လွန်ခဲ့သည့် သုံးနှစ်က ကယားပြည်နယ်ခေါ် ကရင်နီပြည်နယ်အတွင်း တော်လှန်ရေးတပ်များ စိုးမိုးထားနိုင်ခဲ့သည့် မြို့ရွာများကို စစ်တပ်က တန်ပြန်ထိုးစစ်ဆင်ပြီး တဖြည်းဖြည်း ပြန်လည်သိမ်းယူနေသည်။
ဒီးမော့ဆိုမြို့နယ်တွင် နေထိုင်သူတစ်ဦးက ၎င်းတို့မြို့ကို အာဏာသိမ်းတပ် ပြန်ဝင်လာပြီဖြစ်ပြီး ဒီးမော့ဆို- ဖရူဆိုကားလမ်းတွင်လည်း တပ်စွဲထား၍ ဒေသခံတို့မှာ မြို့အနောက်ဘက်ခြမ်းနှင့် အရှေ့ဘက်ခြမ်းသို့ ကူးသန်းသွားလာရန် မဝံ့ရဲတော့ကြောင်း ပြောသည်။
“အရင်ကကားနဲ့ အလွယ်တကူ သွားလို့ရပေမယ့် အခုဆို ကြမ်းတမ်းတဲ့ တောလမ်းကနေ လမ်းလျှောက်သွားရတာတွေ၊ နာရီနဲ့ချီသွားရတာတွေ ဖြစ်လာတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော အထက်ပါ ဒေသခံ အမျိုးသားက ဆိုသည်။
စစ်တပ်ကြောင့် အခက်တွေ့လာသည်မှာ ဒေသခံများသာမကပေ။ ကရင်နီတော်လှန်ရေးတပ်ဖွဲ့များသည် စစ်တပ်၏ ‘ရန်နိုင်မင်း’ စစ်ဆင်ရေး၊ ပအိုဝ်းပြည်သူ့စစ် (PNO) ၏ တန်ပြန်ထိုးစစ်တို့ကြောင့် ယခုအခါ အကျပ်အတည်းသစ်တစ်ခုနှင့် ရင်ဆိုင်နေရသည်။ တချိန်က ထိန်းချုပ်ထားနိုင်ခဲ့သည့် မြို့ပြဒေသများကို လက်လွှတ်လိုက်ရပြီးနောက် ကရင်နီတပ်များ၏ ရှေ့ဆက်ရမည့် တော်လှန်ရေးခရီးမှာ စစ်ရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းကာလကို ဖြတ်သန်းနေရသည်။
ကရင်နီတပ်များကို အထိနာစေသည့် ရန်နိုင်မင်းစစ်ဆင်ရေး
အာဏာသိမ်းစစ်တပ်ကို ၂၀၂၁ နောက်ပိုင်း တော်လှန်ပုန်ကန်ကြသူများအနက် နိုင်ငံအရှေ့ပိုင်းမှ ကရင်နီတပ်များသည် အပြောင်မြောက်ဆုံးသော အောင်ပွဲများရခဲ့ကြသဖြင့် ထိုင်းနယ်စပ် မယ်စဲ့မှစပြီး၊ ပြည်နယ်မြို့တော် လွိုင်ကော်အလယ်၊ ရှမ်း-ကယားနယ်စပ် ဖယ်ခုံနှင့် မိုးဗြဲမြို့များအဆုံး ကယားပြည်နယ်ထဲမှ ကုန်းမြင့်လွင်ပြင်တစ်ခုလုံးနီးပါးကို စိုးမိုးနိုင်ခဲ့ကြသည်။

သို့သော်လည်း စစ်ရေးချိန်ခွင်လျှာသည် ၂၀၂၄ ခုနှစ် စက်တင်ဘာလနောက်ပိုင်း အပြောင်းအလဲဖြစ်လာသည်။ ထိုလ၏အစတွင် စစ်တပ်သည် ‘ရန်နိုင်မင်း’ အမည်ဖြင့် စစ်ဆင်ရေးတစ်ခုစတင်ခဲ့ပြီး ထိုဒေသတွင် အကြီးအကျယ်ထိုးစစ်ပြန်ဆင်ခဲ့သည်။ လက်နက်အပြည့်အစုံရှိသည့် စစ်တပ်သည် PNO ပအိုဝ်းပြည်သူ့စစ်နှင့် စစ်မှုထမ်းဥပဒေဖြင့် တပ်ထဲရောက်လာသူများကြောင့် လက်နက်ကိုင်အင်အား ပိုမိုတောင့်တင်းလာခဲ့သည်။
