မကွေးတိုင်း ၊ ဆောမြို့နယ်အတွင်း ဝင်ရောက်လာသော စစ်တပ်က ယမန်နေ့ (မေလ ၁၄ )၊ ညနေ ၅ နာရီခန့်က ဆောမြို့ပေါ်ဝင်ရောက်လာပြီးနောက် ဒေသခံအချို့ ဖမ်းဆီးခံရကြောင်း သိရသည်။
လောင်းရှည်မြို့ အမှတ် (၂၅) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၂၅)မှ လာသော စစ်တပ်စစ်ကြောင်း က ဆောမြို့အတွင်း ဝင်ရောက်လာခြင်းဖြစ်ပြီး မြို့တွင်းနေရာစုံတွင် တပ်စွဲထားသည်ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“(စစ်တပ်)က ဦးဖိုးလှိုင်ခန်းမမှာရော၊မြို့ထဲက လူနေအိမ်တွေမှာရော ရှိကြတယ်။ ပြီးတော့ ဆောမြို့ ဘုရားကုန်းပေါ်တွေ၊ မီးသတ်ကုန်းပေါ်တွေမှာလည်း ရှိကြတယ် “ဟု ၎င်းကဆိုသည်။
စစ်တပ်က ယမန်နေ့ညနေ၌ ဝင်ရောက်လာရာတွင် မြို့ဝင်လမ်းတလျှောက်ရှိ အရပ်သားများနှင့် မြို့ ထဲမှ ၂၀ ဦးထက်မနည်း ဖမ်းဆီးခဲ့ပြီး ယနေ့ (မေလ ၁၅ ရက်) နံနက်တွင် အချို့ကို လွှတ်ပေးခဲ့သော် လည်း ဖမ်းဆီးခံထားရသူများရှိနေဆဲဖြစ်သည်။
သို့သော် လွတ်မြောက်လာသူနှင့် ဖမ်းဆီးခံထားရဆဲ အရေအတွက်ကို မသိရှိရကြောင်း အထက်ပါ သတင်းရင်းမြစ်က ဆက်ပြောသည်။
“မြို့ထဲက လူအများစုကတော့ ရွှေ့ကြပါတယ်။ တချို့ ရှောင်လို့အဆင်မပြေတဲ့သူတွေလည်း ရှိကြ ပါတယ် ။ ၈၀ ရာခိုင်နှုန်းလောက်ကတော့ ရှောင်ကြပါတယ်။ အခု လောလောဆယ်အနေအထားမှာ ပေါက် ဘက်ကလာတဲ့ စစ်ကြောင်းပါရှိနေတဲ့အတွက် ဆော-ကျောက်ထု လမ်းတစ်လျှောက်က လူတွေလည်း စစ်ဘေးရှောင်နေကြရပါတယ် “ဟု ၎င်းကဆိုသည်။
ဆောမြို့ထဲ ရောက်နေသော စစ်ကြောင်းမှ စစ်သားများက ဒရုန်းများလွှတ်တင်ပြီး အနီးဝန်းကျင်ကို စောင့်ကြည့်မှုများ ရှိနေပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်မှုရှိနေသောကြောင့် ဒေသခံများ စိုးရိမ်နေ ကြသည်။
လတ်တလော၌ ဒေသအခြေစိုက်ကာကွယ်ရေးတပ်များနှင့် စစ်တပ်တို့ ထိတွေ့ပစ်ခတ်မှု အနည်းငယ် သာ ရှိပြီး တိုက်ပွဲကြီးကြီးမားမား မရှိသေးပေ။
ပြီးခဲ့သည့် မေလ ၁၂ ရက်နေ့က လောင်းရှည်မြို့ ကပစ ၂၅ မှ ဆောမြို့သို့ ဦးတည်၍ အင်အား ၅၀၀ ဝန်းကျင် စစ်ကြောင်းတစ်ခု၊ ပေါက်မြို့ ကပစ ၂၄ မှ ဆောမြို့နယ်၊ ကျောက်ထုမြို့သို့ ဦးတည်၍ အင်အား ၅၀၀ ဝန်းကျင် စစ်ကြောင်းတစ်ခုတို့ ထွက်လာကြသည်။
ကပစ ၂၅ ၏ မြောက်ဘက် ၈ မိုင်ကျော်အကွာ လောင်းရှည်မြို့တွင် အင်အား ၁၅၀ နီးပါးကို ချန်၍ ကျန်အင်အားများမှာ ဆော- လောင်းရှည် လမ်းပိုင်းအတိုင်း သုံးရက်အတွင်း ဆောမြို့ထဲ ရောက်ရှိတပ်စွဲထားသလို ကပစ ၂၄ မှ လာသော စစ်ကြောင်းသည် ကျောက်ထုမှ ၁၂ မိုင်ကျော်အကွာ တပြင်းကျေးရွာသို့ရောက်နေပြီဟု သိရသည်။
ဆောမြို့သည် ယခင်ကပင် စစ်တပ်ထိန်းချုပ်သော မြို့ဖြစ်ပြီး မြို့စောင့်တပ်အနည်းငယ်သာ ရှိပြီး ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များလည်း ဝင်ထွက်သွားလာမှုများရှိကာ ပြဿနာကြီးကြီးမားမား ဖြစ်ပွားခြင်းမရှိခဲ့ပေ။
