အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
မေးမြန်းခန်း

“လက်နက်ကိုင်အဖွဲ့တွေဟာ အနားသတ်စည်းဖြစ်တဲ့ စည်းမျဉ်းဥပဒေတွေကိုမကျော်ဖို့ လိုပါတယ်” – ဦးမောင်မောင် (လက်ထောက်စစ်ဥပဒေချုပ်၊ NUG စစ်ဥပဒေချုပ်ရုံး)

အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင်တော်လှန်ရန် စုဖွဲ့ထားသည့် အစုအဖွဲ့ထဲရှိ လက်နက်ကိုင်များအား ဥပဒေအရ ထိန်းကျောင်းရန်၊ လူထုအတွက်နှင့်တရားမျှတမှုများဖြစ်ပေါ်စေရန် တတ်ကျွမ်းထားသည့် ဥပဒေပညာဖြင့် ကူညီပေးနေသူ ရှေ့နေအမျိုးသားတစ်ဦး ရှိနေသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာနအောက်တွင် ချေမှုန်းရေးရိုင်ဖယ် ကိုင်ကာ စစ်တပ်ကို တိုက်ခိုက်နေသူများရှိသလို ဥပဒေပညာဖြင့် တော်လှန်နေသူများလည်း ရှိသည်။

ထိုသူများအနက် NUG စစ်ဥပဒေရုံးတွင် တာဝန်ထမ်းဆောင်နေသူအချို့လည်း ပါဝင်ကြသည်။

ယခုနှစ် ဖေဖော်ဝါရီလတွင် ပဲခူးတိုင်းအရှေ့ပိုင်း PDF စိုးမိုးနယ်မြေတစ်ခုတွင် NUG စစ်ဥပဒေချုပ်ရုံး၊ လက်ထောက်စစ်ဥပဒေချုပ်ဖြစ်သူ ဦးမောင်မောင်နှင့် Myanmar Now က တွေ့ဆုံခဲ့သည်။

အသက် ၆၃ နှစ်အရွယ် ဦးမောင်မောင်သည် တချိန်က တရားလွှတ်တော်ရှေ့နေတစ်ဦး ဖြစ်ခဲ့သော်လည်း စစ်တပ်အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း လက်နက်ကိုင်တော်လှန်ရေး၏ ဥပဒေရေးရာယန္တရားအတွင်း ပါဝင်လာသူတစ်ဦး ဖြစ်လာသည်။

၎င်းက NUG စစ်ဥပဒေချုပ်ရုံးလုပ်ငန်းတာဝန်များ၊ တော်လှန်ရေးအတွင်း စစ်ဥပဒေ၏ အခန်းကဏ္ဍနှင့် ရှေ့နေဘဝမှ တော်လှန်ရေးသမားဘဝသို့ ပြောင်းလဲလာခဲ့သည့် သူ၏ဘဝဖြတ်သန်းမှုများအား ပြောပြခဲ့သည်။

မေး ။ ။ ဆရာ့ရဲ့ နာမည်နဲ့ လက်ရှိ ယူထားတဲ့တာဝန်ကို အရင်ဆုံး သိပါရစေခင်ဗျာ။ 

ဖြေ။ ။ ကျွန်တော့်နာမည်က ဦးမောင်မောင် ပါ။ တော်လှန်ရေးထဲမှာတော့ ရဲဘော်မောင်မောင်လို့ ခေါ်ပါတယ်။ အရင်ကတော့ တရားလွှတ်တော်ရှေ့နေ တစ်ဦးဖြစ်ပြီး အခုတော့ NUG ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ရုံးချုပ်၊ စစ်ဥပဒေရုံးရဲ့ လက်ထောက်စစ်ဥပဒေချုပ်တာဝန် ထမ်းဆောင်နေပါတယ်။ အသက် ၆၃ နှစ် ရှိပါပြီ ။

မေး ။ ။ ဆရာ့ရဲ့ အာဏာမသိမ်းခင် အသက်မွေးဝမ်းကြောင်းနဲ့ ဖြတ်သန်းခဲ့တဲ့ ဘဝအကြောင်း ပြောပြပေးပါ။ 

