အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ အမှတ် (၉၇၀၆) တပ်ရင်းမှ သေနတ် ၁၂ လက်ထက်မနည်းကို တမူးခရိုင်ကွပ်ကဲရေးရုံးမှ ရှစ်လနီးပါးကြာ သိမ်းဆည်းထားပြီး လက်ရှိအချိန်အထိ ပြန်မရသေးသည့်အပေါ် ဖြေရှင်းပေးရန် အဆိုပါတပ်ရင်းက တောင်းဆိုလိုက်သည်။
ဝက်လက်မြို့အခြေစိုက် လှုပ်ရှားသည့် ထိုတပ်ရင်းမှာ တိုက်ပွဲများ၌ အသုံးပြုခဲ့စဉ် ပျက်စီးသွား သည့် လက်နက်များအား ပြုပြင်မွမ်းမံရန် တပ်ထောက်အရာရှိ၊ ဘဏ္ဍာရေး တာဝန်ခံအပါအဝင် တပ်ဖွဲ့ဝင် ခြောက်ဦးတို့မှာ တပ်ရင်းခွင့်ပြုချက်ဖြင့် ယမန်နှစ် စက်တင်ဘာလကုန်က တမူးမြို့သို့ သွားရောက်စဉ် တမူးခရိုင်ကွပ်ကဲရေးရုံးက ဖမ်းဆီးလိုက်ပြီး လက်နက်များပါသိမ်းဆည်းလိုကခြင်းဟု ဆိုသည်။
တပ်ဖွဲ့ဝင် ခြောက်ဦးအား သီတင်းပတ် သုံးပတ်နီးပါး ဖမ်းဆီးထိန်းသိမ်းပြီးနောက် ပြန်လွှတ်ပေးခဲ့ သော်လည်း လက်နက်မှောင်ခို လုပ်သည်ဟု စွပ်စွဲချက်ဖြင့် ယခုလ ဒုတိယပတ်အထိ လက်နက်များ ပြန်မပေးကြောင်း အမှတ် (၉၇၀၆) တပ်ရင်းမှ တပ်ရင်းမှူး ကိုလကျာ်က ပြောသည်။
“ အဓိကကျွန်တော်တို့ သိရသလောက်တော့ လက်နက်မှောင်ခိုသဘောမျိုး ပုံစံမျိုး ကျွန်တော်တို့ကို ပြောတယ်။ ပြောပြီးတော့အပြီးပိုင်သိမ်းတယ်။ ဘာကြောင့်နဲ့မှ ပြန်မပေးနိုင်ဘူးဆိုတဲ့ သဘောမျိုး ပြောတယ်။ ပြောပြီးတော့ သူတို့အချင်းချင်းခွဲဝေယူတယ်လို့သိရတယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့ တရားမျှတမှုလိုချင်တာ”
အဆိုပါ လက်နက်များမှာ “ ၁၀၂၇ စစ်ဆင်ရေး” အပိုင်း (၁)နှင့် အပိုင်း (၂) တို့တွင် ရှမ်းမြောက်ဒေသ၌ တပ်ဖွဲ့အနေဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ခွဲတမ်းအနေဖြင့် ရရှိထားသည့်လက်နက်များဖြစ်သည်ဟု ရွှေဘိုခရိုင် အမှတ် (၉၇၀၆) တပ်ရင်းက ဆိုသည်။
သိမ်းဆည်းခံရသည့်လက်နက်များတွင် MA – 10, MA- 1, BA – 63, BA – 73, MA- 13 , BA-94, MA – 12, MA – 2, BA – 72, MA – 1, M4 – 16 စသည့် လက်နက်များပါဝင်ကြောင်း ထိုတပ်ဖွဲ့ထံက သိရသည်။
ထို့နောက် ရှမ်းမန်းစစ်ဆင်ရေးအပြန် ခရိုင်တပ်ရင်းများနှင့်ပူးပေါင်းပြီး ဧရာဝတီမြစ်အရှေ့ဘက်ကမ်းရှိ စစ်တပ်အခြေစိုက်စခန်းများ၊ ပျူစောထီးရွာစခန်းတို့ကို ၂၀၂၅ ခုနှစ် ဇူလိုင်လဆန်းတွင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ စစ်တပ်က အထိနာခဲ့သည့်နည်းတူ ဖျက်ကျည်မိခြင်း၊ ဂျမ်းဖြစ်ခြင်း စသည်တို့ကြောင့် လက်နက်ပျက်စီးမှုများရှိခဲ့ကြောင်း ၎အမှတ် (၉၇၀၆) တပ်ရင်းမှူးက ပြောသည်။
ထို့နောက် ဒေသတွင်းမှာလည်း စစ်တပ်ထိုးစစ်များအရှိန်မြှင့်လာရာ စစ်ကြောင်းရန်ကာကွယ်ရန် လက်နက်ခဲယမ်းများ ပြင်ဆင်ရန် ကြိုးပမ်းချိန် ယခုကဲ့သို့ ကြုံတွေ့ရခြင်းဖြစ်သည်ဟု ဆိုသည်။
“ဝန်ကြီးဌာနကလည်း ချပေးတာ တစ်လက်မှမရှိဘူး။ ဒီပျက်တဲ့သေနတ်တွေကိုလည်း ချိန်းပေးတာ မရှိဘူး။ ကိုယ်နည်းကိုယ့်ဟန်နဲ့ရင်ဆိုင်နေရတယ်။ အောက်ခြေမှာ ပျက်နေတာတွေလည်းအများကြီး ရှိတယ်။ ဒီဟာတွေလည်း ဒီအတိုင်းထားလို့မရဘူး။ ကောင်းတဲ့ဟာနဲ့ Change (လဲ) ဖို့ စီစဉ်ရင်းကနေ အဲ့လိုဖြစ်သွားတာ”ဟု တပ်ရင်းမှူး ကိုလကျာ်ကပြောသည်။
