အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကျေးရွာကို အိန္ဒိယအခြေစိုက် လက်နက်ကိုင်တပ် မီးရှို့

ကူကီးလူမျိုးစုများ နေထိုင်သော အိန္ဒိယနယ်စပ် မြန်မာဘက်ခြမ်းမှ အိမ်ခြေ ၂၀ ကျော်ရှိသော ကျေးရွာ ငယ်တစ်ခုကို အိန္ဒိယအခြေစိုက် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN (IM) တပ်ဖွဲ့က ဝင်ရောက်မီးရှို့၍ ထက်ဝက်ကျော် ပျက်စီးသွားသည်။

အိန္ဒိယ- မြန်မာနယ်စပ် စစ်ကိုင်းတိုင်း၊ လေရှီးမြို့နယ်ရှိ ကူကီးလူမျိုးများနေထိုင်သည့် တောင်ပေါ် ကျေးရွာတစ်ရွာကို အိန္ဒိယနိုင်ငံဘက်အခြေစိုက် လက်နက်ကိုင်တပ်ဖွဲ့က မေလ ၁၂ ရက်တွင် ဝင်ရောက်မီးရှို့ခဲ့ရာ ရွာထက်ဝက်နီးပါး ပြာကျခဲ့ကြောင်း ဒေသခံများထံက သိရသည်။ 

စစ်ကိုင်းတိုင်း အထက်ပိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်ရှိ အိမ်ခြေ ၂၀ ကျော်ရှိသည့် မော်နွမ်း (Molnol) ရွာကို ထိုနေ့ မွန်းလွဲ ၃ နာရီ ဝန်းကျင်တွင် အိန္ဒိယဘက် အခြေစိုက် လက်နက်ကိုင်တပ်တစ်ခု ဖြစ်သည့် နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ NSCN (IM)က ဝင်ရောက်မီးရှို့ခဲ့ရာ အိမ်ခြေ ၁၃ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။ 

“ အဓိက အကြောင်းရင်းကတော့ တိုက်ပွဲဘာညာလည်းမရှိဘူး။ ဘာပြဿနာမှမရှိဘူး။ ဟိုဘက်မှာ ရှိတဲ့ လူမျိုးရေးပြဿနာကို အကြောင်းပြုပြီးလာလုပ်တယ်လို့ပြောလို့ရပါတယ်”ဟု ကူကီးလူငယ်ကွန်ရက် KYN (Kuki Youth Network) မှ တာဝန်ရှိသူ ဦးဂျိုးဇက်က ပြောသည်။ 

အိန္ဒိယအရှေ့မြောက်ခြမ်းနှင့် မြန်မာနိုင်ငံဘက်ခြမ်းရှိ နာဂတိုင်းရင်းသားများနေထိုင်သည့် ဒေသများကို စုပေါင်းပြီး နာဂနိုင်ငံထူထောင်ရန် ရည်ရွယ်ချက်ဖြင့် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN) ကို ၁၉၈၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ ထို့နောက် ၁၉၈၈ ခုနှစ်တွင် အဖွဲ့တွင်း သဘောထားကွဲလွဲမှုများကြောင့် NSCN – IM (အိုက်ဇက်ရှီချီဇူ/ ဗွီးဗာ) နှင့် NSCN- K (ကပ္ပလန်) အဖြစ်အဖွဲ့ကွဲသွားသည်။ NSCN – Kအဖွဲ့သည် မြန်မာပြည်ဘက်တွင် အခြေစိုက်လှုပ်ရှားပြီး NSCN (IM) အဖွဲ့သည် အိန္ဒိယနိုင်ငံဘက်တွင် အခြေစိုက်လှုပ်ရှားနေသည်။ 

ပြီးခဲ့သည့်လပိုင်းက အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ Ukhul ခရိုင်၊ Litan ကျေးရွာတွင် ဖြစ်ပျက်ခဲ့သည့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ခိုက်ရန်ဖြစ်ပွားမှုတစ်ခုမှ စတင်ခဲ့သည့် ကူကီးနှင့် နာဂလူမျိုးကြား ပွတ်တိုက်မှုတွင် အခြေခံပြီး မြန်မာပြည်ဘက်ခြမ်းရှိ ကူကီးကျေးရွာအား ပစ်မှတ်ထား လုပ်ဆောင်ခြင်းဖြစ်ကြောင်း ကူကီးအမျိုးသမီးများဆိုင်ရာလူ့အခွင့်အရေးအစည်းရုံး(KWHRO)က မေလ ၁၃ ရက်နေ့တွင် ထုတ်ပြန်သည်။ 

အထက်ပါ မီးရှို့မှုကြောင့် မော်နွမ်းရွာဒေသခံများ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်ခဲ့ရပြီးနောက် လက်ရှိတွင် ရွာခံအချို့မှာ ကျန်ရစ်သည့် အိမ်အချို့၌ စုပေါင်းနေထိုင်နေရကြောင်း ဦးဂျိုးဇက်က ပြောသည်။ 

“အဲ့ဒီရွာသားတွေက ဖြစ်တဲ့အချိန်မှာ တောထဲထွက်ပြေးတယ်။ တချို့ကအိန္ဒိယဘက်ခြမ်းမှာ နယ်စပ်နားမှာ ရှိတဲ့ရွာတွေကိုထွက်ပြေးကြတယ်။ ပြီးတော့ ညနေပိုင်းကျမှ မီးရှို့တဲ့အဖွဲ့တွေ ပြန်သွားပြီလို့ ယူဆမှ သူတို့ရွာကိုပြန်တယ်။ သူတို့အိမ်တွေကိုသွားကြည့်တယ်။ သွားကြည့်ရင်းနဲ့မှ ပြာကျကုန်ပြီဆိုတာ မြင်ရတယ်။ လက်ကျန်အိမ်လေးတွေမှာစုပြီးမှ ဒုက္ခသည်တွေလိုနေရတဲ့အနေအထား”ဟု ၎င်းက ဆိုသည်။  

ကူကီးနှင့် နာဂလူမျိုးများသည် အိန္ဒိယ- မြန်မာနယ်စပ်တွင် အတူတကွယှဉ်တွဲနေထိုင်ကြကာ နေ့စဉ်ကူးလူး ဆက်သွယ်မှုများရှိနေပြီး ယခုကဲ့သို့ မော်နွမ်းရွာအား ဝင်ရောက်မီးရှို့သည့်လုပ်ရပ်မှာ ဒေသတွင်း တည်ငြိမ်မှုကို ပျက်ပြားစေပြီး လူမျိုးရေး ပဋိပက္ခဖြစ်စေရန် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်သည့်အတွက် အပြင်းအထန် ရှုတ်ချကြောင်း KWHRO က ဆိုသည်။ 

၁၉၃၀ ကျော်နှစ်များတွင် ကူကီးနှင့် နာဂ လူမျိုးရေးပဋိပက္ခများတွင် မော်နွမ်းရွာ မီးရှို့ခံရပြီးနောက် ယခု နယ်စပ်ကျောက်တိုင် အမှတ် (၁၁၃) အနီးတွင် လက်ရှိ မော်နွမ်းရွာကိုအသစ်ပြန်တည်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button