အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မန္တလေးတိုင်း ထိန်းချုပ်ရန် လက်ကျန်မြို့နယ်များကို စစ်တပ်အလုံးအရင်းဖြင့် ထိုးစစ်ဆင်

မန္တလေးတိုင်းအတွင်း စစ်ရေးအရ အရေးပါသော မြို့များကို စစ်တပ်က ပြန်ရသွားပြီးနောက် အနောက်ဘက်နှင့် တောင်ဘက်မြို့နယ်များကို လက်နက်ကြီး၊ ဒရုန်း၊ လေယာဉ် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေသဖြင့် တော်လှန်ရေးတပ်များ နေရာအချို့မှ ဆုတ်ပေးလိုက်ရသည်။

မန္တလေးတိုင်း ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မြို့များကို ပြန်လည်သိမ်းပိုက်ခဲ့သော အာဏာသိမ်း စစ်တပ်သည် တော်လှန်ရေးအားကောင်းသော လက်ကျန်နေရာများကို ဆက်လက်ထိုးစစ်ဆင်နေရာ မြင်းခြံခရိုင်အတွင်း သုံးမြို့နယ်များမှ နေရာအချို့ကို တော်လှန်ရေးတပ်များ လက်လွှတ်လိုက်ရသည်။

ပြီးခဲ့သည့်ရက်များအတွင်း မန္တလေးမြို့အနောက်ဘက်နှင့် တောင်ဘက် မြင်းခြံခရိုင် ငါန်းဇွန်၊ မြင်းခြံ၊ တောင်သာမြို့နယ်များမှ ကျေးရွာများကို စစ်တပ်က မြေပြင်ထိုးစစ်များ ပြုလုပ်ခဲ့သလို လေကြောင်း တိုက်ခိုက်မှုများ ပြင်းပြင်းထန်ထန် ပြုလုပ်ခဲ့၍ နယ်မြေစိုးမိုးထားသော ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့များ မကွေးတိုင်းဘက်သို့ ဆုတ်ခွာပေးခဲ့ရသည်ဟု စုံစမ်းသိရသည်။ 

“မြင်းခြံတို့၊ ငါန်းဇွန်၊ တောင်သာတို့ဘက်မှာလည်း အခုနယ်မြေစိုးမိုးမှုကြတော့ တော်လှန်ရေးဘက်က အရင်ထက်စာရင်  မစိုးမိုးနိုင်တော့ဘူး။ အဲဒီဘက်ခြမ်းတွေလည်း တော်တော်များများက မကွေးဘက်ကို ဆုတ်ကြပြီ”ဟု မန္တလေးတိုင်းအခြေစိုက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ တော်လှန်ရေးအဖွဲ့တစ်ခု၏ ခေါင်းဆောင်တစ်ဦးက Myanmar Now ကို ပြောသည်။

စစ်တပ်က ထိုးစစ်ဆင်ရာတွင် ဒရုန်း၊ လက်နက်ကြီးနှင့်လေကြောင်းပစ်ကူများကို အဆမတန်အသုံးပြုပြီး တိုက်ခိုက်နေမှုကြောင့် တစတစ ဆုတ်ခွာနေရခြင်းဖြစ်ကြောင်း ထိုအမျိုးသားက ဆိုသည်။

“အခုနောက်ပိုင်းဆိုရင် သူတို့နယ်မြေစိုးမိုးမှု ရက် ၁၀၀ စီမံချက်အတွင်းမှာဆိုရင် လေကြောင်း လုံးဝကို မနားဘူး။ ရှိသမျှလေယာဉ် အကုန်ထုတ်သုံးတယ်။ ဒီ ဒရုန်းတွေ၊ ဆူဆိုက်ဒရုန်းတွေ၊ လက်နက်ကြီးတွေ တအားဖိသုံးတယ်။ ဖိသုံးတော့ ကိုယ်တွေဘက်ကကြတော့ အဲဒါတွေကောင်းကောင်းမွန်မွန် မခုခံနိုင်တဲ့ အနေအထားမှာ အကုန်လက်လွှတ်ရတာပေါ့”ဟု ၎င်းက ဆက်ပြောသည်။

မြင်းခြံခရိုင်တွင် ဒေါ်သီတာယုမွန် ဦးဆောင်သည့် ပျူစောထီးများ အားကောင်းသလို အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) လက်အောက်ခံ PDF ခရိုင်တပ်ရင်း ကိုးခုရှိနေပြီး ဒေသကာကွယ်ရေးအဖွဲ့ ဒါဇင်နှင့်ချီ လှုပ်ရှားနေသည်။