ကရင်နီတော်လှန်ရေးတပ်များကမူ စစ်ပွဲအချိန်ကြာလာသည်နှင့်အမျှ လူသူလက်နက် အကန့်အသတ်ဖြစ်လာပြီး ၂၀၂၁ ခုနှစ် နောက်ပိုင်းရရှိထားသည့် နယ်မြေများကို ပြန်လည်စွန့်လွှတ်ခဲ့ရသည်။
၎င်းတို့ တပ်စွဲခဲ့ကြသည့် ဆီဆိုင်၊ ဖယ်ခုံ၊ မိုးဗြဲ၊ လွိုင်ကော်၊ ဒီးမော့ဆိုနှင့် ဖားဆောင်း မြို့များတွင် စစ်တပ်ပြန်ဝင်လာပြီဖြစ်သည်။ တော်လှန်ရေးတပ်များက ထိုင်းနယ်စပ်မှ မယ်စဲ့၊ ရှားတော၊ ရွာသစ်နှင့် ခဲသတ္တုတွင်းများရှိရာ မော်ချီး၊ နန်းမယ်ခုံစသည့် ဒေသများကို ဆက်လက်စိုးမိုးထားဆဲဖြစ်သည်။
ရှမ်းပြည်နယ် တောင်ကြီးမြို့တော်အခြေစိုက် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်သည် ရှမ်းပြည်နယ် တောင်ပိုင်းနှင့် ကယားပြည်နယ်အတွင်း နယ်မြေများကို တာဝန်ယူထားပြီး ရန်နိုင်မင်းစစ်ဆင်ရေးကို အဓိက ကိုင်တွယ်နေသည်။
ရန်နိုင်မင်းစစ်ဆင်ရေးအတွင်း ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဆီဆိုင်၊ ဖယ်ခုံ၊ မိုးဗြဲနှင့် ပြည်နယ်မြို့တော် လွိုင်ကော်၊ ဒီးမော့ဆိုနှင့် ဖားဆောင်းမြို့များကို ပြန်လည်တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း စစ်တပ်က ပြီးခဲ့သည့် ဖေဖော်ဝါရီလလယ်ပိုင်းတွင် သတင်းထုတ်ပြန်သည်။
ထိုမြို့ ခြောက်မြို့ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်တွင်စတင်သည့် တစ်လေးလုံး စစ်ဆင်ရေးအတွင်း ကရင်နီတပ်များက အပြည့်အဝ(သို့မဟုတ်) တစ်စိတ်တစ်ပိုင်း ထိန်းချုပ်ခဲ့ဖူးသည်။

စစ်တပ်သည် ဒေသတွင်းတွင် အဓိကကျသည့် လမ်းမကြီးများဖြစ်သည့် ဆီဆိုင်-လွိုင်ကော်လမ်း၊ မိုးဗြဲ- လွိုင်ကော်လမ်းများကို ထိန်းချုပ်ထားလိုက်သည်။ ထို့နောက် လွိုင်ကော်- ဒီးမော့ဆို- ဖရူဆို- ဘော်လခဲ- ဖားဆောင်းလမ်းကို အပြည့်အဝ ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေသည်။
စစ်တပ်၏ထိုးစစ်သည် ဆက်လက်ပြင်းထန်နေပြီး ပြီးခဲ့သည့်မေလ ၉ ရက်တွင်လည်း ဖရူဆို-ဘော်လခဲ လမ်းမကြီးဘေးမှ ကျေးရွာများကို ရုတ်တရက်ထိုးစစ်ဆင်လာသည်၊ အရပ်သား ၁၀၀၀ ခန့်လည်း တော်လှန်ရေးတပ်ထိန်းချုပ်နယ်မြေကို ထွက်ပြေးခိုလှုံနေရသည်ဟုလည်း ဒေသခံများကဆိုသည်။

