အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဆောင်းပါး

နယ်မြေများ ဆုံးရှုံးနေသော်လည်း မျှော်လင့်ချက် မဆုံးရှုံးသေးသူများ

အောင်ပွဲများရှိခဲ့သော်လည်း အမိန့်ပေးကွပ်ကဲမှု၊ ဘဏ္ဍာရေး၊ တပ်သားသစ်ရရှိမှု၊ ထိန်းချုပ်နယ်မြေဆုံးရှုံးမှုများ ရင်ဆိုင်နေရသော တော်လှန်ရေးအဖွဲ့များသည် မျှော်လင့်ချက် မဆုံးရှုံးသေးဘဲ ဆက်လက် စုဖွဲ့လှုပ်ရှားနေကြသည်။

ပဲခူးတိုင်းအရှေ့ပိုင်း တောနက်အတွင်း တော်လှန်ရေးတပ်သားများထဲတွင် အသက် ၄၀ ကျော်အရွယ်  ဗျူဟာမှူးသည် တပ်ရင်းအသီးသီး၏ ခေါင်းဆောင်များနှင့် တိုင်ပင်ဆွေးနွေးနေသည်။ သူသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ဖြစ်သော၊ ဖြူးမြို့နယ်တွင် အခြေစိုက်သော  PDF ဗျူဟာ (၂၄) ၏ အကြီးအကဲ  ဦးဘိုဘို ဖြစ်သည်။ 

ဦးဘိုဘိုသည် ၂၀၂၀ နှစ်ကုန်ပိုင်းက ပဲခူးတိုင်းလွှတ်တော် ကျောက်ကြီးမြို့နယ် မဲဆန္ဒနယ်တွင် ရွေးကောက်ပွဲအနိုင်ရခဲ့သော်လည်း လွှတ်တော်ကိုယ်စားလှယ်တာဝန် ထမ်းဆောင်ခွင့် မရရှိခဲ့ဘဲ စစ်တပ်အာဏာသိမ်းမှုနှင့်သာ ရင်ဆိုင်လိုက်ရသည်။

အာဏာသိမ်းမှု ဆန့်ကျင်သူအများအပြား လမ်းပေါ်တွင် ပစ်သတ်ခံကြရပြီးနောက်  လက်နက်ကိုင် ခုခံသည့်လမ်းကို  ရွေးချယ်ခဲ့သူဖြစ်သည်။ 

ကနဦးတွင် စစ်သင်တန်းဆင်းလာသူများကို လူသူမရှိသည့် တောတောင်ထဲတွင် စုစည်းထားပြီးနောက် ရိက္ခာ၊ နေထိုင်ရေး၊ စည်းရုံးရေးလုပ်ငန်းများအတွက် ကြိုးပမ်းစဉ်တွင် လက်နက်မှာလည်း အနည်းငယ်သာ ရှိခဲ့သည်ဟု  သူက ပြောသည်။

“လက်ချည်း ဗလာသက်သက်ကနေ အခု တပ်ရှိလာပြီ။ အရင်တုန်းက လက်နက်ခဲယမ်းဆိုတာက မောင်းပြန် သေနတ်တောင် ကျွန်တော်တို့တပ်ရင်း လူ ၃၀၀ ကျော်အတွက် NUG ကာကွယ်ရေးဝန်ကြီးဌာနက ပေးထားတဲ့ ရိုင်ဖယ် ခြောက်လက်ပဲရှိခဲ့တယ်” ဟု မကြာသေးမီက ဗျူဟာမှူးတာဝန်ပေးအပ်ခြင်း ခံရသူ ဦးဘိုဘိုက ပြောသည်။

လက်ဗလာဖြင့် အစပြုခဲ့သည့် မြန်မာ့နွေဦးတော်လှန်ရေးသည် ငါးနှစ်တာ ခရီးကြမ်းကို ဖြတ်သန်းပြီးနောက် ယခုအခါ မြို့သိမ်းတိုက်ပွဲများ၊ ဒရုန်းစစ်ဆင်ရေးများအထိ အရှိန်အဟုန် မြှင့်တင်လာနိုင်ခဲ့သည်။ 

သို့သော်လည်း နိုင်ငံတကာ၏ အာရုံစိုက်မှု လျော့နည်းလာခြင်း၊ ရေရှည်စစ်၏ လူမှုစီးပွားရိုက်ခတ်မှုများ၊ တပ်တွင်းစီမံခန့်ခွဲမှု အခက်အခဲများကြားတွင် ဤတော်လှန်ရေး အောင်ပွဲဆီ မည်ကဲ့သို့ ဆက်လက်ချီတက်မည်ကို အဆုံးအဖြတ်ပေးရမည့် အလှည့်အပြောင်းသို့ ရောက်လာနေပြီဖြစ်သည်။

ငါးနှစ်အတွင်းနယ်မြေစိုးမိုးမှုအပြောင်းအလဲပြမြေပုံ။

သုညက စခဲ့ရသည့် တော်လှန်ရေး

၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်အမတ် အများအပြားပါဝင်သည့် NUG  အစိုးရသည် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်တပ်ကို တိုက်ခိုက်ရန် “ပြည်သူ့ခုခံတော်လှန်စစ်”ကို ကြေညာသည်။

“မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက်စစ်အုပ်ချုပ်ရေးကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန်တိုက်ဖျက်ကြပါ” ဟု ယာယီသမ္မတ ဒူဝါလရှီးလက စစ်ကြေညာစဉ် ပြောခဲ့သည်။

သတင်းစာမျက်နှာများတွင် အင်အားကြီးနိုင်ငံများနှင့် ဆက်စပ်နေသည့် နိုင်ငံတကာစစ်ပွဲသတင်းတို့ကသာ လွှမ်းမိုးနေချိန် မြန်မာ့နွေဦးတော်လှန်ရေးသည် လူမသိသူမသိ ပင်ပန်းခက်ခဲသည့် အခြေအနေကို ရုန်းကန်ဖြတ်သန်းနေရသည်။ 

ကနဦးတွင် ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတို့က မောင်းပြန်သေနတ်ကိုင်စစ်သားတို့၏ရန်ကြောင့် သဲအိတ်ကာ ခံတပ်များ လမ်းပေါ်တွင် တည်ဆောက်ပြီး အကာအကွယ် ယူကြသည်။

ပဲခူးမြို့ မဂ္ဂတစ်ခံတပ်၊ ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်၊ တောင်ဒဂုံမြို့နယ်တို့ရှိ ခံတပ်များ၊ စစ်ကိုင်းတိုင်း ကလေးမြို့နယ် တာဟန်းခံတပ်တို့မှာ ထင်ရှားသည်။

လက်လုပ်သေနတ်မှ ဒရုန်းအထိ တိုးတက်လာမှုပြပုံ။

ဆန္ဒပြသူတို့က သတ္တုဒိုင်းကာများသာ ကိုင်ဆောင်ကြရာမှ  နေရာအချို့တွင် မိုလိုတော့ဖ် မီးပုလင်း၊ လေးခွ၊ ဖန်ဂေါ်လီထည့်ပစ်ရသည့် လေသေနတ်၊ အမဲလိုက်ရာတွင်သုံးသည့် တူမီးသေနတ်စသည်တို့ဖြင့် အရှေ့တောင်အာရှဒေသတွင် အင်အားတောင့်တင်းပြီး တိုက်ပွဲအတွေ့အကြုံများပြားသည့်  မြန်မာစစ်တပ်ကို ရင်ဆိုင်ခဲ့ကြသူများ ရှိလာသည်။

လူအသေအပျောက်များစွာဖြင့် ခံတပ်တစ်ခုပြီးတစ်ခုလဲပြိုသွားပြီး အဖမ်းအဆီးလည်း များပြားလာရာ  ဆန္ဒပြသူတို့သည်  တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များထံ သွားရောက်ခိုလှုံပြီး စစ်ပညာ သင်ယူကြသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ တပ်မဟာ (၆) နယ်မြေသို့ ရောက်လာသူများထဲတွင် အာဏာသိမ်းမှုမတိုင်မီ  ဗိုလ်သင်တန်းဆင်းခဲ့သည့်၊ ရခိုင်ပြည်နယ် စစ်တွေမြို့အခြေစိုက် အမှတ် (၂၃၂) ခြေလျင်တပ်ရင်းတွင် တာဝန်ကျသည့် ဒုဗိုလ်လေး ကိုဟိန်းလည်း ပါဝင်သည်။ 

ဆန္ဒပြသူများကို ပစ်ခတ်စဉ် နေပြည်တော်မှ  မမြသွဲ့သွဲ့ခိုင် ကျည်ထိသေဆုံးမှု မှတ်တမ်းရုပ်သံကို အွန်လိုင်းတွင် ကြည့်လိုက်ရပြီးနောက် မခံမရပ်နိုင်ဖြစ်သည့် ကိုဟိန်းသည် အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)တွင် ပါဝင်လာခြင်း ဖြစ်သည်။ ကနဦးတွင် သူသည်စစ်ပညာမျှဝေသူသာ ဖြစ်ခဲ့သော်လည်း  စိတ်အားထက်သန် နေသည့်လူငယ်များကို အားကျလာသဖြင့် တော်လှန်ရေးတပ်ထဲဝင်လိုက်ရာ ယခုအခါ NUG ပဲခူးတိုင်းစစ်ဌာန လက်အောက်ခံ နဂါးနီတပ်ရင်း၏ တပ်ရင်းမှူး ဖြစ်လာသည်။

နဂါးနီတပ်ရင်းမှူး ကိုဟိန်း။ (ဓာတ်ပုံ- ကိုလှိုင်း) 

ပဲခူးတိုင်းအရှေ့ပိုင်းတောတွင်းတစ်နေရာ၌  Myanmar Now သတင်းထောက်များက ဖေဖော်ဝါရီလထဲတွင် တွေ့ဆုံမေးမြန်းစဉ် အသားဖြူဖြူ၊ အရပ်မြင့်မြင့်၊ မုတ်ဆိတ်မွှေးနှင့် ပါးသိုင်းမွှေး အနည်းငယ်ရှိပြီး အစိမ်းရောင်ပြောက်ကျားယူနီဖောင်းဝတ်ထားသော ကိုဟိန်းက  မြို့ပြတွင်သာမက တောတွင်းတွင်လည်း ပြောက်ကျားတိုက်ခိုက်မှုကိုသာ အားပြုခဲ့ရာမှ ယခုအခါ တိုက်ပွဲကြီးများကို ဖော်ဆောင်နိုင်သည့်အဆင့်သို့ ရောက်လာပြီဟု ပြောသည်။

“စခန်းသိမ်းတိုက်ပွဲတွေကို တိုက်ပွဲအချိန် နာရီပေါင်းများစွာကြာအောင် ရန်သူကို ထိပ်တိုက်ရင်ဆိုင်လာနိုင်တယ်” ဟု တပ်ရင်းမှူးကိုဟိန်းက ပြောပြသည်။