နိုင်ငံအလယ်ပိုင်း မန္တလေးမြို့၏မြောက်ဘက် ဧရာဝတီမြစ်ကမ်းဘေးမှ စစ်ရေးအရ အရေးပါသော မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း၊ တကောင်းစသည့် မြို့များကို စစ်တပ်က ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး ယခု နှစ်ဆန်းမှစတင်၍ မန္တလေးမြို့ အနောက်တောင်ဘက်မှ တော်လှန်ရေးအားကောင်းသည့် ငါန်းဇွန်၊ မြင်းခြံ၊ တောင်သာမြို့နယ်များမှ ကျေးရွာများကို အလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။

ထိုနယ်များသည် “၁၀၂၇ စစ်ဆင်ရေး” အတွင်း မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း၊ တကောင်းတို့ကို NUG က ထိန်းချုပ်နိုင်ချိန် မန္တလေးတောင်ပိုင်း မြင်းခြံခရိုင်အခြေစိုက် တော်လှန်ရေးတပ်များက ထိန်းချုပ်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ညောင်ဦးခရိုင်အတွင်းရှိ ပုပ္ပါး၊ ကျောက်ပန်းတောင်းစသောနေရာများကိုလည်း စစ်ကြောင်းထိုးမှုများ ရှိနေပြီး ဒေသခံများ ထိခိုက်သေဆုံးခဲ့သော လေကြောင်းတိုက်ခိုက်မှုများလည်း ပြုလုပ်ခဲ့သည်။ 

စစ်တပ်၏ မြေပြင်ထိုးစစ်နှင့်လေကြောင်းတိုက်ခိုက်မှုများကြောင့် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ငါန်းဇွန် ၊ မြင်းခြံ၊ တောင်သာမြို့နယ်တို့မှ ဒေသခံသောင်းနှင့်ချီသည် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရပြီး အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိနေသည်။

စစ်တပ်၏ မန္တလေးတိုင်းထိုးစစ်အတွင်း လက်နက်ကြီးနှင့်လေကြောင်းတိုက်ခိုက်မှုများကြောင့်လည်း အရပ်သားအများအပြား သေဆုံးခဲ့ပြီး ဒဏ်ရာရရှိခဲ့သူများလည်းများပြားခဲ့သည်။

မီးရှို့ခံထားရသော မြင်းခြံမြို့နယ်၊ ဖက်ပင်အိုင်ကျေးရွာကို ဧပြီလ ၃ ရက်တွင် တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့) 

ပြီးခဲ့သည့် မေလ ၇ ရက်နေ့တွင် ငါန်းဇွန်မြို့နယ်မှ ကျေးရွာနှစ်ရွာကို စစ်တပ်က စစ်ကြောင်းထိုးခဲ့သဖြင့် ထွက်ပြေးသော ရွာခံများကို ဒရုန်းဖြင့် ပစ်ခတ်သည့်အတွက် တောင်လယ်တောကျေးရွာမှ မိသားစုဝင်သုံးဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး၊ မင်းဂျိုရွာမှ ဒေသခံလေးဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့သေးသည်။

Myingyan Black Tiger ဟု လူသိများသော မြင်းခြံခရိုင် အမှတ်(၉) တပ်ရင်းမှ ဗိုလ်မိုက်ခဲကလည်း ဆုံးရှုံးသွားသောနယ်မြေများကို ပြန်လည် တိုက်ယူမည်ဖြစ်ကြောင်း မေလ ၅ ရက်နေ့တွင် ဖေ့ဘွတ်ခ် လူမှုကွန်ရက်၌ တင်ထားသည်။

“ ကျွန်တော်တို့ အကောင်းဆုံး ပြင်ဆင်စုဖွဲ့ မွမ်းမံနေပါတယ်။ ကျွန်တော်တို့ဆုံးရှုံးသွားတဲ့နယ်မြေတွေကို ပြန်တိုက်ယူပါမယ်။ ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားပါ့မယ်” ဟု ဗိုလ်မိုက်ခဲက ပြောထားသည်။

