့ရှိရပါသည်။
၂၀၂၆ ခုနှစ်၊ မေလ ၈ ရက်နေ့ အာဆီယံထိပ်သီးအစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် ဖိလစ်ပိုင်သမ္မတ မားကို့စ်၏ ဖြေကြားမှုအထဲ အာဆီယံပဋိညာဉ်စာတမ်းကို ကိုးကားသွားသည့်အချက်မှာ သတိထားစရာ ဖြစ်သည်။ ထို့ကြောင့် အာဆီယံ ခေါင်းဆောင်များက လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခြင်း မရှိသော်လည်း မင်းအောင်လှိုင်၏ စစ်အာဏာသိမ်းမှုသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ရုံမျှမက၊ အာဆီယံပဋိညာဉ်စာတမ်းကို ချိုးဖောက်ခဲ့သော လုပ်ရပ်အဖြစ် သတ်မှတ်ထားကြပုံရသည်။
ယခင်စင်္ကာပူဝန်ကြီးချုပ်နှင့် စင်္ကာပူအစိုးရ၏ လက်ရှိ ဝါရင့်ဝန်ကြီး လီရှန်လွန်းသည် ဝန်ကြီးချုပ်တာဝန်မှ အနားမယူမီ သတင်းစာရှင်းလင်းပွဲ တစ်ခုတွင် မင်းအောင်လှိုင်၏လုပ်ရပ်ကို “စစ်အာဏာသိမ်းမှု” ဟု အာဆီယံ ခေါင်းဆောင်များထဲ ရှားရှားပါးပါး ထုတ်ဖော်ပြောဆိုခဲ့သူ ဖြစ်သည်။ မင်းအောင်လှိုင်က “အာဏာထိန်း” ခြင်း ပါဟု ကမ္ဘာပတ် လိမ်ညာနေချိန် အာဆီယံခေါင်းဆောင်များက အာဏာသိမ်းခြင်း ဟု ပြောဆိုပါက ပြည်တွင်း ရေးကို ဝင်ရောက်စွက်ဖက်သည်ဟု စွပ်စွဲခံရနိုင်သဖြင့် ယနေ့ချိန်အထိ ရေငုံနှုတ်ပိတ်နေကြတာ များပါသည်။
အာဆီယံခေါင်းဆောင်များက အဖြစ်မှန်ကို ရေငုံနှုတ်ပိတ်ထားကြပြီး လွန်ခဲ့သော ၅ နှစ်လုံးလုံး အာဆီယံ၏ မြန်မာ့ပြဿနာ ဖြေရှင်းရေး တူညီဆန္ဒ ၅ ရပ်ကို မင်းအောင်လှိုင် အကောင်အထည်ဖော်ရေး ဖျောင့်ဖျခဲ့ကြသော်လည်း၊ မြန်မာပြည်သူများ သေကြေပျက်စီးမှုများ တိုးပွားလာသည်ကလွဲ၍ အချိန်ကုန် အချည်းအနှီးသာ ဖြစ်ခဲ့သည်။ ယခုအခါ အာဆီယံထိပ်သီးအစည်းအဝေးက ၎င်းအား အသိအမှတ်မပြုကြောင်း သေချာသွားသဖြင့် မင်းအောင်လှိုင်သည် အာဆီယံခေါင်းဆောင်များကို လူသိရှင်ကြား စွပ်စွဲပုတ်ခတ်လာသည် အထိ အတင့်ရဲလာပြီ ဖြစ်သည်။ အာဆီယံပဋိညာဉ်စာတမ်း၏ အစွမ်းသတ္တိကို မင်းအောင်လှိုင် လျှော့တွက်ခဲ့သည်။
အာဆီယံသည် မင်းအောင်လှိုင် အသုံးချခံ ယန္တရားမဟုတ်