စစ်ရေးအောင်မြင်မှုများ

၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် ညီနောင်လက်နက်ကိုင် သုံးဖွဲ့ဖြစ်သော  MNDAA၊ TNLA နှင့် AA တို့ ဖော်ဆောင်ခဲ့သည့်   ၁၀၂၇ စစ်ဆင်ရေး ပေါ်ပေါက်လာသည်။  နိုင်ငံအနှံ့ တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသော အာဏာသိမ်းတပ်သည်  ထိုအဖွဲ့များ အချိန်ယူပြင်ဆင်ခဲ့သော စစ်ဆင်ရေးကြောင့် လွန်စွာအထိနာပြီး တိုင်းစစ်ဌာနချုပ်နှစ်ခုပင် အသိမ်းခံလိုက်ရသည်။

ရှမ်းပြည်နယ်အတွင်း ၁၅ မြို့နယ်သည် MNDAA နှင့် TNLA ထံ ကျရောက်ခဲ့သည်။ စစ်ဆင်ရေးတွင် ပါဝင်တိုက်ခိုက်ခြင်းမပြုသည့် UWSA ကလည်း စစ်တပ် ဆုတ်ခွာသွားသည့်  ဟိုပန်နှင့် ပန်လုံမြို့တို့ကို သိမ်းပိုက်လိုက်သည်။

ကရင်နီပြည်နယ်(ကယားပြည်နယ်)ရှိ တော်လှန်ရေးတပ်များကလည်း ၁၁၀၇ စစ်ဆင်ရေး၊ ၁၁၁၁ စစ်ဆင်ရေးများ ဖော်ဆောင်ကာ မယ်စဲ့၊ မိုးဗြဲ၊ နန်းမယ်ခုံမှသည် ပြည်နယ်မြို့တော် လွိုင်ကော်ကို သိမ်းရန် မြို့သိမ်းတိုက်ပွဲများအထိ ဆင်နွှဲ့ခဲ့ကြသည်။ ချင်းပြည်နယ်တွင်လည်း   မြို့သိမ်းတိုက်ပွဲများ စတင်လာသည်။

ဖားဆောင်းအခြေစိုက် ၁၃၄ တပ်ရင်းကို ကရင်နီတော်လှန်ရေးတပ်များသိမ်းပိုက်နေစဉ် ပျက်ကျခဲ့သည့် စစ်တပ်၏ FTG 2000 G အမျိုးအစားတိုက်လေယာဉ်တစ်စီး။ (ဓာတ်ပုံ- Aung Kyaw Htet)
ဖားဆောင်းအခြေစိုက် ၁၃၄ တပ်ရင်းကို ကရင်နီတော်လှန်ရေးတပ်များသိမ်းပိုက်နေစဉ် ပျက်ကျခဲ့သည့် စစ်တပ်၏ FTG 2000 G အမျိုးအစားတိုက်လေယာဉ်တစ်စီး။ (ဓာတ်ပုံ- Aung Kyaw Htet)

စစ်ကိုင်းတိုင်းတွင်လည်း ကချင်လွတ်မြောက်ရေးတပ် (KIA)နှင့် NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ တပ်များ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့ပူးပေါင်း၍  ကောလင်းမြို့ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် သိမ်းပိုက်ခဲ့သည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်တွင် MNDAA နှင့် ပူးပေါင်းတပ်များက တရုတ်မြန်မာနယ်စပ် လောက်ကိုင်မြို့ရှိ စစ်တပ်၏ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်ကို  ဝိုင်းပတ်တိုက်ခိုက်ခဲ့ပြီး နောက်ဆုံးတွင် စစ်တပ်၏ ဗိုလ်မှူးချုပ် ခြောက်ဦး အပါအဝင် စစ်သား ၂,၀၀၀ ခန့် အညံ့ခံခဲ့သည်။    မြန်မာပြည်စစ်သမိုင်းတွင် စစ်တပ်ဘက်က လူအများဆုံး လက်နက်ချမှုဖြစ်လာသည်။

MNDAA ထံလက်နက်ချခဲ့သည့် စစ်ဗိုလ်ချုပ်များ။

၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် တရုတ်နိုင်ငံ၏ အစီအစဉ်ဖြင့် စစ်တပ်နှင့် ညီနောင်သုံးဖွဲ့ ဆွေးနွေးကြရပြီး ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ၁၀၂၇ စစ်ဆင်ရေး ဒေသတွင် ယာယီအပစ်ရပ်ရန် သဘောတူခဲ့ကြသည်။

အပစ်မရပ်ခင်က စစ်တပ်သည်  အခြေစိုက်စခန်းကြီး သုံးခု လက်လွှတ်လိုက်ရသည်။ ၎င်းတို့မှာ ကိုးကန့်ဒေသမြို့တော်တွင် အခြေစိုက်သည့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) လောက်ကိုင်၊ စစ်ဗျူဟာအခြေချ (စဗခ) အခြေစိုက်သည့် သိန္နီနှင့် ကွမ်းလုံတို့ဖြစ်သည်။

ထိုနှစ်ဇွန်လတွင် သဘောတူညီချက် ပျက်ပြယ်ပြီး စစ်ဆင်ရေး ပြန်လည်စတင်ရာ  အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) အခြေစိုက်ရာ လားရှိုးအပါအဝင် မြို့အချို့ကို အာဏာသိမ်းတပ်က လက်လွှတ်လိုက်ရသည်။ ရှမ်းပြည်နယ်မြောက်ပိုင်းကို ကွပ်ကဲသည့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်သည်လည်း တစ်လနီးပါးသာ ခုခံနိုင်သည်။

ရမခကို သိမ်းပြီးနောက်တွေ့ရသည့် MNDAA တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ- The Kokang)

စစ်တပ်သည် မြို့ပေါင်း ၅၀ ကျော်မှ ဆုတ်ခွာပေးရသည်အထိ သမိုင်းတွင် မကြုံစဖူး အထိနာခဲ့သည်။

၁၀၂၇ ဒုတိယပိုင်းတွင် ရှမ်းပြည်နယ်ရှိ လားရှိုး၊ ကျောက်မဲ၊ သီပေါ၊ နောင်ချို၊ မန္တလေးတိုင်းထဲရှိ မိုးကုတ်၊ မိုးမိတ်၊ စဉ့်ကူး၊ သပိတ်ကျင်းစသည့် မြို့ရှစ်မြို့ကို MNDAA၊ TNLA,  MDY-PDF စသည့် တော်လှန်ရေးပူးပေါင်း တပ်များက သိမ်းပိုက်ခဲ့သည်။

စစ်ဆင်ရေးတွင် ဗမာပြည်ကွန်မြူနစ်ပါတီ၏ ပြည်သူလွတ်မြောက်ရေးတပ် (PLA)၊ ကဗျာဆရာ မောင်ဆောင်းခ ဦးဆောင်သည့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ် (BPLA)၊ စစ်ကိုင်းတိုင်းအခြေစိုက် PDF များ၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)တို့လည်း ပါဝင်ခဲ့သည်။

ကာလရှည်စစ်ပွဲကြီး နှစ်ကြိမ် ဆင်နွှဲဖူးသည့် AA ကလည်း ချင်းပြည်နယ် ပလက်ဝ၊ ရခိုင်ပြည်နယ်ရှိ ပေါက်တော၊ မင်းပြား၊ ရှေးဟောင်းယဉ်ကျေးမှုမြို့ဖြစ်သည့် မြောက်ဦး၊ ကျောက်တော်၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ တောင်ကုတ်၊ မောင်တော၊ ရမ်းဗြဲ၊ ငပလီကမ်းခြေရှိရာ သံတွဲနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ရှိရာ အမ်းတို့ကို သိမ်းပိုက်ခဲ့သည်။

အမ်းမြို့အခြေစိုက်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ လက်နက်ချသည့် စစ်ဗိုလ်ချုပ်များ။  (ဓာတ်ပုံ- AA info desk)
အမ်းမြို့အခြေစိုက်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ လက်နက်ချသည့် စစ်ဗိုလ်ချုပ်များ။ (ဓာတ်ပုံ- AA info desk)

ရခိုင်ပြည်နယ်တွင် စစ်တပ် ဆက်လက်ထိန်းချုပ်ထားသော စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့တို့ကို ၂၀၂၇ ခုနှစ်မကုန်မီ သိမ်းပိုက်မည်ဟု   AA ခေါင်းဆောင်က တပ်ဖွဲ့ (၁၇) နှစ်ပြည့်နေ့ မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားထားသည်။

တော်လှန်ရေးတပ်များသည်  ၂၀၂၅ ခုနှစ် ဇူလိုင်လမှ စတင်၍  စစ်တပ်၏ တန်ပြန်ထိုးစစ်ကို ရင်ဆိုင်ရပြီး နယ်မြေ ဆုံးရှုံးရမှုများ စဖြစ်လာသည်။  စစ်တပ်က ရှမ်းပြည်နယ်၊ ကရင်နီ(ကယားပြည်နယ်)၊ မန္တလေးတိုင်းအထက်ပိုင်းနှင့် ကရင်ပြည်နယ်တို့တွင် စစ်ရေးအသာစီး ပြန်ရလာသည်ကို တွေ့မြင်ရသည်။ တရုတ်က ဖိအားပေးသဖြင့် MNDAA က အပစ်ရပ်ပြီး လားရှိုးမြို့ပေါ် ရပ်ကွက်များကို  ၂၀၂၅ ခုနှစ် ဧပြီလတွင် စစ်တပ်လက်ထဲ ပြန်ထည့်လိုက်ရသည်။  

ရှမ်းတောင်နှင့် ကရင်နီ

စစ်တပ်သည် ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့ကို ပြန်သိမ်းပြီးနောက် ၂၀၂၄ ခုနှစ် ဇွန်လတွင် ဆီဆိုင်- လွိုင်လင်လေး- လွိုင်ကော်လမ်းကို  ပြန်လည်ထိန်းချုပ်၍ လွိုင်ကော်တစ်မြို့လုံးကို ပြန်သိမ်းနိုင်ပြီဟု  ကြေညာသည်။

ထို့အတူ ရှမ်းပြည်နယ်တောင်ပိုင်းရှိ ကရင်နီတော်လှန်ရေးတပ်များ ထိန်းချုပ်သော မိုးဗြဲမြို့ကို  ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် စတင်တိုက်ခိုက်ခဲ့ပြီး ခြောက်လအကြာတွင် ပြန်သိမ်းနိုင်ခဲ့သည်။

စစ်တပ်က ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကရင်နီပြည်နယ်ထိုးစစ်ကို ရန်နိုင်မင်းစစ်ဆင်ရေးဟု အမည်ပေးထားသည်။ လွိုင်ကော်တောင်ဘက်ရှိ ဒီးမော့ဆိုမြို့ကို ဩဂုတ်လတွင် ထိုးစစ်ဆင်၍ ပြန်သိမ်းခဲ့သည်။ 

