မင်းအောင်လှိုင်သည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ကို အလွန်တရာ မုန်းတီးသူ ဖြစ်ကြောင်း လွန်ခဲ့သော ငါးနှစ်အတွင်း ၎င်း၏ လူသိရှင်ကြားပြောဆိုချက်များက အထင်အရှား သက်သေပြသခဲ့ပြီး ဖြစ်သည်။ ဖြစ်နိုင်မည်ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံသတ်ဖြတ်ရန် စိတ်ကူးထဲတွင် အကြိမ်ကြိမ် ကြိုးပမ်းနေမိသူတစ်ဦး ဖြစ်ပါလိမ့်မည်။
မင်းအောင်လှိုင် ထိုကဲ့သို့ မလုပ်နိုင်ဘူးဟု မည်သူမျှ အာမခံနိုင်မည် မဟုတ်ပါ။ ၎င်း၏ ဆရာသမား အာဏာရှင်ဟောင်း သန်းရွှေကိုယ်တိုင် ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့အနီးတွင် စနစ်တကျ လုပ်ကြံသတ်ဖြတ်ရန် ကြံခိုင်ဖွံ့ဖြိုးရေးအသင်း (ယခု ပါတီ) အဖွဲ့ဝင်များကို ရာနှင့်ချီစေလွှတ်ပြီး အကြမ်းဖက်တိုက်ခိုက်စေခဲ့ဖူးသည် မဟုတ်ပါလား။ မကြာသေးခင်ကလည်း ကြံခိုင်ရေးပါတီ၏ အမာခံအစွန်းရောက် ဘူးလက်လှဆွေက ရုရှားတွင် သမ္မတပူတင်က အတိုက်အခံနိုင်ငံရေးခေါင်းဆောင်ကို ထောင်ထဲတွင် မည်ကဲ့သို့ သတ်ဖြတ်ရှင်းလင်းခဲ့ကြောင်း ၎င်း၏ ဆိုရှယ်မီဒီယာမှတဆင့် ပြောဆိုခဲ့သေးသည်။
ထိုမျှအမုန်းတရား ကြီးမားသော စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ကိုယ်တိုင်ခန့် သမ္မတရာထူး ရယူပြီးနောက်၊ နိုင်ငံတကာအသိအမှတ်ပြုမှုရရှိရေး ကြိုးပမ်းချက်အဖြစ်၊ ဒေါ်အောင်ဆန်းစုကြည်ကို “နိုင်ငံတော်က စေတနာ၊ မေတ္တာထားသောအားဖြင့်” ဟုဆိုကာ စစ်တပ်ဝါဒဖြန့် မြန်မာ့အလင်းသတင်းစာတွင် သူ၏ဓာတ်ပုံနှင့် တကွ သတင်းတိုတစ်ခုကို မကြာသေးခင်က ထုတ်ပြန်ခဲ့သည်။
ဧပြီလ ၃၀ ရက်နေ့ ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့) တွင် ထုတ်ပြန်ခဲ့သော အဆိုပါ သတင်းတိုတွင် “နေပြည်တော် အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် ဒေါ်အောင်ဆန်းစုကြည်အား ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၅၄၁၊ ပုဒ်မခွဲ (၁) အရ ၎င်းကျခံရန် ကျန်ရှိသည့် ပြစ်ဒဏ်များကို သတ်မှတ်ထားသည့်နေအိမ်၌ ဆက်လက် ကျခံစေရန် ပြောင်းလဲသတ်မှတ်ပေးလိုက်ကြောင်း” ထုတ်ပြန်ချက်ကို မေလ ၁ ရက်နေ့ မြန်မာ့အလင်း သတင်းစာတွင် သတင်းအဖြစ် ဖော်ပြထားသည်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို ခြွင်းချက်နှင့်လွှတ်ပေးစဉ်ကကဲ့သို့ မင်းအောင်လှိုင်ကိုယ်တိုင် ကြေညာချက်အမှတ်ဖြင့် လက်မှတ်ထိုး