၁၉၆၇ ခုနှစ် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ကို စတင်တည်ထောင်ချိန်မှစ၍ အာဆီယံ အဖွဲ့၏ အခြေခံမူဝါဒအုတ်မြစ်များထဲမှ တစ်ခုဖြစ်သော “ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရ” ဆိုသည့် စည်းမျဉ်း သည် အဖွဲ့ကြီး၏ “ရွှေရောင်စည်းမျဉ်းများ” (Golden Rules) ထဲက တစ်ခုဖြစ်ပြီး၊ ထိုစည်းမျဉ်းကို တင်းကျပ်စွာ လိုက်နာကျင့်သုံးခဲ့သဖြင့် အာဆီယံ၏ ထိရောက်မှုမရှိပုံကို စက္ကူကျား အဖြစ် ဝေဖန်မှုများ နိုင်ငံတကာ အသိုက်အဝန်းအကြား ကာလရှည် ရှိနေခဲ့ပါသည်။
ဤတစ်ကြိမ် ထူးဆန်းသည့်အချက်မှာ အာဆီယံ၏ “ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရ” စည်းမျဉ်းကို လူသိထင်ရှား ဝေဖန်ထိုးနှက် တိုက်ခိုက်လာသည်မှာ အာဆီယံ ပြင်ပက မဟုတ်ဘဲ၊ ၁၉၉၇ ခုနှစ် အာဆီယံ အဖွဲ့ဝင် ဖြစ်လာချိန်မှစ၍ ကောင်းခြင်းမင်္ဂလာများထက်၊ ပြဿနာများကိုသာ သယ်ဆောင်လာခဲ့သော အဖွဲ့ဝင် မြန်မာနိုင်ငံမှ စစ်အာဏာရှင်အုပ်စု ဖြစ်နေပါသည်။
၂၀၂၇ ခုနှစ်တွင် အာဆီယံအသင်းသည် နှစ် ၆၀ သက်တမ်း ပြည့်မြောက်မည်ဖြစ်ပြီး၊ မြန်မာနိုင်ငံ၏ အဖွဲ့ဝင် သက်တမ်းသည်လည်း နှစ် ၃၀ ပြည့်မည် ဖြစ်သည်။ တစ်ချိန်က အာဆီယံသည် အနောက်အုပ်စုကို ဆန့်ကျင်သည့် စင်္ကာပူဝန်ကြီးချုပ် လီကွမ်ယုနှင့် မလေးရှားဝန်ကြီးချုပ် မဟာသီယာတို့၏ ဩဇာလွှမ်းမိုးမှုအောက်တွင် ရှိခဲ့သည်။ ထို့ကြောင့် အာဆီယံသည် အနောက်အုပ်စုက စီးပွားရေးဒဏ်ခတ်ပိတ်ဆိုမှုများ ပြုလုပ်ထားသော မြန်မာစစ်အာဏာရှင်ဟောင်း သန်းရွှေ၏ စစ်အစိုးရကို အဖွဲ့ဝင်အဖြစ် လက်ခံခဲ့သည်။ ထိုအချိန်က အာဆီယံပဋိညာဉ်စာတမ်း မပေါ်ပေါက်သေးသဖြင့်၊ တိုင်းပြည်ကို ဖွဲ့စည်းပုံအခြေခံဥပဒေမရှိဘဲ အုပ်ချုပ်နေသော သန်းရွှေစစ်အစိုးရကို အာဆီယံက မျက်နှာပြောင်တိုက် လက်ခံခဲ့သည်။
သို့သော် လွန်ခဲ့သော နှစ် ၂၀ အတွင်း လီကွမ်ယု-မဟာသီယာအလွန် အာဆီယံသည် များစွာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ၂၀၀၇ ခုနှစ်တွင် အာဆီယံပဋိညာဉ်စာတမ်းကို ပြဌာန်းခဲ့သည်။ အာဆီယံပဋိညာဉ်စာတမ်းအရ အဖွဲ့ဝင်နိုင်ငံများသည် “ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံသော အစိုးရ” ဖြစ်ရမည်ဆိုခြင်းကြောင့် သန်းရွှေ သည် ၂၀၀၈ ခုနှစ်တွင် နာဂစ်မုန်တိုင်းကြားမှ ဖွဲ့အစည်းပုံအခြေခံဥပဒေကို တတ်သုတ်ရိုက် လူထုဆန္ဒခံယူပွဲ အတုဖြင့် အတည်ပြုခဲ့ပြီး၊ ၂၀၁၀ ခုနှစ်တွင် ရွေးကောက်ပွဲလုပ်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ယနေ့ခေတ် အာဆီယံသည် လီကွမ်ယု-မဟာသီယာခေတ် မဟုတ်သလို၊ မင်းအောင်လှိုင်သည်လည်း အာဏာရှင်ဟောင်း သန်းရွှေ မဟုတ်ပါ။ အာဆီယံသည် မြန်မာစစ်အုပ်စု အသုံးချခံ ယန္တရား မဟုတ်တော့ပါ။
နိုင်ငံငယ်များဖြင့်ဖွဲ့စည်းထားသော အာဆီယံကဲ့သို့ ဒေသဆိုင်ရာ အဖွဲ့များ၏ ရပ်တည်မှုသည် ယနေ့ခေတ် ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းတွင် အကြီးအကျယ်စိန်ခေါ်ခံနေရပြီ ဖြစ်သည်။ အင်အားကြီးနိုင်ငံများဖြစ်သော ရုရှားနှင့် အမေရိကန်တို့က စည်းမျဉ်းအခြေပြု ကမ္ဘာ့စနစ် (Rule-based World Order) ကို စွန့်လွှတ်ပြီး၊ အင်အားအခြေပြု အာဏာအပြိုင် တည်ဆောက်လာချိန်တွင်၊ လက်ရှိ အာဆီယံခေါင်းဆောင်များအကြား စည်းမျဉ်းအခြေပြု စနစ်ကို ခိုင်ခိုင်မာမာ စွဲကိုင်ကျင့်သုံးရန် ပို၍လိုအပ်သော အရေးပေါ်ကာလ ဖြစ်လာပါသည်။ ထို့ကြောင့် အာဆီယံပဋိညာဉ်စာတမ်း၏ အနှစ်သာရနှင့် အသက်ဝိညာဉ်ကို အဖွဲ့ဝင်နိုင်ငံတိုင်းက လေးစားလိုက်နာရန် အရေးကြီးဆုံးအချိန် ဖြစ်လာပါသည်။
ထိုအခြေအနေတွင် အဖွဲ့ဝင် မြန်မာနိုင်ငံ၏ တစ်ကြော့ပြန် စစ်အာဏာသိမ်းမှုကို ကြုံတွေ့ရသည့်အခါ အာဆီယံ ခေါင်းဆောင်များသည် အဖွဲ့ကြီး၏ဂုဏ်သိက္ခာနှင့် အာဆီယံပဋိညာဉ်စာတမ်းတွင် ပြဌာန်းထားသော စည်းမျဉ်း များ၏ မူရင်းအနှစ်သာရကို ထိခိုက်ပျက်စီးခြင်းမှ ကာကွယ်ရေးထက် ပို၍အရေးကြီးသောအချက် မရှိနိုင်ပါ။
စင်စစ် မင်းအောင်လှိုင်စစ်အုပ်စု ရည်ညွှန်းသော အာဆီယံပဋိညာဉ်စာတမ်း အခန်း (၁) ၊ အပိုဒ် (၂) “အခြေခံ စည်းမျဉ်းများ” တွင် အဖွဲ့ဝင်နိုင်ငံတစ်ခု၏ “ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရ” ဆိုသည့် အချက်တစ်ခုတည်း မဟုတ်ပါ။ အဖွဲ့ဝင်နိုင်ငံတိုင်းသည် “ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံသော အစိုးရ” ဖြစ်ရမည် ဖြစ်ပြီး၊ မင်းအောင်လှိုင်၏ စစ်အာဏာသိမ်းမှုက ၎င်းကိုယ်တိုင် လိုက်နာရန်တာဝန်ရှိသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို အတိအလင်းချိုးဖောက်ခဲ့ခြင်း ဖြစ်သည်။