စစ်တပ်သည် ထိုမျှနှင့် မရပ်တန့်ဘဲ တောင်ဘက်ရှိ ဖရူဆို- ဘော်လခဲမှသည် သံလွင်မြစ်ကူးတံတားရှိရာ  ဖားဆောင်းအထိ ဆက်လက်ထိုးစစ်ဆင်ခဲ့ရာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလတွင် ဖားဆောင်းတစ်မြို့လုံးကို စစ်တပ်က ပြန်ထိန်းချုပ်ရယူသွားနိုင်သည်။

ရှမ်းမြောက်

ရှမ်းမြောက်တွင်မူ စစ်တပ်သည် TNLA ၏ ထိုးစစ်ကို ဦးနှိမ်ပြီးနောက် တန်ပြန်ထိုးစစ်ဆင်ခြင်းဖြင့်  ပထမဆုံးသိမ်းနိုင်သည့်မြို့မှာ နောင်ချိုမြို့ဖြစ်သည်။ ထိုမြို့ကိုရရန် စစ်တပ်က ခြောက်လနီးပါး ထိုးစစ်ဆင်ခဲ့ရသည်။ 

ထို့နောက် စစ်တပ်သည် မြောက်ဘက်ရှိ TNLA သိမ်းထားသော မြို့များကို ဆက်လက်ထိုးစစ်ဆင်ရာ လများမကြာမီ ကျောက်မဲ၊ သီပေါတို့ကို ပြန်သိမ်းနိုင်ခဲ့သည်။

အောက်တိုဘာလကုန်ပိုင်းတွင် TNLA က စစ်တပ်နှင့် တရုတ်နိုင်ငံတွင် တွေ့ဆုံဆွေးနွေးပြီးနောက်   မိုးကုတ်နှင့်မိုးမိတ်မြို့များမှ ဆုတ်ခွာရန် သဘောတူခဲ့သည်။

တရုတ်က ရှမ်းပြည်နယ်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ထိုးစစ်များရပ်ရန် ဖိအားပေး အကျပ်ကိုင်နေခြင်း၊ စစ်တပ်ကို လက်နက်ရောင်းပေးခြင်းတို့ကြောင့် တရုတ်သည် စစ်တပ်အတွက်  အားကိုးရသည့်နိုင်ငံ ဖြစ်လာသည်။ 

စစ်တပ်က အောက်တိုဘာလကုန်ပိုင်းတွင် ရှမ်းမြောက်ရှိ TNLA ထိန်းချုပ်ထားသော မြို့များကို ထိုးစစ်ဆင်မှု၊ လေကြောင်းတိုက်ခိုက်မှုများ ရပ်တန့်ပေးရန် သဘောတူခဲ့သည်။

၁၀၂၇ စစ်ဆင်ရေးတွင် ဦးဆောင်ခဲ့သည့် MNDAAနှင့် TNLA ညီနောင်နှစ်ဖွဲ့သည် ၂၀၂၆ ခုနှစ် မတ်လတွင် အချင်းချင်း ပစ်ခတ်တိုက်ခိုက်သည်အထိ ပဋိပက္ခဖြစ်လာသည်။ လားရှိုး- မူဆယ်လမ်းပိုင်းရှိ နယ်မြေစိုးမိုးရေးနှင့် ကုန်သွယ်ရေးဂိတ်များ စီမံခန့်ခွဲမှုအပေါ်အခြေခံပြီး ဆက်ဆံရေးတင်းမာခဲ့ခြင်း ဖြစ်သည်။

မတ်လ ၁၅ ရက်နေ့တွင် TNLA ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့ကို MNDAA က ထိုးစစ်ဆင် သိမ်းပိုက်လိုက်သည်။ တိုက်ခိုက်မှု၏နောက်ကွယ်တွင် တရုတ်နိုင်ငံ ရှိလိမ့်မည်ဟု လေ့လာသူအချို့က ယူဆကြသည်။

မန္တလေး

မန္တလေးတိုင်းတွင်   တော်လှန်ရေးတပ်များသည် သပိတ်ကျင်းမြို့နှင့် ရွှေတူးဖော်ရေးလုပ်ကွက် အများစုအား ထိန်းချုပ်နိုင်ခဲ့သော်လည်း မြို့မြောက်ဘက်၊ ၁၂ မိုင်ကျော်အကွာရှိ တွင်းငယ်မြို့နှင့် မြို့အရှေ့ဘက်ရှိ စစ်တပ်စခန်းများကို မသိမ်းနိုင်ခဲ့ပေ။ 

အဆိုပါ ကျေးရွာ နှစ်ရွာအနီးတွင်  အမှတ်(၂) စစ်အခြေခံလေ့ကျင့်ရေးတပ်၊ ကျောက်ကြီးနည်းပညာတပ်၊ တကက- ၁၃ ခေါ် အမှတ် (၁၃)၊ တန်းမြင့် လေ့ကျင့်ရေးကျောင်းစသည်တို့ အခြေစိုက်သည်။

စစ်တပ်သည်  ခုနစ်မိုင်ရွာရှိ စစ်စခန်းကို အင်အားဖြည့်ပြီးနောက် တစ်ရွာပြီးတစ်ရွာ ပြန်သိမ်းပြီး   သပိတ်ကျင်းမြို့ကို   ဇူလိုင်လ ၂၂ ရက်နေ့တွင် အလုံးစုံသိမ်းပိုက်လိုက်နိုင်သည်။

ထို့နောက်  မန္တလေးမြို့မြောက်ဘက် မိုင်၂၀အကွာရှိ တော်လှန်ရေးတပ်များက တစ်နှစ်ကျော်ကြာ ထိန်းချုပ်ထားနိုင်ခဲ့သော မတ္တရာမြို့နယ်ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် စစ်တပ်က ပြန်သိမ်းပြီး နောက်တစ်လတွင်  စဉ့်ကူးမြို့ကို စစ်တပ်က ပြန်ရသွားသည်။

ထို့နောက် စစ်တပ်သည် NUG ထိန်းချုပ်ထားသော တကောင်းမြို့ကို တစ်လကျော်အကြာ ထိုးစစ်ဆင်ပြီး  သိမ်းပိုက်နိုင်သဖြင့်  မန္တလေးတိုင်းအတွင်းရှိ လက်လွှတ်ခဲ့ရသော မြို့အားလုံးကို စစ်တပ်က ပြန်လည်ထိန်းချုပ်သွားသည်။

တကောင်းမြို့ကို ပြန်သိမ်းပြီးနောက်တွေ့ရသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ- MOI)

ကရင်ပြည်နယ်

ကရင်ပြည်နယ်တွင်  Asian Highway 1နှင့် ချိတ်ဆက်ထားသဖြင့် အာရှလမ်းမကြီးဟုလည်း ခေါ်ကြသော  မြဝတီ-ကော့ကရိတ်လမ်းတစ်လျှောက် တိုက်ပွဲအများအပြား ဖြစ်ပွားခဲ့သည်။

KNU နှင့် ပူးပေါင်းတပ်များက ကျုံဒိုးနှင့် ကော့ကရိတ်မြို့ပေါ်ရှိ စစ်တပ်ကို  ၂၀၂၃ ခုနှစ်ကတည်းက  ငါးကြိမ်ထက်မနည်း တိုက်စစ်ဆင်ခဲ့သော်လည်း မြို့အခြေစိုက်တပ်ကို မသိမ်းပိုက်နိုင်ခဲ့ပေ။ 

၂၀၂၄ နှစ်ဆန်းပိုင်းတွင်   ပူးပေါင်းတပ်က မြဝတီမြို့ပြင်တွင် စောင့်ဆိုင်းတိုက်ခိုက်သဖြင့်  တပ်မ ၄၄  တပ်မမှူးအသစ် လိုက်ပါလာသော ရဟတ်ယာဉ်ပျက်ကျပြီး ရဟတ်ယာဉ်ပေါ်ပါသူများ သေဆုံးသည်။

၂၀၂၄ ခုနှစ် ဧပြီလတွင် စစ်တပ်က ကော့ကရိတ်မြို့ကို တစ်မြို့လုံးအပြည့်အဝ ပြန်လည်ထိန်းချုပ် ခဲ့သော်လည်း ကျုံဒိုး- ကော့ကရိတ်လမ်းပေါ်ရှိ  စခန်းငယ်များ ဆက်လက် တိုက်ခိုက်ခံနေရသဖြင့် အဆိုပါလမ်းကို တစ်နှစ်ကျော်ကြာ မသုံးနိုင်ခဲ့ပေ။

စစ်တပ်သည် ၂၀၂၅ ခုနှစ် ဇူလိုင်လတွင် ကရင်ပြည်နယ်မှ ထိုင်း-မြန်မာနယ်စပ် အဓိက ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သော အာရှလမ်းမကြီးပေါ်ရှိ ကျုံဒိုး- ကော့ကရိတ်လမ်းကို အောင်ဇေယျစစ်ဆင်ရေးဖြင့် ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည်။

၂၀၂၄ ခုနှစ် ဧပြီလတွင် တော်လှန်ရေးပူးပေါင်းတပ်က အာရှလမ်းပေါ်ရှိ သင်္ဃန်းညီနောင်ဗျူဟာစခန်းကို ဝိုင်းပတ်တိုက်ခိုက်ရာ တပ်မိသားစုဝင်များအပါအဝင် ၆၁၇ ဦး လက်နက်ချသဖြင့် စခန်းကို အပြီးသတ်သိမ်းနိုင်ခဲ့သည်။ 

ထို့နောက် မြဝတီမြို့ရှိ တစ်ခုတည်းသော တပ်ရင်းဖြစ်သည့် ခလရ ၂၇၅ ကို ဆက်လက်စစ်ဆင်ရာ ထိုစခန်းမှ စစ်သားများက  မြို့ အရှေ့ဘက်ရှိ ထိုင်း-မြန်မာချစ်ကြည်ရေး အမှတ် (၂) တံတားရှိ ကုန်တင်ကားဝင်းသို့  ဆုတ်ခွာခုခံကြသည်။ စစ်တပ်က စစ်ကူပို့ရန် ကော့ကရိတ်မှ မြဝတီသို့ နိုင်ငံအဆင့် အောင်ဇေယျစစ်ကြောင်း ချီတက်ခဲ့သည်။ 

မြဝတီမြို့နယ်အတွင်း အုပ်ချုပ်ရေးယန္တရားရပ်သွားသည့် အခြေအနေတွင် ကျားဖြန့်လုပ်ငန်းကြောင့် နာမည်ကြီးနေသည့်၊ မြို့လုံခြုံရေးယူထားသော နယ်ခြားစောင့်တပ်၏  အခန်းကဏ္ဍသည် အရေးပါလာသည်။

နယ်ခြားစောင့်တပ်နှင့် သဘောတူညီမှု မရလိုက်သည့် ပူးပေါင်းတပ်သည်  မြဝတီမြို့မှ ရုတ်တရက် ဆုတ်သွားပြီးနောက် အမှတ် (၂) တံတားမှ စစ်သားများ  ခလရ (၂၇၅)သို့ ပြန်လည်ဝင်ရောက်ပြီး မြဝတီမြို့တွင် အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်လုပ်ကိုင်လာသည်။