ဖြေ ။ ။ ကျွန်တော်က အရပ်ဘက်မှာတော့ တရားလွှတ်တော်ရှေ့နေတစ်ဦးပါ ။ ဥပဒေလောကထဲမှာ နှစ်ပေါင်း ၃၀ နီးပါး ဖြတ်သန်းခဲ့တဲ့ အမှုလိုက်ရှေ့နေတစ်ယောက် ဖြစ်ပါတယ်။ နိုင်ငံရေးဘက်မှာတော့ ၁၉၈၈ ခုနှစ် ကတည်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)မှာ ပါဝင်ခဲ့တာပါ။ ၂၀၁၂ ခုနှစ် ပါတီပြန်လည် မှတ်ပုံတင်တဲ့ အချိန်မှာလည်း မြို့နယ်အဆင့် ပါတီတာဝန်တွေကို ထမ်းဆောင်ခဲ့ပြီး အာဏာမသိမ်းခင် မှာတော့ ကျွန်တော်နေထိုင်တဲ့ ပန်းဘဲတန်း မြို့နယ်ရဲ့ ပါတီဒုတိယဥက္ကဋ္ဌ တာဝန်ကို ယူခဲ့ပါတယ်။

မေး ။ ။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်အာဏာသိမ်းချိန်မှာ ဆရာ ဘယ်မှာ ရှိနေပြီး ဘာတွေလုပ်နေသလဲ။ 

ဖြေ ။ ။ အဲ့ဒီနေ့က ကျွန်တော် နေပြည်တော်မှာ ရောက်နေတာပါ။ ရွေးကောက်ပွဲမှာ NLD ပါတီက ကန့်ကွက်ခံထားရတဲ့ ကိုယ်စားလှယ်တွေရဲ့ အမှုအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) မှာ ရုံးချိန်းရှိလို့ ဟိုတယ်တစ်ခုမှာ Quarantine (ကိုဗစ်ကပ်ရောဂါကာလ သီးသန့်နေထိုင်ခြင်း) ဝင်နေတာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၁ ရက်နေ့က Quarantine ကနေ ထွက်ခွင့်ရမယ့်နေ့လည်း ဖြစ်ပါတယ်။ အာဏာသိမ်းမှုဖြစ်တော့ သူတို့က ၂၀၀၈ ဖွဲ့စည်းပုံကို အလွဲသုံးစားလုပ်ပြီး အာဏာကို ပြန်လည်ရယူချင်လို့ လုပ်တယ်လို့ပဲ ကျွန်တော် ယူဆပါတယ် ။

မေး ။ ။ အာဏာသိမ်းပြီးနောက်ပိုင်း ဆရာ ဘာတွေ ဆက်လုပ်ခဲ့သလဲ။ 

ဖြေ ။ ။ ဖေဖော်ဝါရီ ၂ ရက်နေ့မှာပဲ တိုက်ပုံအနက်ဝတ်၊ အဝါရောင်ဖဲကြိုး တပ်ပြီး UEC ရုံးကို ရုံးချိန်း အတွက် သွားခဲ့ပါတယ်။ ရုံးတွေအားလုံး ပိတ်ထားလို့ ရောက်ရှိကြောင်း မှတ်တမ်းပဲ တင်ခဲ့ရပါတယ် ။ အဲ့ဒီနောက် ဖေဖော်ဝါရီ ၄ ရက်နေ့မှာ ရန်ကုန်ပြန်လာပြီး ရန်ကုန်က ရှေ့နေတွေစုပေါင်းပြီး လမ်းပေါ်ထွက် ဆန္ဒပြတဲ့ လှုပ်ရှားမှုတွေမှာ ရှေ့ဆုံးက ပါဝင်ခဲ့ပါတယ်။ လူထုက ကျွန်တော်တို့ ရှေ့နေဝတ်စုံနဲ့ ထွက်လာတာကို မြင်တော့ တော်တော်လေး အားတက်ကြတာကို တွေ့ခဲ့ရတယ်။

မေး ။ ။ ငြိမ်းချမ်းစွာ ဆန္ဒပြနေရာကနေ ဘာကြောင့် လက်နက်ကိုင်တော်လှန်ရေးနယ်မြေကို သွားရောက်ဖို့ ဆုံးဖြတ်ခဲ့တာလဲ။ 