သို့သော် မင်းအောင်လှိုင်သည် ရွေးကောက်ခံအရပ်သားအစိုးရကို စစ်အင်အားသုံး ဖယ်ရှားခဲ့ခြင်းဖြစ်သော်လည်း ခြေ/ဥနှင့် အညီ အာဏာထိန်းပါသည်ဟု အာဆီယံခေါင်းဆောင်များကို အရှက်သိက္ခာမဲ့ လိမ်ညာခဲ့သည့်အချက်မှာ အဆိုးရွားဆုံး ဖြစ်သည်။ မိမိနိုင်ငံ၏ ခြေ/ဥကိုပင် ချိုးဖောက်ခဲ့သူက အဖွဲ့ဝင်နိုင်ငံတိုင်း စောင့်ထိန်းလိုက်နာ ရမည့် အာဆီယံပဋိညာဉ်စာတမ်းကို ချိုးဖောက်ရန် ဝန်လေးမည် မဟုတ်ပါ။
ယခုအခါ ထိုစစ်ခေါင်းဆောင်သည် အာဆီယံခေါင်းဆောင်များကို ပြန်လှန် စွပ်စွဲပုတ်ခတ်လာသည်။ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံက ဒေါ်အောင်ဆန်းစုကြည်ကို အာဆီယံ အထူးကိုယ်စားလှယ်နှင့် တွေ့ဆုံခွင့်ပေးရန် တောင်းဆိုထားသော်လည်း မင်းအောင်လှိုင်က တွေ့ခွင့် မပေးရဲခြင်းမှာ ၎င်း၏ အလိမ်အညာများပေါ်သွား မည်ကို စိုးရိမ်၍ ဖြစ်သည်။
ခြုံ၍သုံးသပ်ရလျှင် ၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ရက်နေ့ အာဆီယံခေါင်းဆောင်များရှေ့မှောက်တွင် “တူညီဆန္ဒ ၅ ရပ်” ကို လိုက်နာပါမည်ဟု သဘောတူညီခဲ့ပြီးမှ၊ နောက်ကွယ်တွင် ကတိဖျက်၍ လုံးဝလိုက်နာမှုမရှိခြင်းက အာဆီယံအဖွဲ့ကြီး၏ အမြင့်ဆုံး ထိပ်သီးအစည်းအဝေးဆုံးဖြတ်ချက်များကို မလေးစားသော လုပ်ရပ်အဖြစ် အာဆီယံခေါင်းဆောင်များ သတ်မှတ်ထားမည်မှာ မလွှဲဧကန် ဖြစ်ပါလိမ့်မည်။ ထို့ကြောင့် ၄၈ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် အာဆီယံခေါင်းဆောင်များသည် တူညီဆန္ဒ ၅ရပ် အပေါ် စွဲစွဲမြဲမြဲ ဆက်လက်ရပ်တည် ခဲ့ကြပြီး၊ ထိုအချက်များကို မင်းအောင်လှိုင် အကောင်အထည်မဖော်မချင်း ၎င်းတို့၏ရပ်တည်ချက်ကို အပြောင်း အလဲမလုပ်ခြင်းမှာ အဖွဲ့ကြီး၏ နိုင်ငံရေးဩဇာနှင့် ဂုဏ်သိက္ခာအတွက် မည်မျှအရေးကြီးသည်ကို အာဆီယံ ခေါင်းဆောင်များ ကောင်းစွာသိရှိနေပါကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။