စစ်ရေးပြင်းထန်နေမှုကြောင့် ကာကွယ်ရေးအဖွဲ့များလည်း ထိခိုက်သေဆုံးမှုများ ရှိနေရာ မေလ ၄ ရက်တွင် တောင်သာမြို့နယ်၌ ပြည်သူ့ကာကွယ်ရေးတပ် (PDF) များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များ လိုက်ပါလာသည့် ကားတစ်စီး ချုံခိုတိုက်ခိုက်ခံရပြီး တပ်စိတ်မှူး အပါအဝင် ၁၁ ဦး သေဆုံးခဲ့သည်။ 

မြင်းခြံခရိုင် စစ်ရေးအခြေအနေများနှင့်ပတ်သက်ပြီး အခြေစိုက်သော တပ်ရင်းတပ်ဖွဲ့များက တရားဝင် ထုတ်ပြန်ခြင်း မရှိသေးသလို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း ထုတ်ပြန်ခြင်း မရှိသေးပေ။ 

စစ်တပ်၏ လေကြောင်း၊ လက်နက်ကြီးနှင့် စစ်ကြောင်းထိုးမှုများကြောင့် မြင်းခြံခရိုင် လေးမြို့နယ် ဖြစ်သော မြင်းခြံ၊ ငါန်းဇွန်၊ တောင်သာနှင့် နွားထိုးကြီးမြို့နယ်တို့တွင်  ဧပြီလအတွင်း ၇၂ ဦး သေဆုံးခဲ့ကြောင်း  အရပ်ဖက်အဖွဲ့တစ်ဖွဲ့ဖြစ်သည့် မန္တလေးတိုင်းဒေသ အရေးပေါ် အခြေအနေ ကာကွယ်ရေးနဲ့ စီမံခန့်ခွဲမှုအဖွဲ့ ( Emergency Management Committee- Mandalay) က မေလ ၁၀ ရက်နေ့က ထုတ်ပြန်ထားသည်။ 

မြင်းခြံမြို့နယ်တွင်  ၃၀ ဦး၊ ငါန်းဇွန်မြို့နယ်တွင်  ၂၃ ဦး၊ တောင်သာမြို့နယ်တွင် ၁၂ ဦး၊  နွားထိုးကြီး မြို့နယ်တွင်  ၇ ဦးသေဆုံးခဲ့ရာ အမျိုးသမီးများ၊ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ အများအပြား ပါဝင်နေသည်ဟု သိရသည်။ 

ရှမ်းမြောက်စစ်ရေးအပြောင်းအလဲနှင့် အညာအပေါ် စစ်တပ်၏ ထိုးစစ်အရှိန်မြှင့်လာမှု

ရှမ်းမြောက်ဒေသ အပစ်ရပ်သွားချိန် မန္တလေးတိုင်း မြို့ကြီးများကို NUG လက်လွှတ်လိုက်ရချိန်တွင် မြင်းခြံခရိုင်အတွင်း နယ်မြေစိုးမိုးမှုပြန်ရရန် ယမန်နှစ် နှစ်လယ်ကတည်းက စစ်တပ်က ကြိုးပမ်းလာခဲ့ပြီး ယခုနှစ် နှစ်ဆန်းတွင် ပိုပြင်းထန်လာသည်။ 

ရှမ်းမြောက်ဘက်တွင် ရန်မီးတစ်ဖက်ငြိမ်းသွားခြင်းကို အခွင့်ကောင်းယူကာ စစ်တပ်သည် ၎င်း၏ ရှိသမျှ အင်အား အသုံးချ၍ နွေဦးတော်လှန်ရေး၏အဓိကနယ်မြေများဖြစ်သော အညာဒေသ၊ ကချင်ပြည်နယ်နှင့် ရခိုင်ဒေသများ ကို ပြင်းထန်သောထိုးစစ်များဆင်နွှဲလာနေကြောင်း အညာဒေသ အခြေစိုက် NUG လက်အောက်ခံ တပ်ဖွဲ့တစ်ခု၏ ခေါင်းဆောင် အမည်မဖော်လိုသူ အမျိုးသား နောက်တစ်ဦးကလည်း ပြောသည်။