ထုတ်ပြန်ခြင်းမျိုး မဟုတ်ဘဲ၊ သာမန်သတင်းတစ်ခုကဲ့သို့ ဖော်ပြထားခြင်း ဖြစ်သည်။ ထို့အပြင် ယခုအခါ နိုင်ငံတကာမီဒီယာများတွင် ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနေသော “နေအိမ်အကျယ်ချုပ်” (House Arrest) ဆိုသည့် အသုံးအနှုန်းကို လုံးဝသုံးနှုန်းထားခြင်း မရှိဘဲ၊ “သတ်မှတ်ထားသည့်နေအိမ်” ဟုသာ ဖော်ပြထားပြီး၊ သတင်းနှင့်အတူ စစ်ဝတ်စုံဝတ်ဆင်ထားသူ တစ်ဦး၊ ရဲတပ်ဖွဲ့ဝတ်စုံ ဝတ်ဆင်ထားသူ တစ်ဦးတို့က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံနေသည့် ဓာတ်ပုံကိုလည်း ထုတ်ပြန်ခဲ့သည်။ ထိုသတင်းနှင့် ဓာတ်ပုံ ထွက်ပေါ်လာပြီး နေပြည်တော်၏ ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သော လှုပ်ရှားမှုများကို စောင့်ကြည့်လေ့လာခဲ့ပြီး၊ အငြင်းပွားဖွယ် ဓာတ်ပုံကိုလည်း လေ့လာခဲ့ပါသည်။
ဒေါ်အောင်ဆန်းစုကြည် ပျောက်ဆုံးနေခြင်း
ယနေ့အချိန်ထိ ဒေါ်အောင်ဆန်းစုကြည် ပျောက်ဆုံးနေခြင်းသည် စိတ်ကူးမှန်းဆချက် (Assumption) မဟုတ်ပါ၊ အချက်အလက် (Fact) ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် ပျောက်ဆုံးနေခြင်းနှင့် ပတ်သက်ပြီး နိုင်ငံတကာအသိုက်အဝန်းက ပေါ့ပေါ့ဆဆ မထားကြတော့ဘဲ၊ သူ့ကို ချက်ချင်းလွှတ်ပေးရန်၊ မိသားစုနှင့် တွေ့ဆုံခွင့်ပေးရန်၊ သူ၏ ရှေ့နေအဖွဲ့ နှင့် တွေ့ဆုံခွင့်ပေးရန် တောင်းဆိုမှုများ ခပ်စိပ်စိပ် တွေ့လာရပြီ ဖြစ်သည်။
စစ်အုပ်စုက သတင်းနှင့် ဓာတ်ပုံထုတ်ပြန်ခဲ့ခြင်းသည် တနည်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှား ရှိနေပါသည်ဟု သက်သေထူပြခြင်း ဖြစ်သော်လည်း၊ ထိုဓာတ်ပုံကို မည်သည့် အချိန်ကာလတွင် ရိုက်ကူးခဲ့ခြင်းဖြစ်ကြောင်း၊ ဓာတ်ပုံသည် နည်းပညာဖြင့် ပြုပြင်ထားခြင်းမဟုတ်ဘဲ အစစ် အမှန်ဖြစ်ကြောင်း မည်သူမျှ အတည်မပြုနိုင်သလို၊ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံနေသည့် ယုံကြည်ရသောရုပ်သံမှတ်တမ်း မထုတ်ပြန်နိုင်ရခြင်းက ပြည်သူလူထုအကြား သံသယစိတ်ကို ကြီးထွားလာစေပါသည်။
သို့ရာတွင် နိုင်ငံတကာအသိုက်အဝန်းက ထိုကြေညာချက်ကို အသိအမှတ်ပြုပြီး၊ ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိလွှတ်ပေးရန် ဆက်တိုက်တောင်းဆိုမှုများ ပြုလုပ်လာသောဖိအားကို မင်းအောင်လှိုင် စတင် ရင်ဆိုင်လာရသည်။ နိုင်ငံတကာ တောင်းဆိုမှုကို မင်းအောင်လှိုင် လုံးဝလျစ်လျူရှုထားခြင်း၊ဒေါ်အောင်ဆန်းစုကြည် လုံးဝပျောက်ဆုံးနေခြင်းတို့ကြောင့် အချိန်ကြာမြင့်လာသည်နှင့်အမျှ “မလုပ်ရဲတာ ဘာမှမရှိ” ဟု ကြွေးကြော်ခဲ့ဖူးသော မင်းအောင်လှိုင်အပေါ် ပို၍ သံသယ ကြီးထွားလာစေပါသည်။
