အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်တပ် ဦးဆောင်သည့် လန်ဒန်ရှိ မြန်မာ့အရေးဆွေးနွေးပွဲ ဆန္ဒပြသတင်းကြောင့် ပွဲဖျက်လိုက်ရ 

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ခံ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူများ၏ ကန့်ကွက် ဆန္ဒပြမည့် သတင်းကြောင့် စစ်တပ်က ဦးဆောင်ကျင်းပမည့် မြန်မာ့ရေး ဆွေးနွေးပွဲ ဖျက်သိမ်း လိုက်ရသည်။

ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့၊ မြန်မာသံရုံးတွင် ယမန်နေ့ ( မေလ ၁၄ ရက်) က ကျင်းပရန်စီစဉ်ခဲ့သည့် နိုင်ငံတကာသံအမတ်များ တက်ရောက်မည့် “Open Dialogue On Myanmar” ဆွေးနွေးပွဲကို သံရုံးရှေ့ ဆန္ဒပြမည့်သတင်းကြောင့်  ဖျက်သိမ်းလိုက်ရကြောင်း သိရှိရသည်။ 

ထိုဆွေးနွေးပွဲကို လန်ဒန်မြို့ အခြေစိုက် မြန်မာ့အရေးတက်ကြွလှုပ်ရှားသည့် “Burma Campaign UK နှင့် Star Of Myanmar Friendship အဖွဲ့များက သပိတ်မှောက် ဆန္ဒပြမည်ဟု ထုတ်ပြန်ခဲ့အပြီး မြန်မာသံရုံးက နည်းပညာဆိုင်ရာအခက်အခဲများကို အကြောင်းပြကာ ဆွေးနွေးပွဲ ဖျက်သိမ်းလိုက်ကြောင်း လန်ဒန်ရှိ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူများက ဆိုသည်။ 

အဆိုပါ မြန်မာ့အရေးဆွေးနွေးပွဲတွင် အာဏာသိမ်းစစ်တပ်က ဦးဆောင်ကျင်းပခဲ့သည့် အတုအယောင် ရွေးကောက်ပွဲရလဒ်အပေါ် နိုင်ငံတကာအသိအမှတ်ပြုမှုရရန် အပြင်းအထန်ကြိုးစားနေကြခြင်းဖြစ်ပြီး နိုင်ငံတကာ သံတမန်အသိုင်းအဝိုင်းက အသိအမှတ်မပြုကြရန် လန်ဒန်အခြေစိုက် Burma Campaign UK အဖွဲ့က ထုတ်ပြန်ထားသည်။

လန်ဒန်ရှိ မြန်မာသံရုံးတွင်ကျင်းပမည့် “Open Dialogue” မြန်မာ့အရေး ဆွေးနွေးပွဲ၏ မူလအစီအစဉ်တွင် စစ်တပ်ဘက်က အာဆီယံ နိုင်ငံများမှ သံအမတ်များကိုပါ ဖိတ်ကြားထားပြီး ဆွေးနွေးပွဲပျက်သွားသည့် အပေါ် နိုင်ငံတကာအသိုင်းအဝိုင်းကို ကျေးဇူးတင်သည်ဟု Burma Campaign UK အဖွဲ့ ပြောရေးဆိုခွင့် ရှိသူ ကိုမင်းတင့်ဗိုလ်က Myanmar Now ကို ပြောသည်။ 

“အင်္ဂလန်နိုင်ငံက ဒီမိုကရက်တစ်နိုင်ငံပဲ သူတို့လဲ ဥပဒေအကြောင်းအရလုပ်ရင် ကျွန်တော်တို့လဲ ဥပဒေ ကြောင်းအရ လုပ်သွားမယ်။ ကျွန်တော်တို့ ရည်ရွယ်ချက်ကတော့ ဒီဆွေးနွေးပွဲ ပျက်သွားဖို့ပဲ။ ပျက်သွားတာ ကောင်းပါတယ်” ဟု ၎င်းက ပြောသည်။ 

ယမန်နေ့တွင် ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ကျင်းပမည့် “Open Dialogue On Myanmar” ဆွေးနွေးပွဲကို နည်းပညာ အခက်အခဲကြောင့် ဖျက်သိမ်းလိုက်ရသည်ဟု လန်ဒန်မြို့ မြန်မာသံရုံးကလည်း လူမှုကွန်ရက် မှတဆင့် ထုတ်ပြန်ထားသည်။ 

ဆန္ဒပြပွဲ စီစဉ်ရာတွင် ပါဝင်သည့် လန်ဒန်မြို့အခြေစိုက် Star Of Myanmar Friendship အရပ်ဖက်အဖွဲ့မှ မဂျူလီခိုင်က စစ်အုပ်စုက ကျင်းပသည့် ဆွေးနွေးပွဲကို မတက်ရောက်သည့်အတွက် အာဆီယံကို ကျေးဇူးတင်ပြီး စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်အစိုးရအတွက် ဝါဒဖြန့်ချိမှုများကို ပြုလုပ်ပါက ဆက်လက်ဆန့်ကျင်သွားမည်ဟု ဆိုသည်။ 

ထိုသို့ မြန်မာသံရုံးဘက်က ဆွေးနွေးပွဲကို ဖျက်သိမ်းခဲ့သော်လည်း ယမန်နေ့ (မေ ၁၄ ရက်) မွန်းလွဲက လန်ဒန်ရှိ မြန်မာသံရုံးရှေ့၌ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူများက နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးလွှတ်ပေးရေး နှင့် ဖမ်းဆီးခံထားရသူ ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး လွှတ်ပေးရေးများ ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button