မြဝတီကို စစ်တပ်က ပြန်ရသွားသည့်တိုင် ပူးပေါင်းတပ်များသည် ကော့ကရိတ်-မြဝတီလမ်းပေါ်ရှိ စစ်ရေးအရအရေးပါသော သင်္ဃန်းညီနောင်ဗျူဟာကို ကာလအတန်ကြာ ထိန်းချုပ်ပြီး အောင်ဇေယျစစ်ကြောင်းကို ဟန့်တားခဲ့သည်။ 

ကားဖြင့်သွားလျှင် တစ်နာရီကြာမည့် ခရီးကို ထိုစစ်ကြောင်းက တစ်နှစ်ခွဲခန့် ချီတက်လိုက်ရသည်၊ ၂၀၂၅ ခုနှစ် စက်တင်ဘာလတွင် မြဝတီမြို့ဘက်မှ စစ်ကြောင်းနောက်တစ်ခု တက်လာရာ ပူးပေါင်းတပ်များ သင်္ဃန်းညီနောင်မှ ဆုတ်ခွာလိုက်ရသည်။

အာရှလမ်း၊ နယ်စပ်ကုန်သွယ်ရေးမြို့ မြဝတီတို့ကို ဆက်မထိန်းချုပ်နိုင်ခဲ့သော်လည်း KNU က  ကရင်ပြည်နယ်မြောက်ပိုင်းတွင် ဖာပွန်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ကျိုက်ဒုံ၊ တနင်္သာရီတိုင်းတွင် ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးမြို့မောတောင်နှင့် ထီးခီးရွာတို့ကို ဆက်လက်ထိန်းချုပ်ထားနိုင်ဆဲ ဖြစ်သည်။

စစ်ရေးလွန်ဆွဲနေသည့် နေရာများ

စစ်တပ်က အောင်မြင်မှုများ ပြန်ရလာသော်လည်း ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့တွင် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေရဆဲဖြစ်သည်။

ကချင်ပြည်နယ်၏ ဒုတိယအကြီးဆုံး ခရိုင်မြို့ဖြစ်သည့် ဗန်းမော်ကို ကချင်လွတ်မြောက်ရေးတပ် (KIA) သည် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ AA၊ PDF တို့နှင့်အတူ ထိုးစစ်ဆင်နေသည်မှာ တစ်နှစ်ကျော်လာပြီဖြစ်ပြီး နှစ်ဖက်အကျအဆုံး များပြားလျက်ရှိသည်။ 

အလားတူ ရခိုင်ပြည်နယ်တွင်လည်း AA သည် မြို့တော် စစ်တွေ၊ တရုတ်-မြန်မာသဘာဝဓာတ်ငွေ့ပိုက်လိုင်း စတင်ရာ ဆိပ်ကမ်းမြို့ ကျောက်ဖြူတို့ကို ထိုးစစ်ဆင်နေဆဲဖြစ်သည်။

ပဲခူးတိုင်းတွင် ဒေသအခြေစိုက် PDF တို့က ရန်ကုန်-မန္တလေးလမ်းဟောင်း၊ ရန်ကုန်-ပြည်လမ်းတို့တွင် ရှိသည့် စစ်စခန်းများကို ထိုးစစ်ဆင်နေသည်မှာ တစ်နှစ်ပြည့်ပြီ ဖြစ်သည်။

၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့တွင် နတ်တလင်း၊ ဇီးကုန်း၊ မင်းလှမြို့နယ်တို့ရှိ စစ်တပ်ဂိတ်စခန်း သုံးခုကို PDF များက တပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဇီးကုန်းမြို့နယ်ရှိ ပျူစောထီးစခန်းတစ်ခုကို မီးရှို့ခဲ့သည်။

နှစ်ရက်အကြာတွင် ရန်ကုန်-မန္တလေးကားလမ်းဟောင်းပေါ်ရှိ တောကျွဲအင်းမြို့အပါအဝင် စစ်တပ်စခန်း ၁၂ ခုကို  ထိုးစစ်ဆင်၍ မြို့ကို နေ့တစ်ဝက်ခန့် ထိန်းချုပ်ပြီးနောက် တော်လှန်ရေးတပ်များ ပြန်လည်ဆုတ်ခွာခဲ့သည်။ ယင်းဖြစ်စဥ်အပြီး  စစ်တပ်က မြို့အရှေ့ဘက်ရှိ PDF  စိုးမိုးထားသော ကျေးလက်ဒေသကို စစ်ကြောင်းထိုးခဲ့သည်။

စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင်လည်း စစ်တပ်က စစ်ကြောင်းထိုး၍ နယ်မြေရှင်းလင်းမှုများ လုပ်သော်လည်း  တော်လှန်ရေးတပ်ဘက်က စစ်တပ် ပြန်ဆုတ်သည်နှင့် နယ်မြေစိုးမိုးမှု ပြန်ယူထားလေ့ရှိသည်။

ထို့ကြောင့် ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင် စစ်ပွဲသည် ယတိပြတ်အနိုင်အရှုံး မသဲကွဲသေးသည့် အခြေအနေမျိုး ဖြစ်နေသည်။

လက်ရှိအခြေအနေ  

အာဏာသိမ်းပြီး ငါးနှစ်အကြာတွင် စစ်တပ်သည်  ထိပ်တန်းအတိုက်အခံ နိုင်ငံရေးပါတီများမပါဝင်သော၊ ၎င်း၏  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မဲအပြတ်အသတ်ဖြင့် အနိုင်ရစေသော ရွေးကောက်ပွဲကို  အပိုင်း သုံးပိုင်းခွဲကျင်းပလိုက်သည်။ ထို့နောက် စစ်ခေါင်းဆောင်က  သမ္မတရာထူး ရယူလိုက်သည်။

ထိုဖြစ်ရပ်များ မတိုင်မီ စစ်တပ်က အောင်မြင်မှုများ ရရှိလာခြင်းမှာ တော်လှန်ရေးအင်အားစု၏ ရှုံးနိမ့်မှု မဟုတ်ကြောင်း  Myanmar Now က ဆက်သွယ်မေးမြန်းခဲ့သည့်  တော်လှန်ရေးတပ် သတင်းရင်းမြစ် ရှစ်ဦးထက်မနည်းက မှတ်ချက်ပြုကြသည်။

“စစ်ရှုံးပြီလို့တော့ ပြောလို့မရသေးပါဘူး။ ကျိန်းသေတာက ကျွန်တော်တို့နိုင်တဲ့အခါရှိသလို ရှုံးတာလည်းရှိမှာပဲ။ တစ်စုံလုံးရှုံးပြီလားဆိုရင် ရှုံးပြီဆိုရင်တော့ ကျွန်တော်တို့ ဆက်မချတော့ဘဲနေမှာပေါ့” ဟု NUG လက်အောက်ခံမဟုတ်သည့် တော်လှန်ရေးအဖွဲ့တစ်ခု၏ ခေါင်းဆောင်တစ်ဦးက ပြောသည်။ သို့သော်လည်း တော်လှန်ရေးတပ်များ အကျဘက်သို့ ရောက်နေသည်မှာ မှန်ကန်ကြောင်း ပြောသည်။

“ကောင်းကောင်းပြန်ပြီး မတည်ဆောက်လိုက်နိုင်ရင်၊ မှားတာတွေကို မြန်မြန် ပြန်ပြင်နိုင်စွမ်း မရှိရင်တော့ ထိုးဆင်းသွားမှာပေါ့။ တော်တော်အသက်ရှင်ရခက်နိုင်တယ်” ဟု သူက မှတ်ချက်ပေးသည်။

PDF ဒုစစ်ဦးစီးအရာရှိချုပ်  ဒေါက်တာစိုးသူရဇော်ကမူ စစ်တပ်နှင့် တော်လှန်ရေးတပ်အကြား စစ်ရေး အခြေအနေသည် သူတစ်ပြန် ကိုယ်တစ်ပြန်တိုက်နေရသည့် အခြေအနေဟု ဆိုနိုင်ကြောင်း Myanmar Nowနှင့် သီးသန့်အင်တာဗျူးတွင် ပြောသည်။

“နှစ်ဖက်လုံးမှာ အောင်မြင်မှုနဲ့ အားနည်းချက်တွေ ရှိနေဆဲ ဖြစ်သလို နိုင်ငံရေးနဲ့ စစ်ရေး ရည်ရွယ်ချက်တွေအတွက် နှစ်ဖက်လုံး ရုန်းကန်နေရတဲ့ ကာလဖြစ်ပါတယ်” ဟု ဒေါက်တာစိုးသူရဇော်က ဆိုသည်။

ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC)၏ အတွင်းရေးမှူး (၂) ဖြစ်သူ ဦးဗညားခွန်အောင်ကလည်း တော်လှန်ရေးငါးနှစ်တာ ကြာလာချိန်တွင် စစ်တပ်ကို စစ်ရေးနည်းလမ်းတစ်ခုတည်းဖြင့် တိုက်ခိုက်ခြင်းသည် ပိုမိုခက်ခဲလာကြောင်း ပြောသည်။

“လူထုပါဝင်မှုအားနည်းတဲ့အတွက် စစ်ပွဲဟာ နှစ်ပေါင်း ၂၀၊ ၃၀ ကြာနိုင်တယ်။ အားကောင်းရင်တော့မြန်တယ်။ အားမကောင်းရင် ကြာမယ်။ ကျွန်တော်တို့အခြေအနေက ကြာလာလေလေ စစ်ရေးတစ်ခုတည်းနဲ့တိုက်ဖို့ ပိုခက်လာတယ်။ စစ်တပ်အတွက် အနည်းဆုံးနိုင်ငံကြီးနှစ်နိုင်ငံက ပံ့ပိုးပေးနေတဲ့အချိန်မှာ ကျွန်တော်တို့ ဘယ်လိုမှမကာနိုင်ဘူး” ဟု ဦးဗညားခွန်အောင်က မှတ်ချက်ပေးသည်။

NUG ကွပ်ကဲမှုအောက်မဟုတ်သည့် တော်လှန်ရေးအဖွဲ့များထဲမှ ၁၉ ဖွဲ့က နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု (SRA) အမည်ဖြင့် ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်တွင် တပ်ပေါင်းစုဖွဲ့ထားသည်။

မတ်လ ၃၁ ရက်နေ့တွင်  NUG ကလည်း တပ်ပေါင်းစုတစ်ခု ဖွဲ့စည်းလိုက်သည်။ စစ်ရေးနှင့် နိုင်ငံရေး ဦးဆောင်မှုပေးမည့် ထိုအဖွဲ့တွင် CRPH၊ ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် (KIO)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားများတိုးတက်ရေးပါတီ (KNPP)၊  ချင်းအမျိုးသားတပ်ဦး CNF တို့လည်း ပါဝင်ပြီး   ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကော်မတီ (SCEF) ဟု  အမည်ပေးထားသည်။