“စစ်တပ်က ရန်မီးတစ်ဖက်ငြိမ်းသွားတော့ နွေဦးတော်လှန်ရေးအရင်းအမြစ်တွေဖြစ်တဲ့ နေရာတွေကို အင်အားသုံးပြီး ထိုးစစ်ဆင်လာတဲ့သဘောပါပဲ”ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ ငါန်းဇွန်၊တောင်သာမြို့နယ်များသည် ရှမ်းမြောက်ဒေသမှ စစ်လက်နက်ခဲယမ်းများ စီးဆင်းရာ အဓိကကျသော မဟာဗျူဟာမြောက်နယ်မြေများလည်း ဖြစ်ရာ ရှမ်းမြောက်ဒေသ တိုက်ပွဲများရပ်သွားခြင်းသည် နိုင်ငံအလယ်ပိုင်းအပေါ် ပြင်းထန်သော သက်ရောက်မှု ဖြစ်ပေါ်ခဲ့သည်။  

ထိုသို့ အခက်အခဲများ ရှိနေသော်လည်း ငါန်းဇွန်၊ မြင်းခြံ၊ တောင်သာ၊ ဒေသများ၌ မြေပြင်တော်လှန်ရေး တပ်ဖွဲ့များ၏ ပြင်းထန်သောစိတ်ဓာတ်နှင့် နောက်မဆုတ်တမ်း ခုခံမှုများကြောင့်သာ  စစ်တပ်က နယ်မြေ အပြည့်အဝမစိုးမိုးနိုင်သေးခြင်းဖြစ်သည်ဟု ၎င်းက မှတ်ချက်ပြုသည်။ 

သို့သော်လည်း NUG ထောက်ပံ့မှုနှင့်ဦးဆောင်မှုအခြေအနေများပေါ်မူတည်၍ အဆိုပါဒေသများသည် စစ်တပ်၏ထိန်းချုပ်မှုအောက်သို့ အချိန်မရွေးပြန်လည်ရောက်ရှိသွားနိုင်သည့် စိုးရိမ်ဖွယ်ရာအခြေအနေ ရှိနေသည်ဟု ၎င်းက ဆိုသည်။

နယ်မြေများပြန်လည်လက်လွတ်ရခြင်း၏အဓိကအချက်မှာလည်း NUG အနေဖြင့်တာဝန်ယူမှု၊ တာဝန်ခံမှု အပိုင်းတွင် အားနည်းချက်များရှိနေသည်ဟု အထက်ပါစစ်ရေးရင်းမြစ်က ဝေဖန်သည်။

အထူးသဖြင့် NUG အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်များအပေါ် စည်းရုံးနိုင်စွမ်းအားနည်းခြင်း၊ လက်နက်ခဲယမ်းများကို ကိုယ်တိုင်ထုတ်လုပ်နိုင်စွမ်းမရှိဘဲ အခြားအဖွဲ့အများအပေါ်မှီခိုနေရခြင်း၊ စစ်ရေးနှင့် နိုင်ငံရေးရာထူးများတွင် ပါတီစွဲမကင်းဘဲ လူမှန်နေရာမှန် ခန့်အပ်နိုင်မှုမရှိခြင်း၊ ထို့အပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အချို့မှာလည်း စစ်တပ်နှင့်အပေးအယူလုပ်သွားခြင်းများကြောင့် တော်လှန်ရေး အင်အားစုများအတွက် ရှေ့ဆက်ရန် ပိုမိုခက်ခဲသော အခြေအနေသို့ ဆိုက်ရောက်နေရကြောင်း ဆိုသည်။

“သိပ်မကြာပါဘူး။ သူတို့(NUG)ဦးဆောင်မှုနဲ့ဆို မန္တလေးတိုင်းတစ်တိုင်းလုံးကိုလည်း မကြာမီ လက်လွှတ်ရဖွယ် ရှိနေတယ်”

မန္တလေးတိုင်း စစ်ရေးအခြေအနေပြမြေပုံ။ 

မန္တလေးတိုင်းကို စိုးမိုးနယ်မြေချဲ့ထွင်နေသလို တပြိုင်နက်တည်းမှာပင် မန္တလေးမြို့မြောက်ဘက်ကို စစ်တပ်က ထိုးစစ်ဆင်နေရာ ကသုံးလုံးနယ်မြေဖြစ်သော ကသာ၊ ကောလင်း၊ ကန့်ဘလူ သာမက ကချင် ပြည်နယ်ဝင်ပေါက် နယ်မြေထိစပ်နေသော စစ်ကိုင်းတိုင်းအထက်ပိုင်းမြို့များကို ထိန်းချုပ်ရန် ကြိုးပမ်းနေသည်။

