အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ မေလ ၁၃ ရက်က စတင်ခဲ့တဲ့ တရုတ်နိုင်ငံ တရားဝင်ခရီးစဉ်ဟာ ဒီနေ့ မေလ ၁၅ ရက်မှာ ပြီးဆုံးခဲ့ပါတယ်။
ခရီးစဉ်အတွင်း သမ္မတရှီကျင့်ဖျင်နဲ့ ဒုတိယမြောက်နေ့ တွေ့ဆုံပွဲကိုတော့ ပေကျင်းမြို့က ကွန်မြူနစ်ပါတီရဲ့ ထိပ်တန်းခေါင်းဆောင်တွေ ရုံးစိုက်ရာ “ ကျုန့်နန်ဟိုင်” (Zhongnanhai) အိမ်ရာဝင်းကြီးတစ်ခုမှာ ပြုလုပ်ခဲ့ပါတယ်။
ဒီနေရာဟာ အမေရိကန်က အိမ်ဖြူတော်လိုပဲ တရုတ်ကွန်မြူနစ်ပါတီ ခေါင်းဆောင်တွေအတွက် အရေးပါတဲ့နေရာ ဖြစ်ပါတယ်။
ဧက ၁,၅၀၀ လောက် ကျယ်တဲ့ အဲဒီဝင်းကြီးထဲမှာ ဧက ၇၀၀ လောက်ရှိတဲ့ ရေကန်ကြီးတစ်ခုအပြင် အပန်းဖြေဆောင်တွေ၊ ပန်းခြံတွေနဲ့ ရုံးခန်းတွေ ရှိပါတယ်။
ရာစုနှစ်နဲ့ချီ သက်တမ်းရှိတဲ့ အုတ်နီတံတိုင်းကြီးတွေ ကာရံထားတဲ့ ဒီနေရာဟာ တရုတ်နိုင်ငံရဲ့ အလျှို့ဝှက်ဆုံးနဲ့ လုံခြုံရေးအတင်းကျပ်ဆုံး နေရာတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။
ဒီနေရာကို ရုရှားသမ္မတ ပူတင်လို အခြားနိုင်ငံက အကြီးအကဲ အချို့ကိုပဲ ခေါ်လာဖူးပြီး ဒီနေရာမှာ သံတမန်ရေးရာ အခမ်းအနားတွေ သိပ်မလုပ်ဖြစ်ဘူးလို့ ရှီကျင့်ဖျင်က ထရမ့်ကို ပြောပါတယ်။
သမ္မတနှစ်ဦးရဲ့ ဒီနေ့ တွေ့ဆုံပွဲပြီး သတင်းစာရှင်းလင်းပွဲမှာ အီရန်အရေးနဲ့ ပတ်သက်လို့ သူတို့နှစ်ဦးကြားမှာ “အမြင်ချင်း တူညီမှုတွေ အများကြီး ရှိကြောင်းနဲ့ အရမ်းကောင်းမွန်တဲ့ ကုန်သွယ်ရေး သဘောတူညီချက်တွေ ရခဲ့တယ်” လို့ ထရမ့်က ပြောခဲ့ပေမဲ့ တရုတ်သမ္မတကတော့ အီရန်စစ်ပွဲအကြောင်း တစ်လုံးမှ ထည့်မပြောသွားပါဘူး။
သမ္မတထရမ့်ရဲ့ အခုခရီးစဉ်ဟာ နှစ်နိုင်ငံကြား အပြုသဘောဆောင်တဲ့ မဟာဗျူဟာမြောက် ဆက်ဆံရေးအသစ်တစ်ခုကို တည်ဆောက်နိုင်ခဲ့ပြီး တကယ့်ကို မှတ်တိုင်တစ်ခုဖြစ်ခဲ့တယ်လို့ ရှီကျင့်ဖျင်က ဆိုပါတယ်။
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။