ဖြေ ။ ။ စစ်တပ်က လက်နက်မဲ့ပြည်သူတွေကို အင်အားသုံး ဖြိုခွင်းလာတယ်။ အဓိကအချိုးအကွေ့ ကတော့ ၂၀၂၁ ခုနှစ် မတ်လ ၆ ရက်နေ့မှာ ကျွန်တော့်ရဲ့ ပန်းဘဲတန်းမြို့နယ် NLD ပါတီ ဥက္ကဋ္ဌဖြစ်သူ ဦးခင်မောင်လတ်ကို စစ်တပ်က လာဖမ်းသွားတယ်။ နောက်တစ်နေ့ မတ်လ ၇ ရက်နေ့ မနက်မှာပဲ အလောင်း လာထုတ်ဖို့ အကြောင်းကြားလာတယ်။ အကောင်းတိုင်း ဖမ်းသွားပြီး မနက်ကျတော့ အလောင်းပြန်ရတဲ့ ဒီလိုမတော်မတရားမှုတွေ၊ ရက်စက်မှုတွေက ကျွန်တော်တို့ကို ဒီစနစ်ဆိုးနဲ့ ပတ်သက်ပြီး မြန်မာ့မြေပေါ်ကနေ အမြစ်ပြတ်ဖယ်ရှားဖို့ တွန်းပို့လိုက်တာပါ။

နောက်ပြီး ကျွန်တော်တို့ထက်ငယ်တဲ့ Generation Z လူငယ်တွေရဲ့ ရွှေရောင်အိမ်မက်တွေ အလုခံရတာကို ပြန်ရစေချင်တဲ့ စိတ်နဲ့ ၂၀၂၁ ခုနှစ် ဧပြီလလောက်မှာ လွတ်မြောက်နယ်မြေကို ထွက်လာခဲ့တာ ဖြစ်ပါတယ်။

မေး ။ ။ ဆရာ့အနေနဲ့ တော်လှန်ရေးထဲဝင်ဖို့ အဓိကတွန်းအားဖြစ်စေခဲ့တဲ့ ဦးခင်မောင်လတ်  (ပန်းဘဲတန်းမြို့နယ် အမှတ် ၇ ရပ်ကွက် NLD ရပ်ကျေး ဥက္ကဋ္ဌ) အကြောင်းလည်း ပြောပြပေးပါဦး။ 

ဖြေ ။ ။ ကိုခင်မောင်လတ်က ကျွန်တော်တို့နဲ့ တစ်ရပ်ကွက်တည်းသား၊ အိမ်နီးချင်းလည်းဖြစ်သလို  ပန်းဘဲတန်းမြို့နယ် အမှတ် ၇ ရပ်ကွက် NLD ရပ်ကျေး ဥက္ကဋ္ဌတစ်ယောက်လည်း ဖြစ်ပါတယ်။ သူက နိုင်ငံရေးထက်ရပ်ရေးရွာရေးနဲ့ ပြည်သူ့အကျိုးပြု လုပ်ငန်းတွေကို ပိုပြီး စိတ်အားထက်သန်စွာ လုပ်တတ်တဲ့သူပါ။ ကျွန်တော်တို့ မြို့နယ်မှာရှိတဲ့ နောက်ဖေးလမ်းကြား စီမံချက်တွေကို သူကိုယ်တိုင် မြေပြင်မှာ အင်တိုက်အားတိုက် ဦးဆောင်ခဲ့သူတစ်ဦးဖြစ်ပါတယ် ။

ဦးခင်မောင်လတ်၏ ရုပ်အလောင်းအား မိသားစုဝင်များက ၂၀၂၁ ခုနှစ် မတ်လ ၇ ရက်နေ့ နံနက်ပိုင်း၌ လာရောက်ကြည့်ရှုနေစဉ်။ (ဓာတ်ပုံ- Ma May Facebook)