မန္တလေးတိုင်းနှင့်ထိစပ်နေသော မြစ်တစ်ဖက်ကမ်း စစ်ကိုင်းတိုင်း၊ ဝက်လက်နယ်ကိုလည်း စစ်တပ်က မကြာခဏ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေပြီး အရပ်သားများ ထိခိုက်သေဆုံးနေရသည်။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့မြောက်ဘက် ၁၅ မိုင်ကျော်ခန့်အကွာ စခန်းသာကျေးရွာကို မေလ ၅ ရက်နှင့် ၆ ရက်တို့တွင် လေယာဉ်၊ ဒရုန်းတို့ဖြင့် နှစ်ရက်ဆက် တိုက်ခိုက်ခဲ့ရာ အရပ်သားသုံးဦး သေဆုံးပြီး ကလေးတစ်ဦးအပါအဝင် သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

မန္တလေးတိုင်းကို စစ်တပ်က အလုံးစုံ ထိန်းချုပ်နိုင်ပါက ဧရာဝတီမြစ်ကြောင်းကို အသုံးပြု၍ ကချင်ပြည်နယ်အထိ ရေကြောင်းခရီး ပြန်လည်အသုံးပြုနိုင်မည်ဖြစ်ရာ ထောက်ပံ့ပို့ဆောင်ရေးပါ  လုပ်ဆောင်လာနိုင်ပါက ဒေသအများအပြားကို စစ်တပ်က ထိုးစစ်ဆင်လာနိုင်ဖွယ်ရှိနေသည်။

လက်ရှိတွင် မန္တလေးတိုင်း မတ္တရာနှင့်စဉ့်ကူးမြို့နယ်အတွင်း ရေလမ်းခရီးဖြင့် လူပို့ဆောင်ခြင်း၊ စစ်ရေး လှုပ်ရှားခြင်းများ စစ်တပ်က လုပ်နေရာ မန္တလေးတိုင်းနှင့် မျက်နှာချင်းဆိုင် ဧရာဝတီမြစ်တစ်ဖက်ကမ်းရှိ စစ်ကိုင်းတိုင်းကိုလည်း ရေကြောင်း၊ မြေပြင်ထိုးစစ်များ ပိုလုပ်လာနိုင်ဖွယ် ရှိနေသည်။

အာဏာသိမ်းပြီးစနှစ်များတွင်သာ စစ်တပ်က ရေကြောင်း စိုးမိုးနိုင်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့များ၏ နယ်မြေစိုးမိုးမှုများကြောင့် ရေကြောင်းခရီးကို လက်လွှတ်ထားရသည်မှာ ကြာမြင့်နေပြီဖြစ်သည်။ 

နိုင်ငံအလယ်ပိုင်းမန္တလေးမြို့နှင့် ကချင်ပြည်နယ်၏မြို့တော် မြစ်ကြီးနားအထိရောက်သည့် မန္တလေး- မြစ်ကြီးနားကားလမ်းကို ပြန်လည်ထိန်းချုပ်နိုင်ပြီး လမ်းပိုင်းပြန်အသုံးပြု၍ရပြီဖြစ်ကြောင်း စစ်တပ်ထိန်းချုပ်သတင်းစာများတွင် ပြီးခဲ့သည့်ရက်များက ကြေညာထားသည်။

ထိုလမ်းပိုင်းပေါ်ရှိ မတ္တရာ၊ သပိတ်ကျင်း၊ တကောင်း၊ ထီးချိုင့်၊ ကသာ၊ အင်းတော်နှင့် မော်လူးမြို့များကို စစ်တပ်က ပြန်လည်ထိန်းချုပ်ပြီးနောက် ယခုကဲ့သို့ လမ်းပိုင်းပြန်ပွင့်ကြောင်းကြေညာခြင်းဖြစ်ပြီး အဆိုပါ လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ရေး တစ်နှစ်ကျော်ကြာမြင့်ခဲ့သည်ဟု ဆိုသည်။

လက်ရှိတွင် အဆိုပါလမ်းပိုင်းကိုအသုံးပြုမည့် ကုန်ကားများအနေဖြင့် လမ်းပိုင်းတွင်သာ သွားလာကြရန်နှင့် ကွင်းလမ်းများတွင် နယ်မြေရှင်းလင်းရေးများဆက်လက်လုပ်ဆောင်နေ၍ ကွင်းလမ်းများ အသုံးမပြုကြရန် စစ်တပ်ဝါဒဖြန့်စာမျက်နှာအချို့ကလည်း မေလ ၁၁ ရက်နေ့တွင် ဖော်ပြထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button