တော်လှန်ရေးအင်အားစုအများစုကို လွှမ်းခြုံသော အမိန့်ပေးကွပ်ကဲမှု မတည်ဆောက်နိုင်သေးသည့် အားနည်းချက် ရှိနေချိန်တွင် အဆိုပါတပ်ပေါင်းစုနှစ်ခု ပေါ်ပေါက်လာခြင်း ဖြစ်သည်။ 

အခြားအားသာချက်၊ အားနည်းချက်များ

တော်လှန်ရေးတပ်များက လက်ဗလာဘဝမှ စစ်ပညာကို ကြိုးစားသင်ပြီး တပ်ရင်းတပ်ဖွဲ့နှင့် တူသည်အထိ စနစ်တကျရုန်းကန်ကြိုးစားတည်ဆောက်နိုင်သည်။ စစ်သင်တန်းများလည်း ကိုယ်တိုင်လုပ်ဆောင် လာနိုင်သည်။

NUG အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ အပတ်စဉ် (၁/၂၀၂၆) အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ အခမ်းအနား မှတ်တမ်း။ (ဓာတ်ပုံ-အမှတ်(၂) စစ်ဆင်ရေးနယ်မြေ)

လက်လုပ်သေနတ်၊ တူမီးသေနတ်မှသည် မောင်းပြန်သေနတ်၊ ဗုံးသီးများကြဲချနိုင်သည့် ဒရုန်း၊ အသေခံ ဒရုန်းများအထိ အဆင့်မြှင့်တင်လာနိုင်သည်။ ချင်းပြည်နယ်တွင် “စုန်းမ”အမည်ရှိ တော်လှန်ရေးအဖွဲ့ဆိုလျှင် First Person View- FPV အသေခံဒရုန်း သုံး၍တိုက်ခိုက်နေသည်။

ဒရုန်းကရိုက်ကူးပေးပို့သည့် ရုပ်သံမြင်ကွင်းကို ကြည့်လျှင် ကိုယ်တိုင်လိုက်ပါ စီးနင်းနေရသကဲ့သို့ ခံစားရစေနိုင်သော၊ ယူကရိန်း စစ်မြေပြင်တွင် အသုံးများသော ဒရုန်းအမျိုးအစား ဖြစ်သည်။

တော်လှန်ရေးအဖွဲ့များသည် ပြောက်ကျားစစ်ဆင်နိုင်ရုံသာမက မြို့သိမ်းတိုက်ပွဲဆင်နွှဲနိုင်သည်အထိ စစ်ရေးအတွေ့အကြုံများရလာသည်။

အာဏာဖီဆန်ပြီးနောက် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ဆက်လက်နေရာရထားသော ဦးကျော်မိုးထွန်းကလည်း နိုင်ငံတွင်းအခြေအနေအား ကမ္ဘာသိရန် ပြောပြနိုင်ခြင်းကလည်း  တော်လှန်ရေးအင်အားစုအတွက် အားသာချက် ဖြစ်နေသေးသည်။

အရေးကြီးသည့် ဘဏ္ဍာငွေအတွက်  ပြည်သူလူထု ထည့်ဝင်လှူဒါန်းမှု၊ ထိန်းချုပ်နယ်မြေတွင်  အခွန်ကောက်ခြင်းတို့ကို အားပြုနေကြသည်။ သို့သော် တော်လှန်ရေးတပ်များ၏ ဘဏ္ဍာငွေရရှိမှုသည် နိုင်ငံ၏ အဓိကမြို့ကြီးများကို စိုးမိုးထားသော စစ်တပ်က နိုင်ငံ့ ဘဏ္ဍာ စိတ်ကြိုက်သုံးစွဲနေမှုနှင့် ယှဉ်လျှင် အဆမတန် ကွာဟနေသေးသည်။

ထို့အပြင် လေကြောင်းရန်ကာကွယ်ရေးစနစ် လွန်စွာ အားနည်းနေသေးသည်။ တော်လှန်ရေးအဖွဲ့ ထိန်းချုပ်နယ်မြေများတွင်   ဗုံးခိုကျင်း အများအပြား တည်ဆောက်လာနေသော်လည်း စစ်လေယာဉ်များကို ထိထိရောက်ရောက် ပစ်ခတ်နိုင်သည့် လက်နက်များနှင့် အလှမ်းဝေးနေဆဲဖြစ်သလို ဒရုန်းဟန့်တားနိုင်သော Jammer လည်း အလုံအလောက်မရှိပေ။

လက်နက်ခဲယမ်း ရရှိနိုင်မှုလည်း အကန့်အသတ် ကြီးမားနေသည်။ Myanmar Now သတင်းထောက်အချို့ ပဲခူးတိုင်း တော်လှန်ရေးနယ်မြေရောက်ရှိစဉ်  ခဲယမ်းဈေး ပိုတက်လာသည်၊ ရနိုင်သည့်အရေအတွက် နည်းလာသည်ဟူသော  ညည်းညူသံ ကြားရသည်။

စစ်တပ်တွင်မူ လက်နက်စက်ရုံအများအပြား ရှိနေပြီး တရုတ်၊ ရုရှားကဲ့သို့သော နိုင်ငံများကလည်း လက်နက် ရောင်းချပေးနေသည်။  

NUG ကို စစ်ရေး၊ နိုင်ငံရေးအရ လက်တွေ့အကူအညီပေးသည့် နိုင်ငံတစ်နိုင်ငံမျှ မရှိသေးသည့်အတွက် ကိုယ်ထူကိုယ်ထရုန်းကန်နေရသော တော်လှန်ရေးသည် ရေရှည်တွင် ပင်ပန်းစေသည်။

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC အတွင်းရေးမှူး (၂) ဦးဗညားခွန်အောင်က တော်လှန်ရေးတပ်တွင် ထိန်းချုပ်နယ်မြေ အများအပြားရှိလျှင် အခွန်ပိုရနိုင်မည်ဟု ပြောသည်။

“သိမ်းပိုက်ထားတဲ့နယ်မြေပိုကျယ်တဲ့အခါ လူမှုစီးပွားဘဝကလည်း တက်လာတယ်။ လူထုတွေအကြား ကုန်စည်တွေပိုလဲလှယ်နိုင်တယ်။ ဖလှယ်နိုင်တယ်။ ပိုစိုက်ပျိုးနိုင်တယ်။ ပိုရောင်းချနိုင်တယ်။ ကူးလူးဆက်ဆံရေး လွယ်ကူတော့ ခရီးစရိတ်ကျလာတယ်။ ကုန်သွယ်ရေးကလည်း ပိုပြီး ကူးသန်းရောင်းဝယ်နိုင်တဲ့အတွက် အခွန်အခတွေပိုရတယ်” ဟု သူက   Myanmar Now ကို ပြောသည်။

“(စိုးမိုးနယ်မြေ ဆုံးရှုံးရင်) လုံခြုံရေးအရ ပတ်ပြီးသွားရတဲ့အတွက် အချိန်ပိုကုန်တယ်။ စရိတ် ပိုထောင်းတယ်။ လူမှုစီးပွားဘဝဟာ ပိုကျုံ့သွားတော့ ဝင်ငွေလည်းပိုနည်းတယ်။ လူထုအတွက်လည်း ဝင်ငွေပိုနည်းတယ်။ အစိုးရတရပ်အနေနဲ့ လူထုရဲ့ဝင်ငွေအပေါ်မှာ မူတည်ပြီးတော့ IEC ဖြစ်စေ တပ်ပိုင်းဆိုင်ရာအတွက် စရိတ်တွေ ဝင်လာမှုက ကျသွားတယ်”  

ပြုန်းတီးအင်အား

ပဲခူးတိုင်းထဲရှိ  PDF တပ်ရင်းများက စစ်မှုထမ်းကာလကို နှစ်နှစ်သတ်မှတ်ထားပြီး   တပ်ရင်းအချို့က ငါးနှစ် သတ်မှတ်ထားသည်။

လက်နက်ကိုင်တော်လှန်ရေးအစတွင် လူငယ်များ ဆယ်နှင့်ချီ၊ ရာနှင့်ချီ အလုံးအရင်းဖြင့် တပ်ထဲဝင်လာ ကြသော်လည်း ယခုမူ တစ်ယောက်စ၊ နှစ်ယောက်စသာ  ရှိနေသည်။

လစာနှင့် အခွင့်အရေးမရနိုင်သည့် တော်လှန်ရေးတပ်ထဲတွင် နှစ်အတန်ကြာ ဆက်လက် တာဝန်ထမ်းဆောင်နေသူ အများအပြားရှိသလို  တပ်မှထွက်ခွာသွားသူများလည်း ရှိနေသည်။

နုတ်ထွက်စာတင် ထွက်ခွာသွားသူ၊ ခွင့်မတောင်းဘဲ တပ်နှင့် ကင်းကွာသွားသူ၊  လက်နက်ချသွားသူများကို  ပြုန်းတီး အင်အားဟု ခေါ်ဆိုကြပြီး မည်မျှ ပြုန်းတီးနေသည်ကို တော်လှန်ရေးတပ်ဖွဲ့တာဝန်ရှိသူများက ထုတ်မပြောကြပေ။

NUG နှင့် ပဋိပက္ခဖြစ်ခဲ့ပြီးနောက် ဖေဖော်ဝါရီလတွင် လက်နက်ချခဲ့သည့် စစ်ကိုင်းတိုင်း ပုလဲမြို့နယ် အခြေစိုက် ဗိုလ်နဂါး၏ ဖြစ်ရပ်သည် ထင်ရှားသည်။ 

မန္တလေးတွင် PDF ၅၀၀ ကျော် လက်နက်ချကြောင်း စစ်တပ်က မတ်လ ၁၉ ရက်နေ့တွင် သတင်းထုတ်ပြန်        ထားသည်။

လပခတွင် လက်နက်ချခဲ့သော PDF များဟု စစ်တပ်ဝါဒဖြန့်။ (ဓာတ်ပုံ- စစ်တပ်ထောက်ခံသည့် တယ်လီဂရမ်ချန်နယ်) 

PDF ဒုစစ်ဦးစီးအရာရှိချုပ် ဒေါက်တာစိုးသူရဇော်ကမူ တော်လှန်ရေးကာလ အချိန်တစ်ခုကြာလာသည်နှင့် ပြုန်းတီးအင်အားရှိလာသည်မှာ သဘာဝဖြစ်ကြောင်း ဆိုသည်။

“စစ်ပွဲမှာ အင်အားပြုန်းတီးမှု (ကျဆုံး၊ ဒဏ်ရာရ၊ တပ်ပြေး) ရှိတာ သဘာဝပါ။ ရန်သူဘက်က လက်နက်ချသူ အများကြီးရှိတယ်လို့ ဝါဒဖြန့်နေတာဟာ စိတ်ဓာတ်စစ်ဆင်ရေးသာဖြစ်ပြီး ပကတိတရားနဲ့ ဆန့်ကျင်နေပါတယ်။ လူသစ်စုဆောင်းမှုက အရင်ထက် နည်းသွားနိုင်ပေမယ့် တော်လှန်ရေးကို တကယ်ယုံကြည်တဲ့ အတွင်းအနှစ်သာရ ပါဝင်တဲ့ လူအင်အားတွေ ဆက်လက်ရှိနေဆဲ ဖြစ်ပါတယ်”ဟု သူက Myanmar Now ကို ပြောသည်။