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဗညားခွန်အောင်က စစ်တပ်သည် ၎င်းတို့ထံမှ နယ်မြေအများအပြားပြန်လည်သိမ်းနိုင်ကြောင်း ကြေညာခဲ့သော်လည်း အလုံးစုံစိုးမိုးနိုင်သည့် အနေအထားမဟုတ်သေးဟုဆိုသည်။
“(စစ်တပ်ပြန်ဝင်လာတော့) အများစုက လူသူမနေရဲတဲ့ရွာဖြစ်သွားတယ်။ စစ်တပ်က ထိန်းချုပ်ပြီး နေလို့ရတယ်ဆိုတာက လောပိတအနီးအနားလောက်က ရွာတွေပေါ့။ နောက်ပြီးလွိုင်ကော်မြို့အဝင်နားက ရွာတွေလောက်ပဲရှိပါတယ်” ဟု IEC ၏ အတွင်းရေးမှူး (၂)လည်းဖြစ်သူ ဦးဗညားခွန်အောင်က ဆိုသည်။
လောပိတရွာသည် နိုင်ငံ၏ အရေးပါသော ဓာတ်အားပေးစက်ရုံတည်ရှိသည့်နေရာ ဖြစ်သည်။
ကရင်နီလက်နက်ကိုင်များ၏ အရပ်ဘက်အုပ်ချုပ်ရေးအဖွဲ့ဖြစ်သည့် IEC ထိန်းချုပ်မှုအောက်တွင် ထိုင်းနယ်စပ်မှ မယ်စဲ့၊ ရှားတော၊ ရွာသစ်နှင့် ခဲသတ္တုတွင်းများရှိရာ မော်ချီး၊ နန်းမယ်ခုံစသည့်မြို့များနှင့် အနီးတဝိုက်မှ ကျေးရွာ ၃၀၀ မှ ၄၀၀ အထိရှိနေဆဲဖြစ်သည်ဟုလည်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များကဆိုသည်။
ကရင်နီတပ်များသည် မြို့ပေါ်နေရာများကို စွန့်လွှတ်ရသော်လည်း ကျေးရွာများတွင် သြဇာကြီးထွားဆဲဖြစ်သည်။
ပြီးခဲ့သည့်နှစ်များအတွင်း ဌာနဆိုင်ရာ မှတ်တမ်းအရ ကယားပြည်နယ်တွင် ကျေးရွာပေါင်း ၅၁၇ ရွာရှိသည်၊ ပြည်နယ်၏ လူဦးရေ လေးပုံသုံးပုံမှာ ကျေးလက်၌ နေထိုင်ကြသည်။

ဦးဗညားခွန်အောင်က IEC ၏ စိုးမိုးနယ်မြေတွင် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်လည်း ပါဝင်ကြောင်း၊ ဖယ်ခုံမြို့နယ်အပါအဝင် ကရင်နီ(ကယား) ပြည်နယ်၏ လူဦးရေသည် ၄၃၀,၀၀၀ ရှိကြောင်း ပြောသည်။
လူဦးရေ လေးသိန်းသုံးသောင်းအနက် သုံးသိန်းသည် IEC ၏ စိုးမိုးနယ်မြေတွင်ရှိပြီး လူဦးရေ နှစ်သိန်းမှာ စစ်ရှောင်များဖြစ်ကြောင်း ဦးဗညားခွန်အောင်ကဆိုသည်။
ထို့ကြောင့် ခြုံငုံကြည့်မည်ဆိုပါက မြေဧရိယာအရ စစ်တပ်နှင့်တော်လှန်ရေးတပ်များ ထက်ဝက်စီ ထိန်းချုပ်ထားသည်၊ ကရင်နီတော်လှန်ရေးအင်အားစုက ကျေးလက်ကို ထိန်းချုပ်ထားသဖြင့် လူဦးရေ ပိုများသည်ဟု ဆိုနိုင်သည်။
စစ်တပ်ခေါင်းပြန်ထောင်နိုင်လာသည့် အကြောင်းရင်း
နိုင်ငံအရှေ့ပိုင်းမှ ကရင်နီမျိုးနွယ်စုများသည် စစ်တပ်(သို့မဟုတ်) ပြည်မကကြိုးကိုင်ထားသည့် အုပ်ချုပ်ရေးစနစ်ကို တော်လှန်ပုန်ကန်ခဲ့ကြသည်က ဆယ်စုနှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီဖြစ်သည်။
သို့သော် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် ကရင်နီတပ်များ၏ စစ်ရေးနှင့် နိုင်ငံရေးအန်တုမှုက စစ်တပ်အတွက် ခေါင်းကိုက်စရာဖြစ်လာသည်။
ငယ်ရွယ်ပြီးတက်ကြွသည့် လူငယ်များသည် ပြည်နယ်အတွင်းရှိ သက်တမ်းရင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်သည့် ကရင်နီအမျိုးသားများတိုးတက်ရေးပါတီ (KNPP) ၏ အကူအညီယူကာ လက်နက်ကိုင်အဖွဲ့များ တည်ထောင်ခဲ့ကြပြီး စစ်တပ်ကိုစိန်ခေါ်ခဲ့ကြသည်။ တည်ထောင်ထားကြသည့် အဖွဲ့များထဲတွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) မှာ အထင်ရှားဆုံး ဖြစ်သည်။
ထိုအဖွဲ့များသည် ယခင်ကရှိခဲ့ကြသည့် လက်နက်ကိုင်အဖွဲ့များ၏ တိုက်ရိုက်သြဇာခံ မဟုတ်ကြသလို အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ လက်အောက်ခံလည်း မဟုတ်ကြပေ။
သွေးသစ်လောင်းထားသည့် ကရင်နီတပ်များသည် စစ်ဗိုလ်ချုပ်များရုံးစိုက်ရာ နေပြည်တော်မှ မိုင် ၆၀ (ကီလိုမီတာ ၁၀၀) ခန့်သာဝေးသည့် ဖယ်ခုံမြို့နှင့် ပြည်နယ်မြို့တော်လွိုင်ကော်၏ လမ်းမများထက် ဝင်ရောက်နေရာယူခဲ့ကြသည်အထိ စစ်တပ်ကိုခြိမ်းခြောက်နိုင်ခဲ့သည်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်း ပြည်နယ်ရဲတပ်ဖွဲ့ရုံးကို သိမ်းယူပြီးနောက် တွေ့ရသော ကရင်နီပူးပေါင်းတပ်များ။ (ဓာတ်ပုံ- PKPF)
သို့သော်လည်း ကရင်နီတပ်များသည် အာရက္ခတပ်တော် AA ၏ ရခိုင်ထိုးစစ်၊ တအာင်းတပ် TNLA နှင့် ကိုးကန့်တပ် MNDAA တို့၏ ရှမ်းမြောက်ထိုးစစ်များကဲ့သို့ အင်အားအလုံးအရင်းသုံးပြီး စစ်တပ်ကို ချေမှုန်းနိုင်ခဲ့ခြင်း မရှိခဲ့ပေ။
ထိုးစစ်အင်အား ကြီးမားခြင်း မရှိသဖြင့် စစ်တပ်ကလည်း တစ်လေးလုံးစစ်ဆင်ရေးကာလအတွင်းမှာပင် အမှတ် (၁၄) တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းရှိရာ ဖရူဆိုနှင့် အခြေချစစ်ဗျူဟာ (စဗခ) ရှိရာ ဘော်လခဲကို ကာကွယ်နိုင်ခဲ့သည်။