ပြင်သစ်၊ ဗြိတိန်၊ ဩစတြေးလျ၊ ဥရောပသမဂ္ဂ၊ အမေရိကန်၊ ဆွစ်ဇာလန်၊ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ)၏ အလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံတို့က ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန် ကြေညာချက်များ ထုတ်ပြန်တောင်းဆိုလျက် ရှိသည်။ အာဆီယံ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်ကို သူနှင့် ခေတ္တမျှ တွေ့ခွင့်ပေးရန်အထိ ကြေညာချက်ထုတ်ပြန် တောင်းဆိုထားသည်။
တပြိုင်တည်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ဦးထိန်လင်း ခေါ် Kim Aris သည် ၎င်း၏မိခင် သက်ရှိ ထင်ရှားရှိနေသေးကြောင်း သက်သေပြရန် Proof of Life အမည်ဖြင့် ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုကို ဦးဆောင် ပြုလုပ်နေပြီး၊ ပြင်သစ် သမ္မတ အီမန်နျူရယ် မက်ခရွန် အပါအဝင် နိုင်ငံတကာအစိုးရ ခေါင်းဆောင်များကို အရေးပေါ် အကူအညီတောင်းခံလျက်ရှိသည်။
မေလ ၆ ရက်နေ့တွင် ဦးထိန်လင်းသည် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Noel Barrotနှင့် တွေ့ဆုံခဲ့ပြီး၊ ပြင်သစ်အစိုးရအနေဖြင့် Proof of Life လှုပ်ရှားမှုကို ထောက်ခံကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး၊ ဆေးကုသခွင့်ရရှိရေး၊ မိသားစုနှင့် တွေ့ဆုံခွင့်ရရှိရေး တို့အတွက် အလေးထား ကြိုးပမ်းသွားမည် ဟူသော ခိုင်မာသောရပ်တည်ချက်ကို ရရှိခဲ့ကြောင်း ၎င်း၏ Facebook စာမျက်နှာမှ ထုတ်ပြန်ထားပါသည်။
ဦးထိန်လင်း၏ တောင်းဆိုမှုမှာ ရိုးရှင်းလှသည်။ သူ၏မိခင် သက်ရှိထင်ရှားရှိနေသေးကြောင်း သက်သေပြရန် သူ့ကို စကားပြောခွင့်ပေးရန် သို့မဟုတ် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအသင်း (ICRC)နှင့် အတင်းအဓမ္မ အစဖျောက်ခြင်းခံရခြင်းဆိုင်ရာ ကုလသမဂ္ဂကော်မတီ (Committee on Enforced Disappearances) ကဲ့သို့ နိုင်ငံတကာ လွတ်လပ်သော အဖွဲ့အစည်းများနှင့် တွေ့ဆုံခွင့်ပေးရန် တောင်းဆိုထားသည်။ လွန်ခဲ့သော ငါးနှစ် အတွင်း ဒေါ်အောင်ဆန်းစုကြည်ထံမှ ဦးထိန်လင်း စာတစ်စောင်သာ လက်ခံရရှိခဲ့ဖူးပြီး၊ ယခုအခါ မိခင်၏ သတင်းအစအနပင် မရရှိသည်မှာ နှစ်နှင့်ချီ ရှိနေပြီ ဖြစ်သည်။