တမူးခရိုင်ကွပ်ကဲရေးရုံးမှ လက်နက်များ ထိန်းသိမ်းထားသည့်အခြေအနေနှင့်ပတ်သက်ပြီး ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ရုံးချုပ်တို့ကို အကြိမ်ကြိမ်ဆက်သွယ် တင်ပြထားသော် လည်း အတတ်နိုင်ဆုံး ညှိနှိုင်းဆောင်ရွက်ပေးနေသည်ဟုသာ တုံ့ပြန်ကြောင်း ၎င်းကဆက်ပြောသည်။
“ကျွန်တော်တို့က တိတိကျကျသိချင်တာ။ စစ်ရုံးချုပ်ကိုလည်းတိတိကျကျ ကိုင်တွယ်စေချင်တာ။ ဒီခဲယမ်းတွေ သိမ်းလိုက်တယ်ဆိုရင်လည်း ဒါသည် စစ်ရုံးချုပ်က သိမ်းလိုက်တယ်။ စစ်ရုံးချုပ်ပဲဖြစ်ဖြစ် ၊ တိုင်းပဲဖြစ်ဖြစ် သုံးစွဲတယ်ဆိုရင်လက်ခံလို့ရသေးတယ်။ အဲ့ဒီလိုမျိုးမဟုတ်ဘဲနဲ့ အောက်ခြေမှာပဲ သိမ်းပြီးတော့ မင်းကဒါယူ၊ ငါက ဒါယူဆိုတဲ့ပုံစံမျိုး ခွဲဝေယူကြတာကလည်း ပွင့်ပွင့်လင်းလင်းပြောရရင် တော်လှန်ရေးအတွက် ထိရောက်မှုမရှိဘူးဆိုရင် အဆင်မပြေဘူးဗျာ။ အကယ်၍ သိမ်းဆည်းပြီး ပြန်မပေးဘူးဆိုရင်တောင်မှ ဒီဟာတွေသည် တော်လှန်ရေးအတွက် တထောင့်တနေရာကနေ တိတိကျကျ ရှိနေတာဆို ကျွန်တော်တို့ကျေနပ်တယ်” ဟု ၎င်းကဆက်ပြောသည်။
ထိုကိစ္စကို ကိုင်တွယ်ဖြေရှင်းဆောင်ရွက်နေသည့် အခြေအနေနှင့်ပတ်သက်ပြီး အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ၊ ဒုတိယ အတွင်းဝန် ဦးမောင်မောင်ဆွေနှင့် ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ စစ်ရုံးချုပ်တို့ကို အွန်လိုင်းမှ ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပါ။
အမျိုးသားညီညွတ်ရေးအစိုးရ ၊ သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကမူ “MOD (ကာကွယ်ရေး ဝန်ကြီးဌာန)ဘက်ကို မေးထားပါတယ်” ဟု Myanmar Now ကို တုံ့ပြန်ဖြေကြားသည်။
ဝက်လက်မြို့နယ် အခြေစိုက် အမှတ် (၉၇၀၆ ) တပ်သည် တော်လှန်ရေးကာလအစောပိုင်းတွင် “ဒေါင်းနီ” အမည်ဖြင့် ဒေသခံကာကွယ်ရေးအဖွဲ့အဖြစ် ရပ်တည်လှုပ်ရှားခဲ့ပြီး ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှ စတင်၍ အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံ PDF တပ်ရင်း အဖြစ်ပြောင်းလဲခဲ့သည်။
ထိုတပ်ဖွဲ့သည် ပဒူစခန်းသိမ်းတိုက်ပွဲ၊ ရွှေပန်းကုံးစခန်းသိမ်းတိုက်ပွဲ၊ ၁၀၂၇ စစ်ဆင်ရေးတို့အပြင် စဉ့်ကူး မြို့နယ်နှင့် ရွှေဘိုမြို့နယ်အတွင်းရှိ ပျူစောထီးရွာများအား တိုက်ခိုက်ခဲ့သည့် Together We Can စစ်ဆင်ရေး၊ ရွာသာကြီးစခန်းသိမ်းတိုက်ပွဲတို့တွင်ပါဝင်ခဲ့သလို မြို့နယ်တွင်း စစ်ဆင်ရေးများတွင်လည်း ဆက်လက်တိုက်ခိုက်လျက်ရှီသော အဖွဲ့ဟု ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောကြသည်။
ဧရာဝတီမြစ်အနောက်ခြမ်း ဝက်လက်မြို့နယ်သည် တော်လှန်ရေးအင်အားစုများနယ်မြေစိုးမိုးမှု အားကောင်းရာဒေသဖြစ်ပြီး မကြာခဏ လေကြောင်းတိုက်ခိုက်မှုများအပြင် မြစ်ကြောင်းအနီးတဝိုက်နှင့် ဒေသတွင်းနယ်မြေစိုးမိုး မှုပြန်ရနိုင်ရန် စစ်တပ်က ကြိုးပမ်းနေသည်။