ပြည်နယ်မြို့တော်လွိုင်ကော်၏ မြို့ဧရိယာတစ်ဝက်ခန့် ကရင်နီတော်လှန်ရေးတပ်များ စိုးမိုးခဲ့သော်လည်း စစ်တပ်၏ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) ကိုမူ မသိမ်းနိုင်ခဲ့ပေ။
နိုင်ငံအရှေ့ပိုင်းကရင်နီဒေသတွင် အလဲလဲအပြိုပြိုဖြစ်နေသည့်စစ်တပ် အသက်ဆက်နိုင်ခဲ့သည်က ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ဟုခေါ်သည့် ပအိုဝ်းပြည်သူ့စစ်က စစ်တပ်ဘက်ကဝင်တိုက်ပေးခြင်းနှင့် စစ်မှုထမ်းဥပဒေဖြင့် စစ်တပ်က တပ်သားသစ်များ ထပ်မံစုဆောင်းနိုင်ခြင်းတို့ကြောင့်ဟု ဆိုနိုင်သည်။
အာဏာသိမ်းစစ်တပ်က ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် အရွယ်ရောက်သူတိုင်း စစ်ထဲဝင်ရမည့်ဥပဒေကို အသက်သွင်းခဲ့ပြီးနောက် ရရှိလာသည့်တပ်သားသစ်များကို ကရင်နီစစ်မျက်နှာပြင်သို့လည်း စေလွှတ်ခဲ့သည်။
ကရင်နီစစ်မျက်နှာပြင်နှင့် အနီးဆုံးတွင်ရှိနေသည့် လူမျိုးစုလက်နက်ကိုင်တပ် တစ်ခုဖြစ်သည့် ပအိုဝ်းအမျိုးသားတပ်မတော်(PNO/PNA) ကိုလည်း ပြည်သူ့စစ်တပ်ဖွဲ့အဖြစ် ဆက်ရှိနေရန် စစ်တပ်ကစည်းရုံးသိမ်းသွင်း နိုင်ခဲ့သည်။
စစ်ဗိုလ်ချုပ်များက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာတွင် ရှမ်းပြည်တောင်ပိုင်းရှိ မြို့နယ်သုံးမြို့နယ်ဖြစ်သည့် ဟိုပုံး၊ ဆီဆိုင်နှင့် ပင်လောင်းမြို့နယ်များကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဟု သတ်မှတ်ပေးပြီး PNO/PNA ကို တစ်စိတ်တစ်ပိုင်း စီမံအုပ်ချုပ်ခွင့်ပေးထားသည်။ ယင်းဒေသများသည် နေပြည်တော်နှင့်ကရင်နီဒေသ၏အကြားတွင် တည်ရှိသည်။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းချိန်တွင် PNO/PNA က စစ်တပ်ကိုသစ္စာခံမည်ဟု အတိအလင်းထုတ်ပြောခဲ့သည်။
ပအိုဝ်းမျိုးနွယ်စုများအပေါ် သြဇာကြီးသည့် PNO/PNA က ၎င်းတို့၏တပ်သားသစ်အဖြစ် ဝင်ရောက်အမှုထမ်းပါက စစ်တပ်၏တပ်သားသစ်အဖြစ် စုဆောင်းခံရခြင်းကို အကာကွယ်ပေးမည်ဟု မက်လုံးပေး၍ တပ်သားသစ်များစုဆောင်းခဲ့သည်။
ငွေကြေးနှင့်အဆက်အသွယ်ရှိသူများကမူ နိုင်ငံရပ်ခြားသို့ထွက်ခွာသွားပြီး စစ်တပ်နှင့် PNO/PNA ၏တပ်သားသစ်စုဆောင်းမှုကို ရှောင်ရှားနိုင်ခဲ့သော်လည်း ရွေးချယ်စရာမရှိသူများက စစ်မှုထမ်းကြရသည်။ စစ်တပ်ထဲလည်းမဝင်လို၊ မွေးရပ်မြေကိုလည်း မစွန့်ခွာလိုကြသည့် ပအိုဝ်းအရပ်သားအမျိုးသားများသည် PNA ၏ စစ်သားသစ်အဖြစ် စာရင်းပေးကြရသည်။