စစ်အုပ်စု ထုတ်ပြန်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ ဒုတိယမြောက်ဓာတ်ပုံကို လေ့လာခြင်း
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်အာဏာသိမ်းခဲ့သော မင်းအောင်လှိုင်သည် ထိုနေ့ နံနက် ဝေလီဝေလင်းအချိန်တွင် ၎င်း၏ လက်နက်ကိုင်တပ်ဖွဲ့များကို ဒေါ်အောင်ဆန်းစုကြည်နေထိုင်သော နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်၊ ဇေယျာသိဒ္ဓိရပ်ကွက် မြနန်းဘုံသာလမ်းရှိ အစိုးရအဖွဲ့ဝင် ဝန်ကြီးများအဆင့်အိမ်ရာ A- 33 သို့စေလွှတ်ပြီး ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
ထိုအချိန်မှစ၍ မင်းအောင်လှိုင်စစ်အုပ်စုသည် ဝါဒဖြန့်သတင်းစာမှတဆင့် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံ ကို နှစ်ကြိမ်သာ ထုတ်ပြန်ခဲ့ဖူးသည်။ ပထမတစ်ကြိမ်မှာ သမ္မတဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့နေပြည်တော်တွင် နေရာအတိအကျမသိနိုင်သည့် အကျဉ်းရုံးစစ်ဆေးမှု ပြုလုပ်ရန် ဖန်တီးထားသော တရားရုံး တစ်ခုအတွင်း အမှုရင်ဆိုင်နေစဉ် ဓာတ်ပုံဖြစ်သည်။ မေလ ၁ ရက်နေ့ မြန်မာ့အလင်းသတင်းစာတွင် ထုတ်ပြန်ခဲ့သော ဓာတ်ပုံမှာ ဒုတိယပုံ ဖြစ်သည်။
ထိုဓာတ်ပုံ ထွက်ပေါ်လာပြီး မရှေးမနှောင်းမှာပင် မူရင်းဓာတ်ပုံဟု ယူဆရသော ဒု-ရဲချုပ် ဇော်မင်းထိုက်၏ မျက်နှာပါဝင်သည့် ပို၍ အရည်အသွေးကောင်းမွန်သော ဓာတ်ပုံတစ်ခုကို ဧရာဝတီသတင်းဌာနက လက်ခံရရှိ ထုတ်ပြန်ခဲ့သည်။ ထိုဓာတ်ပုံတွင် ဒေါ်အောင်ဆန်းစုကြည် ဝတ်ဆင်ထားသော အဝတ်အစား၊ အုတ်နံရံ၏ ဖွဲ့စည်းတည်ဆောက်ပုံနှင့် ဆေးအရောင်၊ အသုံးပြုထားသော ပရိဘောဂပစ္စည်းများ၊ ကြမ်းခင်းအမျိုးအစား စသည့်တို့ကို အသေးစိတ်လေ့လာ စုံစမ်းခဲ့သည်။
စုံစမ်းရရှိခဲ့သော အချက်အလက်များအရ ထိုနေအိမ်သည် မင်းအောင်လှိုင်၏ ကြေညာချက်တွင် ဖော်ပြထား သော ဒေါ်အောင်ဆန်းစုကြည်ကို ပြောင်းလဲချုပ်နှောင်မည့် “သတ်မှတ်ထားသည့်နေအိမ်” တွင် ရိုက်ကူးထား သော ဓာတ်ပုံမဟုတ်ကြောင်း သုံးသပ်နိုင်ပါသည်။ နေပြည်တော်နယ်မြေ စစ်စခန်းတစ်ခုအတွင်းရှိ လျှို့ဝှက် ချုပ်နှောင်ထားသော နေအိမ်တစ်ခုတွင် ရိုက်ကူးထားသော ဓာတ်ပုံဖြစ်နိုင်ပြီး၊ မည်သည့်အချိန်ကာလက ရိုက်ကူးခဲ့ခြင်း ဖြစ်သည်ကို အတည်ပြုရန် ခက်ခဲပါသည်။
