ထိုင်းနိုင်ငံမှာ အလုပ်သွားရှာခဲ့တဲ့ အသက် ၂၉ နှစ်အရွယ် မြန်မာရွှေ့ပြောင်းလုပ်သား ကိုသားသားဟာ တရုတ်လုပ်ငန်းရှင် ၆ ဦးရဲ့ ရက်ရက်စက်စက် ညှဉ်းပမ်းနှိပ်စက်မှုကို ကြုံတွေ့ခဲ့ရပါတယ်။ ရေနွေးပူလောင်းတာ၊ သံတုတ်နဲ့ ရိုက်နှက်တာ၊ လက်သည်းဆွဲနှုတ်တာတွေကို ခံခဲ့ရပြီးနောက် ကံကောင်းထောက်မစွာ အသက်လုထွက်ပြေးလွတ်မြောက်နိုင်ခဲ့ပါတယ်။
မိသားစုစားဝတ်နေရေးအတွက် တိုင်းတပါးထွက် အလုပ်ရှာရင်း ဒီဖြစ်ရပ်ကို ကြုံခဲ့ရတဲ့ ကိုသားသားရဲ့ အမှုဟာ လူတဦးရဲ့ နစ်နာမှုထက် ပိုပြီး ရွှေ့ပြောင်းလုပ်သားတွေရဲ့ လုံခြုံရေး၊ အလုပ်သမားအခွင့်အရေးနဲ့ တရားမျှတမှုဆိုင်ရာ မေးခွန်းတွေကိုပါ ထုတ်ဖော်လာစေပါတယ်။
လက်ရှိမှာ ကျူးလွန်သူ တရုတ်နိုင်ငံသား ၆ ဦးကို ထိုင်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပြီး အဓိကသံသယရှိသူတဦးကတော့ နိုင်ငံအတွင်းမှ ထွက်ခွာသွားတယ်လို့ သိရပါတယ်။ ကိုသားသားနဲ့ အမှုကို ကူညီနေသူတွေကတော့ ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ဖို့နဲ့ တရားမျှတမှု ရရှိဖို့ မျှော်လင့်နေကြပါတယ်။
အောင်နိုင်၊ ကိုလှိုင်း / Myanmar Now
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။