နောက်ဆုံးတွင်စစ်တပ်သည် အင်အားတောင့်တင်းလာသည့် PNO/PNA ၏ အကူအညီဖြင့် ကရင်နီတပ်များကို တန်ပြန်တိုက်ခိုက်ခဲ့သည်။
ထို့အပြင် ဗုံးသီးကြဲချသည့် ဒရုန်းအပါအဝင် အသေခံဒရုန်း၊ လက်နက်ကြီးနှင့် လေကြောင်းပစ်ကူ ပိုမိုသုံးလာခြင်းကလည်း ထိုးစစ်ဆင်သည့် စစ်တပ်အတွက် အားသာချက်ဖြစ်စေခဲ့သည်။
အကျပ်အတည်းများကြားက ကရင်နီတော်လှန်ရေး
စစ်တပ်က စိုးမိုးနယ်မြေ တိုးယူလာသဖြင့် တော်လှန်ရေးတပ်ကို ထောက်ခံသည့် လူထု၏ စိုက်ပျိုးမြေဧရိယာများ ဆုံးရှုံးလာကြောင်း ဒီးမော့ဆိုမြို့နယ်တွင် နေထိုင်သည့် သတင်းရင်းမြစ်အမျိုးသားတစ်ဦးက ဆိုသည်။
“စိုက်ပျိုးမြေဆုံးရှုံးလာတော့ ဒေသထွက်ဆန်က အရင်ကလောက်မထွက်တဲ့အခါ ဆန်ဈေးလည်း တက်လာတယ်။ အရင်က ဒေသထွက်ဆန် တစ်အိတ်ကို ကိုးသောင်းကျပ်လောက်ပဲ ရှိပေမယ့် အခုတော့ တစ်သိန်းငါးသောင်းကျပ် လောက်ဖြစ်လာတယ်” ဟု ဒီးမော့ဆိုမြို့နယ်တွင် နေထိုင်သည့် သတင်းရင်းမြစ်အမျိုးသားတစ်ဦးက ပြောသည်။
IEC အတွင်းရေးမှူး (၂) ဦးဗညားခွန်အောင်ကလည်း ကရင်နီတွင် စစ်ရှောင်များအတွက် ရွာသီးခြား အသစ်တည်မပေးထားဘဲ ယခင်ရှိနေပြီးသား ရွာများအနီးတွင် နေရာချပေးထားကြောင်း ဆိုသည်။
ယခင်က စစ်ရှောင်များကို ဒေသခံရွာသားများက ၎င်းတို့တွင်ရှိသည့် အရင်းအမြစ်များဖြင့် ကူညီစောင့်ရှောက်ပေးကြသော်လည်း စစ်ပွဲကာလကြာလာသည်နှင့်အမျှ အရင်းအမြစ်များ မျှပေးရန် ခက်ခဲလာကြောင်း ဦးဗညားခွန်အောင်က ပြောသည်။
“ရောက်ရှိရာဒေသက လူထုတွေလည်း အစားအသောက်တွေ ကျွေးမွေးပေးကမ်းနိုင်တယ်။ အခုက ကြာလာတော့ သဘာဝအရင်းအမြစ်တွေပေးကမ်းဖို့အခက်အခဲရှိလာတယ်။ ပေးစရာ သစ်ဝါးတွေလည်း မရှိသလောက်ဖြစ်လာတယ်” ဟု ဆိုသည်။

(ဓာတ်ပုံ- CTER Karenni)
စစ်ရှောင်တို့အတွက် အမိုးအကာ၊ အိုးခွက်ပန်းကန်၊ အိပ်ရာ၊ အဝတ်အစားသာမက စားနပ်ရိက္ခာများ လိုအပ်နေသည်ဟုလည်း IEC ဘက်က ပြောသည်။