သံသယဖြစ်ဖွယ်အကောင်းဆုံးအချက်မှာ ဒေါ်အောင်ဆန်းစုကြည်ဝတ်ဆင်ထားသော အဝတ်အစား ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် အဝတ်အစားဝတ်ဆင်မှုကို အလွန်ဂရုစိုက်သူဖြစ်ပြီး၊ အခြေအနေနှင့် အချိန်အခါပေါ်မူတည်၍ ဂရုတစိုက် ဝတ်စားတတ်သူ ဖြစ်သည်။ စစ်ဘက်နှင့် ရဲအရာရှိတို့ပါဝင်သည့် အဖွဲ့ဝင်သုံးဦးကို တွေ့ဆုံချိန်၊ နေအိမ်တွင် တစ်ဦးတည်း နေထိုင်စဉ် ပေါ့ပေါ့ပါးပါး ဝတ်ဆင်လေ့ရှိသော အဝတ်အစားကို ဝတ်ထားခြင်းက သူ၏ အလေ့အကျင့် လုံးဝမဟုတ်ကြောင်း လေ့လာသိရှိရသည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည် ဝတ်ဆင်ထားသော အင်္ကျီသည် ၂၀၂၂ ခုနှစ်အတွင်း ပေးပို့ခဲ့သော အင်္ကျီဖြစ်ကြောင်း သိရှိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် အဝတ်အစားဝတ်ဆင်မှုတွင် အလွန်စည်းကမ်းကြီးသူဖြစ်ပြီး၊ တရားရင်ဆိုင်ခဲ့စဉ် တစ်လျှောက်လုံး ရှမ်းအင်္ကျီနှင့်ဆင်တူသော အဖြူရောင်အင်္ကျီကိုသာ စွဲစွဲမြဲမြဲဝတ်ဆင်လေ့ရှိကြောင်း စစ်အုပ်စု ပထမဆုံး ထုတ်ပြန်ခဲ့သော ဓာတ်ပုံနှင့် ဗြိတိန်အခြေစိုက် The Independent သတင်းစာသို့ ပေါက်ကြားခဲ့သော တရားရုံး CCTV မှတ်တမ်းများတွင် တွေ့မြင်ရသည့် ပုံရိပ်များက သက်သေ ဖြစ်သည်။ ထိုအင်္ကျီအမျိုးအစား တစ်ထည်မက ဒေါ်အောင်ဆန်းစုကြည်တွင် အသင့်ရှိနေသော်လည်း၊ စစ်ဘက်နှင့် ရဲအရာရှိတို့ပါဝင်သည့် အဖွဲ့ဝင်သုံးဦးကို တွေ့ဆုံစဉ် ဝတ်ဆင်ထားခြင်း မရှိခြင်းက ထိုဓာတ်ပုံ၏ အစစ်အမှန်ဖြစ်ခြင်းအပေါ် သံသယဖြစ်ဖွယ် ထပ်မံလေ့လာတွေ့ရှိ ရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် အဝတ်အစားဝတ်ဆင်မှုတွင် အလွန်စည်းကမ်းကြီးသူဖြစ်ကြောင်း အာဏာရှင်ဟောင်း သန်းရွှေလက်ထက် နေအိမ်အကျယ်ချုပ်ကျနေစဉ် အတွေ့အကြုံတစ်ခုက သက်သေပြလျက်ရှိသည်။ ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ဆုံရန် သန်းရွှေစေလွှတ်ခဲ့သော ပြည်ထဲရေးဝန်ကြီးဌာန အရာရှိများထဲ၊ အရပ်ဝတ်တစ်ဦး ပါဝင်လာသည်။ ဒေါ်အောင်ဆန်းစုကြည်က သူ့ကို တရားဝင်တွေ့ဆုံခြင်း ဟုတ်မဟုတ် မေးမြန်းပြီး၊ အရာရှိများက တရားဝင်တွေ့ဆုံခြင်းဖြစ်ကြောင်း ဖြေကြားသည်။