ရှမ်းတောင်- ကရင်နီအခြေစိုက် NUG တပ်ရင်းများတွင် တော်လှန်ရေးကာလ ကျဆုံးခဲ့သော PDF တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ- Mo Riarty Facebook)

“လက်နက်ကိုင်တော်လှန်ရေးအစမှာတော့ အပြင်မီးပဲရှိပြီး အတွင်းမီးက မရှိသလောက် ငြိမ်းပါတယ်။  လက်နက်ကိုင်တော်လှန်ရေးကြာလာတာနဲ့အမျှ အတွင်းမီးတွေကလည်း ဟိုတစ်ကွက်၊ ဒီတစ်ကွက် ပေါ်လာတတ်ပါတယ်။ ဒီဘေးထွက်ဆိုးကျိုးများဟာ ကျွန်တော်တို့ မဖြစ်မနေ ဖြေရှင်းကုသရမယ့်အရာ ဖြစ်ပါတယ်” ဟု သူက ဆိုသည်။

အပြင်မီးဆိုသည်မှာ အာဏာသိမ်းစစ်တပ်ဖြစ်ပြီး အတွင်းမီးဆိုသည်မှာ တော်လှန်ရေးတပ်ဖွဲ့အတွင်း လှိုက်စားနေသော ကိုယ်ကျိုးရှာခြစားမှု၊ ရာဇဝတ်မှုများဖြစ်ကြောင်း သူက ပြောသည်။

အာဏာသိမ်းစစ်တပ်သည် အားနည်းချက်များကိုပြုပြင်၍ စစ်ရေး၊ နိုင်ငံရေးအရွေ့များဖြစ်ရန် ကြိုးပမ်းလာနေကြောင်း၊ တော်လှန်ရေးတပ်များဘက်ကလည်း အားနည်းချက်များကို ပြုပြင်ရန်လိုအပ်ပြီး မပြုပြင်နိုင်ပါက နယ်မြေဆုံးရှုံးမှုများအပြင် နိုင်ငံရေးအရ ရှုံးနိမ့်မှုများပါ ကြုံလာရနိုင်ကြောင်း စစ်ဘက်နှင့်လုံခြုံရေးရာ သုတေသနအဖွဲ့(MDSI)မှ ဗိုလ်မှူး နောင်ရိုးက သတိပေးသည်။

“စစ်တပ်ကို ပြိုလဲလုနီးပါးအခြေအနေအထိ ဖိအားပေးလာနိုင်ခဲ့ပေမယ့် လူထုတကယ်လိုချင်တဲ့ တော်လှန်ရေးပန်းတိုင်အထိ မရောက်ခဲ့ဘူး။ အများကြီးနောက်ပြန်ဆုတ်သွားတယ်။ လူထုလည်း ဒီငါးနှစ်တာအတွင်းမှာ အများကြီးပင်ပန်းဆင်းရဲကျပ်တည်းသွားတယ်။ အခက်အခဲတွေဘက်ပေါင်းစုံမှာ ကြုံရတယ်။ တစ်ဖက်မှာ စစ်အာဏာရှင်စနစ်ရဲ့ ရိုက်ခတ်မှုအပြင်ကို တစ်ဖက်မှာ နိုင်ငံရေး စစ်ရေးဆုတ်ယုတ်မှုတွေရဲ့ ရိုက်ခတ်မှုတွေကြုံလာရတယ်” ဟု CDM ဗိုလ်မှူးနောင်ရိုးက မှတ်ချက်ပေးသည်။

တော်လှန်ရေးတပ်များကလည်း  လိုအပ်ချက်များကို သိရှိပြီး တတ်နိုင်သမျှ ပြုပြင်ပြောင်းလဲရန် ကြိုးပမ်းနေကြောင်းဆိုကြသည်။

ရေရှည်စစ်နှင့် နောက်မဆုတ်ကြသူများ

စစ်တောင်းမြစ်ဝှမ်းဒေသတွင်လှုပ်ရှားသည့် NUG အထူးတိုင်းစစ်ဌာနလက်အောက်ခံ SOG တပ်ရင်းမှ ရဲဘော်တစ်ဦးက အခက်အခဲများရှိသော်လည်း ဆက်လက်ရပ်တည်သွားမည်ဟု  မတ်လ ၁၄ ရက်နေ့တွင်  Facebook ၌တင်သည့် ရန်ပုံငွေရရှိရေး ဆိုင်ရာရုပ်သံတွင် ပြောဆိုထားသည်။

“ဒီအချိန်မှ နောက်ဆုတ်ရင် မြေပြင်မှာ အသက်ပေးထားတဲ့ရဲဘော်တွေ အသက်တွေက အလကားတွေ ဖြစ်သွားလိမ့်မယ်။ ထောင်ထဲမှာ ဒုက္ခခံစားနေရတဲ့ ရဲဘော်တွေ၊ နိုင်ငံရေးအကျဉ်းသားတွေ၊ တိုက်ပွဲအတွင်း ကိုယ်လက်အင်္ဂါပေးဆပ်စွန့်လွှတ်လိုက်ရတဲ့ ရဲဘော်တွေ၊ ကျွန်တော်တို့ကို မျှော်လင့်ချက်အပြည့်နဲ့ စောင့်မျှော်နေတဲ့ ပြည်သူတွေ၊ သူတို့တွေရဲ့မျက်နှာကို ထောက်သောအားဖြင့် ဒီပွဲဟာ နိုင်ကိုနိုင်မှ ရမယ့်ပွဲပါ” ဟု သူက ဆိုသည်။

ပဲခူးတိုင်းတောတွင်းတစ်နေရာ၌ တည်ဆောက်ထားသည့် ဆေးရုံတစ်ခုတွင် ဆေးကုနေသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ ရဲဘော်တစ်ဦးအားတွေ့ရစဉ်။ (ဓာတ်ပုံ- Aung Kyaw Htet)
ပဲခူးတိုင်းတောတွင်းတစ်နေရာ၌ တည်ဆောက်ထားသည့် ဆေးရုံတစ်ခုတွင် ဆေးကုနေသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ ရဲဘော်တစ်ဦးအားတွေ့ရစဉ်။ (ဓာတ်ပုံ- Aung Kyaw Htet)

Myanmar Now က မေးမြန်းခွင့်ရခဲ့သည့် မတူညီသော တော်လှန်ရေးတပ်အသီးသီးမှ သတင်းရင်းမြစ်  ရှစ်ဦးကလည်း အလားတူ ပြောဆိုကြသည်။

ပဲခူးတိုင်းအရှေ့ပိုင်းတစ်နေရာတွင် တွေ့ဆုံခဲ့ရသည့် နဂါးနီတပ်ရင်း တပ်ရင်းမှူး ကိုဟိန်းက လက်ရှိ တာဝန်ထမ်းဆောင်နေသည့် ရဲဘော်များနှင့် ကျဆုံးသွားသည့် တော်လှန်ရေးရဲဘော်များအတွက် တိုက်ပွဲကို ဆက်တိုက်နေခြင်းဖြစ်ကြောင်း ပြောသည်။

 CDM ဆရာဝန်တစ်ဦးဖြစ်ပြီး မကွေးတိုင်း ယောဒေသအခြေစိုက် တော်လှန်ရေးသမား ကိုချစ်ဖေကလည်း စစ်တပ်က တိုင်းပြည်တစ်ခုလုံးကို အမြတ်ထုတ်နေကြောင်း မှတ်ချက်ပေးသည်။ 

“ကျွန်တော်တို့လုပ်ရမှာက ခုခံဆန့်ကျင်ဖို့ပဲ ကျွန်တော်တို့မှာ တခြားနည်းလမ်းမရှိဘူး။ ကျွန်တော်တို့ ဒီတိုက်ပွဲဆင်နွှဲရင်းနဲ့ အသက်ဆုံးရှုံးရနိုင်တယ်ဆိုတာသိတယ်။  ဘာတွေပေးဆပ်တယ်၊ ညာတွေပေးဆပ်တယ်ဆိုတာကြောင့် လုပ်တာမဟုတ်ဘူး။ တော်လှန်ရေးက ကျွန်တော်တို့ လုပ်ကို လုပ်ရမယ့်အလုပ်ဖြစ်တယ်” ဟု သူက ဆိုသည်။

လက်ရှိ ဖြစ်ပေါ်နေသည်မှာ ကာလတိုစစ်ပွဲ မဟုတ်ကြောင်း ဗမာပြည်ကွန်မြူနစ်ပါတီ၏ လက်နက်ကိုင်တပ် ဖြစ်သည့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဝေယံဖြိုးမိုး အပါအဝင် တော်လှန်ရေးသမားအများစုက ဆိုကြသည်။

“ကျွန်တော်တို့အနေနဲ့က ရေရှည်စစ်ဖြစ်တယ်ဆိုတာ သုံးသပ်ရှုမြင်တာတွေရှိတယ်။ ရေရှည်စစ်အမြင်ကို တော်လှန်ရေးတပ်သားတွေရော ခေါင်းဆောင်တွေကြားထဲမှာ စိုက်ထူထားပြီး အမြန်အဆုံးသတ်နိုင်ဖို့ ကြိုးစားရမယ်” ဟု ရဲဘော်ဝေယံဖြိုးမိုးက မှတ်ချက်ပေးသည်။

တော်လှန်ရေးတပ်များက စနစ်တကျ ပြင်ဆင်စုဖွဲ့နေကြသလို မတူကွဲပြားမှုများဘေးဖယ်၍ တူညီသည်များ အလုပ်တွဲလုပ်နိုင်ရန် ကြိုးပမ်းနေကြရကြောင်း၊  တော်လှန်ရေး၏ အခြေအနေသည် စနစ်တကျ ပြုပြင်ပြောင်းလဲမှုနှင့် ပေါင်းစပ်တိုက်ပွဲများ မဖော်နိုင်ပါက အချိန်ကြာသွားနိုင်ကြောင်း သူက ဆက်ပြောသည်။

လူထုကိုလည်း တော်လှန်ရေးတပ်များက ပြန်လည်စည်းရုံးပြီး လက်နက်ကိုင်တိုက်ပွဲနှင့် လူထုတိုက်ပွဲ ပေါင်းစပ်၍ စစ်တပ်ကို တိုက်မှသာ အောင်ပွဲခံနိုင်မည်ဟု သူက ယူဆသည်။