IEC အနေနှင့် ဒေသတွင်း အခွန်အခလျှော့ပေးခြင်းများနှင့် အခွန်ကင်းလွတ်ခွင့်အချို့ လုပ်ဆောင်ပေးနေသော်လည်း လူထု၏ စားနပ်ရိက္ခာအခက်အခဲ၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များကို အပြည့်အဝ ပံ့ပိုးပေးနိုင်သည့် အခြေအနေမရှိကြောင်း ဦးဗညားခွန်အောင်က ဆိုသည်။
ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် နေထိုင်သည့် သတင်းရင်းမြစ်အမျိုးသားတစ်ဦးကမူ လက်ရှိတွင် ကရင်နီတော်လှန်ရေးတပ်များသည် တိုက်စစ်ထက် ခုခံစစ်ကို ပိုမိုလုပ်ဆောင်နေရသည့် အခြေအနေရောက်သွားကြောင်းဆိုသည်။
စစ်ရေးတွင် ကရင်နီပြည်တပ်ပေါင်းစုံစစ်ဦးစီအဖွဲ့၏ ကွပ်ကဲမှုအောက်၌ အဖွဲ့များပူးပေါင်း လုပ်ဆောင်နေသော်လည်း လက်နက်ခဲယမ်း ထောက်ပံ့ခွဲဝေမှုတွင် တစ်စုတစ်စည်းတည်းမဖြစ်ဘဲ သီးခြားစီလုပ်နေကြဆဲ ဖြစ်နေသည်။
သို့ဖြစ်ရာဒေသခံအများစုသည် တပ်များအားလုံးပေါင်းစည်း၍ စစ်တပ်ကို တိုက်ရန် လိုလားနေကြောင်း ဒီးမော့ဆိုမြို့နယ်ဒေသခံအချို့ကပြောသည်။
ကရင်နီတော်လှန်ရေးတပ်များကလည်း ကရင်နီတွင် စစ်ဒေသ (၅) ခုဖြင့် တပ်ပေါင်းစုဖွဲ့ရန် ရည်ရွယ်ထားပြီး ကနဦးအနေနှင့် အမှတ် (၁) အယ်လ်ဖာစစ်ဒေသ (မိုးဗြဲ) ကိုသာ စုဖွဲ့ထားနိုင်သည်။
မိုးဗြဲဒေသခံ တော်လှန်ရေးတပ်များနှင့်ပေါင်း၍ KNDF တပ်ရင်းအချို့က အမှတ် (၁) အယ်လ်ဖာစစ်ဒေသ (မိုးဗြဲ)နယ်ဟု စုဖွဲ့လိုက်သော်လည်း ထိုစစ်ဒေသသည် ဧပြီလ ၂၄ ရက်တွင် မိုးဗြဲ ဒေသ တော်လှန်ရေးတပ်ဖွဲ့ တစ်ခုဖြစ်သည့် ဗိုလ်အောင်မင်းအဖွဲ့ကို ပစ်ခတ်ကာ လက်နက်ဖြုတ်သိမ်းခဲ့သည်။
ထိုဖြစ်စဉ်ကို IEC ကာကွယ်ရေးဌာနနှင့် ကရင်နီတပ်ပေါင်းစုံ စစ်ဦးစီးက စုံစမ်းစစ်ဆေးနေကြောင်း မေလ ၁ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
အခြားစစ်ဒေသဖွဲ့စည်းမှုများမှာ တရားဝင် သတင်းထုတ်ပြန်လာခြင်းမရှိသေးပေ။
ဒီးမော့ဆိုမြို့နယ်တွင် နေထိုင်သည့် သတင်းရင်းမြစ်အမျိုးသားတစ်ဦးကမူ ၎င်းတို့ကို အကာအကွယ်ပေးသည့် တော်လှန်ရေးအဖွဲ့များ နယ်မြေလက်လွှတ်ပေးနေရသည်ကို မလိုလားကြောင်း မှတ်ချက်ပေးသည်။
“နယ်မြေတွေက တစနဲ့တစတော့ ဆုံးရှုံးနေတယ်။ ဒေသခံတွေကတော့ တော်လှန်ရေးတပ်တွေ တပ်ပေါင်းစုဖွဲ့ပြီး စစ်တပ်ထိုးစစ်ကို စုစုစည်းစည်းနဲ့ ခုခံတိုက်ခိုက်တာကို လိုလားနေတာကတော့ မြေကြီးလက်ခတ်မလွဲပါပဲ” ဟု သူက ပြောလိုက်သည်။