ထိုအခါ အရပ်ဝတ်အရာရှိကို ယူနီဖောင်းဝတ်ပြီး ပြန်လာခဲ့ရန် တိုက်တွန်းပြီး အရပ်ဝတ်ဖြင့် ဆိုလျှင် တွေ့ဆုံမည်မဟုတ်ဟု ငြင်းဆိုခဲ့ဖူးသည်။ ထိုအရာရှိက ခရီးစဉ်တစ်ခုမှ တိုက်ရိုက်လာခဲ့ရပြီး၊ ယူနီဖောင်းဝတ်ချိန် မရခဲ့ကြောင်း ရှင်းပြသော်လည်း၊ လက်မခံသဖြင့် ယူနီဖောင်းပြန်ဝတ်ခဲ့ရသည့် အဖြစ်အပျက် ရှိခဲ့ဖူးသည်။ သူကိုယ်တိုင် ထိုကဲ့သို့ တွေ့ဆုံမှုများတွင် မည်သည့်အခါမျှ နေအိမ်တွင် တစ်ဦးတည်းရှိနေစဉ် ဝတ်ဆင်လေ့ရှိသော အဝတ်အစားဖြင့် တွေ့ဆုံလေ့ မရှိပါ။
ထိုအချက်က ညွှန်ပြနေသည်မှာ မင်းအောင်လှိုင်ထုတ်ပြန်ခဲ့သော အိမ်နေရင်း ဝတ်လေ့ရှိသည့် အဝတ်အစားဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် စစ်အုပ်စု အရာရှိ သုံးဦးကို တွေ့ဆုံနေသော ဓာတ်ပုံမှာ Artificial Intelligence (AI) နည်းပညာဖြင့် Deep Fake ပြုလုပ်၍ မတူညီသော ဓာတ်ပုံနှစ်ခုကို ပေါင်းစပ်ထားသော ဓာတ်ပုံလားဟု သံသယ ဖြစ်စေပါသည်။
မြန်မာအလင်းသတင်းစာတွင် ဖြတ်တောက်ပြုပြင်၍ ဖော်ပြခဲ့သည့် ဓာတ်ပုံ၏ မူရင်းဓာတ်ပုံဟု ယူဆရသော၊ ဧရာဝတီသတင်းဌာန ရရှိထားသော ဓာတ်ပုံသည် စစ်အုပ်စုက ပြည်တွင်းမီဒီယာများသို့ ပေးပို့ဖော်ပြနိုင်သော်လည်း၊ ၎င်းတို့ကို ဆန့်ကျင်ရပ်တည်လျက်ရှိသော ပြည်ပမီဒီယာသို့ ပေးပို့ခဲ့ခြင်းက နိုင်ငံတကာ ယုံကြည်မှု ရလာစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ကြိုးပမ်းခြင်းဟု သုံးသပ်တွေ့ရှိရသည်။ ထိုအချက်က ဒေါ်အောင်ဆန်းစုကြည် ပျောက်ဆုံးနေခြင်းသည် သွေးရိုးသားရိုးမဟုတ်ဘဲ၊ သက်ရှိထင်ရှား ရှိနေပါသေး၏လော ဟု သံသယကြီးထွားလာစေသည့် အကြောင်းအချက် ဖြစ်ပါသည်။
အထက်ပါ ဓာတ်ပုံလေ့လာချက်များ၊ နိုင်ငံတကာ၏ တောင်းဆိုမှုများနှင့် သားငယ် ဦးထိန်လင်း၏ Proof of Life လှုပ်ရှားမှုဖြင့် မိခင်သက်ရှိထင်ရှားရှိနေကြောင်း သက်သေပြရန် တောင်းဆိုမှုများသည် လွန်ခဲ့သော ငါးနှစ်လုံးလုံး ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာကြီးနှင့် အဆက်အသွယ်ဖြတ်တောက်ပြီး၊ ၎င်းလုယက်ယူငင် ထားသော အာဏာတည်မြဲရေး ကျားကုတ်ကျားခဲ ကြိုးပမ်းနေသော မင်းအောင်လှိုင်အတွက် သူ၏ တိတ်ဆိတ်ခြင်းအသံ (The Voice of Silence) သည် “မိုးကြိုးပစ်သံ” ကဲ့သို့ ချောက်ချားနေပါလိမ့်မည်။
မင်းအောင်လှိုင်တွင် စစ်ဗိုလ်ချုပ်တစ်ယောက်၏ သတ္တိသွေး တစ်စက်မျှရှိကြောင်း Proof of Courage ပြသရန် ဒေါ်အောင်ဆန်းစုကြည်ကို အာဆီယံအထူးကိုယ်စားလှယ် တောင်းဆိုထားသည့်အတိုင်း ခေတ္တမျှတွေ့ခွင့်ပေးရဲသလား စောင့်ကြည့်ရပေလိမ့်မည်။