မကွေးတိုင်း ယောဒေသက တော်လှန်ရေးရဲဘော်တစ်ဦးဖြစ်သူ ကိုချစ်ဖေကလည်း အလားတူ ယူဆသည်။

“(တချို့)တော်လှန်ရေးတပ်တွေကိုယ်တိုင်က လူထုကို စည်းရုံးဖို့မလိုဘူးလို့ ထင်တဲ့ပြဿနာလည်း ရှိတယ်။ စည်းရုံးစရာမလိုဘူး။ လူထုက အမြဲတမ်းကိုယ့်ကို ထောက်ခံနေမှာပဲဆိုတာပေါ့” ဟု ကိုချစ်ဖေက ပြောသည်။

၂၀၂၅ ခုနှစ် ဖယ်ခုံမြို့နယ်ထဲကို စစ်တပ် စစ်ကြောင်းထိုးလာသောကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးသည် မိသားစုနှင့်အတူ ထွက်‌ပြေးရန် ကားတစ်စီးပေါ်သို့ အလျင်အမြန် တက်ရောက်နေစဉ်။ (ဓာတ်ပုံ-Aung Kyaw Htet)
၂၀၂၅ ခုနှစ် ဖယ်ခုံမြို့နယ်ထဲကို စစ်တပ် စစ်ကြောင်းထိုးလာသောကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးသည် မိသားစုနှင့်အတူ ထွက်‌ပြေးရန် ကားတစ်စီးပေါ်သို့ အလျင်အမြန် တက်ရောက်နေစဉ်။ (ဓာတ်ပုံ-Aung Kyaw Htet)

၁၉၈၈ အရေးတော်ပုံနှင့် ၂၀၂၁ တွင် ဖြစ်ခဲ့သည့် နွေဦးတော်လှန်ရေးတို့သည် အစပိုင်းတွင် ဖြစ်စဉ်ကို အခြေခံ၍ ခံစားချက်ဖြင့် လုပ်ကိုင်ခဲ့ကြသည့် တော်လှန်ရေးများဖြစ်သည်။ ဖြစ်စဉ် အခြေခံတော်လှန်ရေးများသည် အချိန်ကြာလာသည်နှင့်အမျှ  သွေးအေးသွားတတ်သည်ဟု သူက သုံးသပ်သည်။

မည်သည့်နှစ်တွင် တော်လှန်ရေးအောင်မြင်မည်ဟူသော မျှော်လင့်ချက်အမှားမျိုး ဖြစ်ပေါ်လာစေရန် မပြောဆိုသင့်ကြောင်း၊ လူထုသည် မြက်ပင်များကဲ့သို့ ဖိနှိပ်ခံရပါက ပိပြားသွားတတ်သဖြင့် ပြန်လည်လန်းဆန်းလာရန် အယူဝါဒတည်းဟူသော ရေဖျန်းရန် လိုအပ်လာပြီဖြစ်ကြောင်း သူက ဆက်ပြောသည်။

PDF ဒုစစ်ဦးစီးအရာရှိချုပ် ဒေါက်တာစိုးသူရဇော်က တော်လှန်ရေးအောင်မြင်မည့်အချိန်ကို အတိအကျ    ပြောရန်ခက်ခဲသော်လည်း အောင်ပွဲများပိုရရန် တပ်တည်ဆောက်ရေးကို လုပ်ဆောင်နေကြောင်း ဆိုသည်။

“PDF တပ်မတော်ကိုအင်အားကြီးမားတာထက် မာကြောကျစ်လျစ်တဲ့ ဂုဏ်သတ္တိ (Compact Weight) ရှိအောင် တည်ဆောက်နေပါတယ်။ ဒီလို တည်ဆောက်မှုတွေနဲ့ ယန္တရားတွေ ပိုပြီး သွက်လက်လာလေလေ၊ အောင်ပွဲနဲ့ ပိုနီးစပ်လေလေ ဖြစ်မှာပါ” ဟု ဆိုသည်။

PLA ပြောရေးဆိုခွင့်ရှိသူ ကိုဝေယံဖြိုးမိုးကလည်း တော်လှန်ရေးတပ်များအကြား နိုင်ငံရေးအရ တန်းတူသည့် ဆွေးနွေးမှုများမှတဆင့် ကျယ်ပြန့်သည့် စုဖွဲ့မှုနှင့် စနစ်ကျသည့် ဦးဆောင်မှု ထူထောင်ရန်လိုအပ်လာပြီဟု ယူဆကြောင်း ပြောသည်။

“တချို့သော ကိစ္စတွေမှာ ငါတို့က အင်အားကြီးအဖွဲ့ပဲ။ ငါတို့ကတော့ အစိုးရပဲဆိုတဲ့အထိုင်ကနေ တခြားသော တော်လှန်ရေးတပ်တွေကို ငါတို့အောက်မဝင်ရင် မရဘူးဆိုတဲ့ပုံစံမျိုးနဲ့ ပုံသဏ္ဍာန်မျိုးစုံနဲ့ ဖိနှိပ်လာတာတွေ အကျပ်ကိုင်လာတာတွေက အားနည်းချက်ဖြစ်တယ်” ဟု သူက ဆိုသည်။

တော်လှန်ရေးသမားအများစုက နွေဦးတော်လှန်ရေးသည် ရေရှည်သွားမည့် စစ်ပွဲဟု ပြောလာနေကြသော်လည်း နှစ်အပိုင်းအခြား မမျှော်မှန်းနိုင်သော ရေရှည်စစ်အတွက် လူထုရော၊ တော်လှန်ရေးသမားများပါ အဆင့်သင့်ဖြစ်၊ မဖြစ်ဆိုသည်မှာ အဖြေထုတ်ရန်ခက်ခဲသည့် ကြီးမားသည့် ပုစ္ဆာတစ်ခုလည်း ဖြစ်သည်။

မြန်မာ့နွေဦးတော်လှန်ရေးဖြစ်စဉ်မှတ်တမ်း (၂၀၂၁- ၂၀၂၆)

ကာလအဓိက ဖြစ်ရပ်နှင့် အဆင့်များအခြေအနေ အကျဉ်းချုပ်
၂၀၂၁ (ဖေဖော်ဝါရီ – ဧပြီ)
ဆန္ဒပြမှုများနှင့် အကြမ်းမဖက် အာဏာဖီဆန်ရေး (Civil Disobedience Movement) စတင်ခြင်း
– အာဏာသိမ်းမှုကို လူထုက လမ်းပေါ်ထွက် ဆန့်ကျင်ခြင်းနှင့် CDM လှုပ်ရှားမှု အားကောင်းလာ။

– စစ်တပ်က ဆန္ဒပြသူများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ဆန္ဒပြလူအုပ်ကို ပစ်ခတ်နှိမ်နင်းခြင်း။

၂၀၂၁ (မေ) – ၂၀၂၂

လက်နက်ကိုင်တော်လှန်ရေး စတင်ခြင်း (Birth of PDF)
-၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အမတ်များ ဦးဆောင်၍ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုဖွဲ့စည်းခြင်း။

– NUG ယာယီသမ္မတက ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် ခုခံတော်လှန်စစ်ကြေညာခြင်း။

– လျှို့ဝှက်စစ်ပညာ သင်ခဲ့သည့် PDF တပ်ရင်းများ ပေါ်ပေါက်လာခြင်း။

– မြို့ကြီးများတွင် စစ်တပ်နှင့်ဆက်စပ်သူများကို လုပ်ကြံ၊ မြို့ပြစစ်ဆင်ရေးများပေါ်လာခြင်း။

– ကျေးလက်ဒေသများတွင် ပြောက်ကျားစစ် စတင်ခြင်း။

၂၀၂၂ – ၂၀၂၃ (အောက်တိုဘာ)

စစ်အင်အားပြုန်းတီးခြင်း
– စစ်ကောင်စီတပ်များ အထိနာလာသော်လည်း မြို့ကြီးများကို ဆက်ထိန်းထားနိုင်ခြင်း။

– နိုင်ငံတကာ ဖိအားနှင့် စီးပွားရေး ပိတ်ဆို့မှုများ မြင့်တက်ခြင်း။

၂၀၂၃ (အောက်တိုဘာ) – ၂၀၂၄

၁၀၂၇ စစ်ဆင်ရေး (Operation 1027) မြို့သိမ်းစစ်ပွဲစတင်ခြင်း
– မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့၏ ထိုးစစ်ကြောင့် ရှမ်းမြောက်ဒေသရှိ မြို့ပေါင်းများစွာနှင့် စစ်တိုင်းဌာနချုပ် (ရမခ) ကျခြင်း။

– စစ်တပ်ကိုအင်အားပြုန်းတီးရေး လုပ်သည်နှင့် မလုံလောက်ဘဲ မြေသိမ်းမှ စစ်နိုင်မည်ဆိုသည့် အယူအဆ အားကောင်းလာခြင်း။

၂၀၂၄ – ၂၀၂၅

နယ်မြေစိုးမိုးရေးနှင့် မြို့ပြထိုးစစ်ဆင်ခြင်း
– အာရက္ခတပ်တော် (AA) က စစ်တပ်၏အနောက်မြောက်တိုင်း စစ်ဌာနချုပ် သိမ်းပိုက်ခြင်းနှင့် ရခိုင်ပြည်နယ်အနှံ့ စိုးမိုးလာခြင်း။

– ကချင်၊ စစ်ကိုင်း၊ မန္တလေးအထက်ပိုင်းနှင့် ကရင်နီ(ကယား) ဒေသများတွင် တော်လှန်ရေးတပ်များ အသာစီးရလာပြီး မြို့များကို သိမ်းယူလာနိုင်ခြင်း။

– စစ်ကောင်စီ နယ်မြေဆုံးရှုံးမှုများပြီး အလွန်အမင်း အင်အားချည့်နဲ့လာခြင်း။
၂၀၂၅ – ၂၀၂၆ (လက်ရှိ)
စစ်တပ်တန်ပြန်ထိုးစစ်ဆင်ခြင်း
– လေးနှစ်အတွင်း စစ်ဌာနချုပ်ကြီး (၂) ခု ကျသွားခြင်း၊ မြို့အများအပြားကို ထိန်းချုပ်နိုင်မှု လက်လွှတ်လိုက်ရခြင်း။

– တိုက်ပွဲများတွင်  အရာရှိကြီးများအပါအဝင် ရာနှင့်ချီသည့် စစ်သားများ လက်နက်ချခြင်း။

– လားရှိုးနှင့် မိုးကုတ်ကို တရုတ်၏ အကူအညီယူကာ သေနတ်တစ်ချက်မျှ မဖောက်ဘဲ MNDAA နှင့် TNLA ထံမှပြန်ယူနိုင်ခဲ့ခြင်း။

– စစ်မှုထမ်းဥပဒေဖြင့် စုဆောင်းထားသည့် လူအင်အား၊ ဒရုန်းနည်းပညာကို ဖြည့်တင်းကာ တန်ပြန်ထိုးစစ်လုပ်လာခြင်း။