ထို့ကြောင့် ရခိုင်ကုန်သည်များက ပလက်ဝ-မင်းတပ်-ကံကြီး-ဆောလမ်း အခြေပြုကာ ကုန်ပစ္စည်းများ တင်သွင်းခဲ့ကြသော်လည်း ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်မှ စတင်ကာ စစ်တပ်က ချင်းနှင့်ရခိုင် ကုန်စည် ကူးသန်းသွားလာရေးအတွက် အချက်အချာကျသည့် ဆောမြို့နယ်၊ ကံကြီးကျေးရွာတွင် အင်အား ၂၀၀ နီးပါးဖြင့် တပ်စွဲလိုက်၍ ထိုလမ်းပိုင်း ပိတ်သွားခဲ့ရသည်။

လမ်းပိုင်း ပိတ်ဆို့မှုကြောင့် ပလက်ဝဘက်မှတဆင့် ကုလားတန်မြစ်အတိုင်း ရခိုင်ပြည်နယ်ဘက်ကို စီးဆင်းသော ကုန်စည်များ ဈေးနှုန်းတက်သွားရသည်ဟု ရခိုင်ဒေသခံများထံက သိရသည်။
ဧပြီလကုန်က ကြက်သွန်နီတစ်ပိဿာကို ငွေကျပ် ၇,၀၀၀ ရှိခဲ့ရာမှ လက်ရှိတွင် တစ်ပိဿာကို ကျပ် ၁၀,၀၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာကို ကျပ် ၁၀,၀၀၀ ရှိခဲ့ရာမှ ကျပ် ၁၅,၀၀၀၊ ဂျင်းစိမ်း တစ်ပိဿာကို ကျပ် ၁၀,၀၀၀ ရှိခဲ့ရာမှ ကျပ် ၁၈,၀၀၀ အထိ ဈေးနှုန်းမြင့်တက်ခဲ့ပြီး ဆက်လက် ဈေးတက်မည့် အခြေအနေများ ရှိနေကြောင်း သိရသည်။
ထို့ကြောင့် လက်ရှိတွင် ဆောမြို့နယ်အတွင်း စစ်ကြောင်းသုံးကြောင်း ရှိနေကာ အင်အား ၁၀၀၀ ဝန်းကျင်ခန့် ရှိနေသည်။
အဆိုပါစစ်ကြောင်းများသည် ဆောမြို့နယ်ကို အခြေပြုကာ ချင်းညီနောင်အဖွဲ့ (CB)သိမ်းပိုက်ထား သည့် ယောဒေသ မြောက်ဘက် ချင်းပြည်နယ်တောင်ပိုင်းမင်းတပ်မြို့နယ်ကို ဦးတည်တိုက်ခိုက်လာ နိုင်ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်သည်။
“မင်းတပ်ကို စစ်ကြောင်းနှစ်ကြောင်းထိုးမယ့် အနေအမျိူးပဲ။ ဘာဖြစ်လို့လဲဆိုတော့ မင်းတပ်ကို မိုး မကျခင်မှာ တိုက်စစ်ဆင်ပြီးခါမှ မင်းတပ်ကနေတဆင့် မတူပီ၊ကန်ပက်လက်ဘက်ကို၊ ချင်းတောင် ဘက်ကို ဝင်ချင်တာ”ဟု ၎င်းကဆိုသည်။
ရခိုင်နှင့်ချင်းပြည်နယ်ကို ဝင်ရောက်မည့် စက်သုံးဆီ၊ စားနပ်ရိက္ခာများကို မိုးကာလတွင် ဖြတ်တောက် ပြီး မိုးလွန်ကာလတွင် မတူပီ၊ ပလက်ဝ နယ်မြေများကို တိုက်ခိုက်ရန်အတွက် ရောက်ရှိနေခြင်းဟု လည်း ဗိုလ်ကြီးဇင်ယော်က သုံးသပ်သည်။
ပြီးခဲ့သည့် ရက်များကလည်း ချင်းနှင့် ဆောဒေသများအတွင်း စစ်တပ်က လေကြောင်းဗုံးကြဲမှုများ ပြုလုပ်ခဲ့၍ ဒေသခံများ ထိခိုက်သေဆုံးခဲ့ရသေးသည်။
ဆောမြို့နယ်သည် ချင်းပြည်တောင်ပိုင်းဝင်ပေါက်ဖြစ်ပြီး ချင်းတော်လှန်ရေးတပ်များ ထိန်းချုပ်ထား သည့် ကန်ပက်လက်မြို့နှင့် ၁၂ မိုင်ခန့်၊ မင်းတပ်မြို့နှင့် မိုင်၃၀ ကျော်သာ ကွာဝေးသည်။ အလားတူ မတူပီ၊ ကန်ပက်လက်၊ မင်းတပ်ကို ချင်းညီနောင်အဖွဲ့ (CB) က ထိန်းချုပ်ထားပြီး ပလက်ဝကို အာရက္ခ တပ်တော် (အေအေ) က နယ်မြေစိုးမိုးထိန်းချုပ်ထားသည်။
လက်ရှိတွင် စစ်တပ်သည် ချင်း ၊ ကရင်၊ ကချင်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းတို့ကို အင်အားအလုံးအရင်းဖြင့် စစ်မျက်နှာဖွင့်ကာ ထိုးစစ်ဆင်နေပြီး တော်လှန်ရေးထောက်ပို့လမ်းကြောင်း များကို ဖြတ်တောက်ရန် ကြိုးပမ်းနေသည်။