 – ရှမ်းပြည်နယ် မြောက်ပိုင်းနှင့်တောင်ပိုင်း၊ ကရင်နီ (ကယား) ပြည်နယ်၊ မန္တလေးတိုင်း တစ်ခုလုံးနှင့် ကရင်ပြည်နယ်တို့တွင် စစ်ရေးအသာစီး ပြန်ရလာပြီး မြို့များကို ပြန်သိမ်းလာနိုင်ခြင်း။

စစ်တပ်နှင့် တော်လှန်ရေးတပ်အကြား အားသာချက်၊ အားနည်းချက် အခြေအနေပြ ဂရပ်။
(အထက်ပါ ပုံပြဂရပ်သည် မြန်မာနောင်းသတင်းအဖွဲ့၏ လေ့လာဆန်းစစ်ချက်အပေါ်တွင် အခြေခံထားခြင်းဖြစ်ပြီး မြေပြင် အခြေအနေနှင့် ကွဲလွဲမှုအချို့ ရှိနိုင်ပါသည်။)

စစ်တပ် နှင့် တော်လှန်ရေးတပ်များ၏ ဘက်စုံနှိုင်းယှဉ်ချက်ဇယား

ကဏ္ဍစစ်တပ် (စစ်ကောင်စီ)တော်လှန်ရေးတပ်များ (PDF/NUG/EAOs)
စစ်ရေး (အားသာချက်)– ဒရုန်းနည်းပညာ (Kamikaze/Drop ဗုံးများချသည့် Multicopter ဒရုန်းများ)၊ လေကြောင်းအသာစီးရခြင်း။

– ကင်းထောက် ဒရုန်းဖြင့် လက်နက်ကြီး ပစ်မှတ် တိကျမှုနှင့် စစ်မှုထမ်းဥပဒေဖြင့် တပ်အင်အားဖြည့်တင်းလာနိုင်ခြင်း။
– တူမီးမှသည် မောင်းပြန်နှင့် ဒရုန်းများအထိ အဆင့်မြှင့်လာနိုင်ခြင်း။

– မြို့သိမ်းတိုက်ပွဲနှင့် ကြားဖြတ်တိုက်ခိုက်မှု အတွေ့အကြုံရှိလာ၊ တိုက်ခိုက်စွမ်းရည် ပိုမြင့်လာခြင်း။
စစ်ရေး (အားနည်းချက်)
စစ်သားသစ်များ အတွေ့အကြုံနည်းခြင်း၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ အားနည်းခြင်း။
တစ်ခုတည်းသော အမိန့်ပေးစနစ် (COC) အပြည့်မရှိသေးခြင်း၊ လေကြောင်းနှင့် ဒရုန်းရန်ကို ဟန့်တားရန် ခက်ခဲ၊ ခဲယမ်းမီးကျောက် ထောက်ပံ့မှု မလုံလောက်ခြင်း။
နိုင်ငံရေး / သံတမန်ရေး (အားသာချက်)တရုတ်၊ ရုရှားတို့၏ အကာအကွယ်ရခြင်း၊ ရွေးကောက်ပွဲဖြင့် တရားဝင်မှုရှာခြင်း၊ အမိန့်ပေးစနစ် တစ်ခုတည်းရှိခြင်းကုလသမဂ္ဂတွင် အသံထွက်ခွင့်ရခြင်း၊ လူထု၏ စာနာမှုရရှိခြင်း။
နိုင်ငံရေး / သံတမန်ရေး (အားနည်းချက်)နိုင်ငံတကာ ဖယ်ကြဉ်ခံရခြင်း၊ လူထုယုံကြည်မှု လုံးဝမရှိခြင်း (ရွံကြောက်အဆင့်သာ ရှိခြင်း)− နိုင်ငံတကာ၏ တရားဝင်အသိအမှတ်ပြုမှု မရသေးခြင်း၊ နိုင်ငံရေးခြေလှမ်း နှေးကွေးခြင်း။

−  တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး တပ်အချို့နှင့်သာ စစ်ရေးမဟာမိတ် တည်ဆောက်နိုင်ပြီး အများစုနှင့် မတည်ဆောက်နိုင်ခြင်း။
ဘဏ္ဍာရေး (အားသာချက်)မြို့ကြီးများမှ အခွန်၊ သယံဇာတဝင်ငွေ အများအပြားရှိခြင်း။

ကိုယ်ပိုင်လက်နက်စက်ရုံ (ကပစ) ရှိခြင်း။
လူထုအလှူငွေနှင့် ထီရောင်းရငွေရှိခြင်း၊ ထိန်းချုပ်နယ်မြေအချို့မှ အခွန်ရရှိခြင်း။
ဘဏ္ဍာရေး (အားနည်းချက်)စီးပွားရေးကျဆင်းမှုနှင့် ပိတ်ဆို့မှုဒဏ် ခံရခြင်း။စစ်တပ်နှင့်ယှဉ်လျှင် ဘဏ္ဍာရေးရရှိမှုအင်အား အဆမတန် ကွာဟနေခြင်း။
လူထုနှင့် ဆက်နွယ်မှု
(အားနည်းချက်)
လူထုကို ရက်စက်စွာ နှိပ်ကွပ်သဖြင့် ပြည်သူနှင့် တသားတည်း မဖြစ်ခြင်း။စစ်ဒဏ်ကြာလာသဖြင့် ပင်ပန်းနေသော လူထုကို ဆက်လက်စည်းရုံးရန် စိန်ခေါ်မှုရှိခြင်း၊ တပ်မှ စွန့်ခွာသူရှိလာခြင်း။

တော်လှန်ရေးတပ်များ ပြုပြင်/အာရုံစိုက်ရမည့် အချက် ၁၁ ချက်

အမှတ်အချက်အကျဉ်းချုပ်ရှင်းလင်းချက်
1လူထုစည်းရုံးခြင်းလူထုကို အလိုအလျောက်ထောက်ခံမည်ဟု မယူဆဘဲ စည်းရုံးနိုင်စွမ်းမြှင့်တင်ရန်လိုခြင်း။
2အယူအဆ (Ideology) တည်ဆောက်ခြင်းမည်သည့်အတွက် တော်လှန်ရသည်ကို ပိုမိုရှင်းလင်းသည့် အယူအဆ ထွက်ပေါ်ရန်လိုခြင်း။
3မစားရ ဝမခန်း မျှော်လင့်ချက် မပေးခြင်းအမြန်နိုင်မည်ဆိုသည့် မျှော်လင့်ချက် အလွန်အကျွံမပေးဘဲ အခြေအနေမှန်ကို သိစေရန် လူထုထံ တင်ပြခြင်း။
4လူထုအခက်အခဲ ကူညီခြင်းလူထုဘဝပြဿနာများကို လက်တွေ့ကူညီဖြေရှင်းပေးရန်လိုခြင်း။
5တိုက်ပွဲပေါင်းစပ်ခြင်းလက်နက်ကိုင်တိုက်ပွဲ + လူထုလှုပ်ရှားမှု ပေါင်းစပ်လုပ်ဆောင်ရန်လိုခြင်း။
6စည်းလုံးညီညွတ်ခြင်းအဖွဲ့အမျိုးမျိုးကြား မတူကွဲပြားမှုများ လျှော့ပြီး ပူးပေါင်းလုပ်ဆောင်ရန်လိုခြင်း။
7အာဏာအယူအဆ လျှော့ချခြင်းအင်အားကြီးအဖွဲ့အမြင်နှင့် အခြားအဖွဲ့များကို ဖိအားမပေးခြင်း။
8နိုင်ငံရေးဆွေးနွေးခြင်းတန်းတူညီမျှသည့် ဆွေးနွေးမှုနှင့် ကျယ်ပြန့်သည့် စုဖွဲ့မှု တည်ဆောက်ရန်လိုခြင်း။
9စနစ်တကျ စုဖွဲ့ခြင်းစစ်ရေး၊ နိုင်ငံရေး နှစ်ဖက်လုံးတွင် စနစ်တကျ ဖွဲ့စည်းတည်ဆောက်မှုရှိရန်လိုခြင်း။
10အရည်အသွေးမြှင့်တင်ခြင်းအင်အားများခြင်းထက် ကျစ်လျစ်မာကြောသည့် တပ်ဖွဲ့များ ဖြစ်ရန်လိုခြင်း။
11ရေရှည်အတွက်အဆင်သင့်ဖြစ်ခြင်းရေရှည်စစ်အတွက် စိတ်ပိုင်း၊ လက်တွေ့ပိုင်း ပြင်ဆင်ထားရန်လိုခြင်း။

အချက် ၁၁ ချက်ဘာကြောင့်အရေးကြီးသလဲ

အဆင့်အမှတ်အချက်
ဘာကြောင့် အရေးကြီးသလဲ
A1လူထုစည်းရုံးခြင်းလူထုမရှိရင် တော်လှန်ရေး မတည်တံ့နိုင်ခြင်း။
A2တိုက်ပွဲပေါင်းစပ်ခြင်းစစ်ရေးတစ်ခုတည်းနှင့် မနိုင်နိုင် → လူထုပါဝင်မှုဖြင့်သာ အောင်မြင်နိုင်ခြင်း။
A3စည်းလုံးညီညွတ်ခြင်းအဖွဲ့များကွဲနေပါက အင်အားနည်းပြီး အောင်မြင်ရန်ခက်ခဲခြင်း။
A4ရေရှည်အဆင်သင့်ဖြစ်ခြင်းရေရှည်စစ်ကို မတွက်ချက်ပါက မဟာဗျူဟာမှားနိုင်ခြင်း။
B5အယူအဆ တည်ဆောက်ခြင်းတော်လှန်ရေးအရှိန်အဟုန် မလျော့ရန် ဆက်ထိန်းနိုင်ခြင်း။
B6လူထုအခက်အခဲ ကူညီခြင်းလူထု၏ ယုံကြည်မှုနှင့် ထောက်ခံမှုကို တည်မြဲစေခြင်း။
B7စနစ်တကျ စုဖွဲ့ခြင်းစနစ်မကျလျှင် အချိန်ကြာပြီး အင်အားများ ပြုန်းတီးနိုင်ခြင်း။
C8နိုင်ငံရေးဆွေးနွေးခြင်းအနာဂတ်အုပ်ချုပ်ရေးနှင့် စုပေါင်းဦးဆောင်မှုအတွက် လိုအပ်ခြင်း။
C9အာဏာရရေးအယူအဆ လျှော့ချခြင်းအဖွဲ့အတွင်း ပဋိပက္ခ လျော့စေပြီး ပူးပေါင်းဆောင်ရွက်မှု တိုးတက်စေခြင်း။
C10အရည်အသွေးမြှင့်တင်ခြင်းတပ်ဖွဲ့၏ ထိရောက်မှုနှင့် အောင်မြင်နိုင်မှုကို ရေရှည်မြှင့်တင်ခြင်း။
C11မျှော်လင့်ချက် အမှားများ မပေးခြင်းယုံကြည်မှုမကျဆင်းစေရန်နှင့် လူထုအထင်မှားမှု မဖြစ်စေခြင်း။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button