မေး ။ ။ သူ့ရဲ့ ဖြစ်စဉ်က ဘယ်လိုမျိုး ဖြစ်ခဲ့တာလဲ။ 

ဖြေ ။ ။ ၂၀၂၁ ခုနှစ် မတ်လ ၆ ရက်နေ့မှာ စစ်တပ်က ကျွန်တော်တို့ကို လာဖမ်းတဲ့အချိန်မှာ ကျွန်တော်တို့က အပြင်မှာ ရှောင်နေလို့ မပါသွားဘူး။ အဲ့ဒီမှာ ကိုခင်မောင်လတ်ကို ဖမ်းသွားတယ်။ အဲ့ဒီနေ့ညမှာပဲ ဖမ်းသွားပြီး နောက်တစ်နေ့ မတ်လ ၇ ရက် မနက်မှာပဲ အလောင်းလာထုတ်ပါ ဆိုပြီး ဖုန်းဆက် အကြောင်းကြားလာတယ် ။ အကောင်းတိုင်း ဖမ်းသွားပြီး မနက်ကျတော့ အလောင်း ပြန်ပေးတဲ့ ဒီလိုမတော်မတရားမှုက ကျွန်တော့်ကို ဒီစနစ်ဆိုးနဲ့ပတ်သက်ပြီး အမြစ်ပြတ် တိုက်ထုတ်ရမယ်ဆိုတဲ့ စိတ်ကို အကြီးအကျယ် ဖြစ်စေခဲ့ပါတယ်။

. ပန်းဘဲတန်း NLD ရပ်ကျေးဥက္ကဋ္ဌ၏အလောင်း လာထုတ်ရန် မိသားစုကို အကြောင်းကြား

မေး ။ ။ တော်လှန်ရေးထဲရောက်ပြီးနောက် ဥပဒေအလုပ်ကိုပဲ ဘာကြောင့် ရွေးချယ်ဖြစ်ခဲ့တာလဲ။ 

ဖြေ ။ ။ ကျွန်တော့်အသက်က အခု ၆၃ နှစ် ရှိပါပြီ။ တောထဲရောက်စက ၅၈ နှစ်ပေါ့။ ဒီအသက်အရွယ်နဲ့ လူငယ်တွေလို ရှေ့တန်းမှာ တွန်းတွန်းတိုက်တိုက် မလုပ်နိုင်ပေမယ့် ကိုယ်တတ်ကျွမ်းတဲ့ ဥပဒေပညာနဲ့ တော်လှန်ရေးမှာ တာဝန်ထမ်းဖို့ ရွေးချယ်ခဲ့တာပါ။ လက်နက်ကိုင်ထားတဲ့ အဖွဲ့အစည်းတွေမှာ စည်းကမ်းနဲ့ ကျင့်ဝတ် (Code of Conduct) ရှိဖို့က အလွန်အရေးကြီးပါတယ်။ ဒါမှသာ စစ်တပ်အစစ်အမှန် ဖြစ်မှာပါ။ ဒါကြောင့် စစ်ဥပဒေချုပ်ရုံးမှာ တာဝန်ယူပြီး တော်လှန်ရေးမှာ တစ်ဖက်တစ်လမ်းက ပါဝင်နေခြင်း ဖြစ်ပါတယ်။

မေး ။ ။ မြို့ပေါ်က တရားလွှတ်တော်ရှေ့နေဘဝနဲ့ အခု တောထဲက ရဲဘော်ဘဝ လူနေမှုပုံစံ ဘာတွေကွာခြားပါသလဲ။ 

ဖြေ ။ ။ အများကြီး ကွာခြားသွားတာပေါ့။ မြို့ပေါ်မှာတုန်းကတော့ အာရုံထွေပြားစရာတွေ အရမ်းများတယ် ။ တောထဲမှာတော့ ကိုယ့်အလုပ် (ဥပဒေအလုပ်) ကိုပဲ အာရုံစိုက်လုပ်ရတယ်။ လေ့လာရတယ်။ ရဲဘော်တွေနဲ့ စကားပြောဖြစ်တယ်။ နောက်ပြီး လေကောင်းလေသန့် ရတာလည်း တောထဲရဲ့ အားသာချက်ပါ ။

မေး ။ ။ ကျန်းမာရေးနဲ့ အစားအသောက်ပိုင်းမှာရော ဘယ်လို ထူးခြားမှုရှိလဲ။ 

ဖြေ ။ ။ မြို့ပေါ်မှာတုန်းကတော့ ကျွန်တော်က ဆီးချို၊ သွေးတိုး စတဲ့ ရောဂါတွေအတွက် ပုံမှန်ဆေးသောက် နေရသူပါ ။ မြို့က အစားအသောက်တွေက ဓာတုဗေဒပစ္စည်းတွေနဲ့ မသန့်ရှင်းတာတွေများတယ်။ တောထဲမှာတော့ စားချင်တာ အစုံအလင် မရပေမယ့် သဘာဝအရွက်တွေကိုပဲ ပုံမှန်စားရတယ်။ အံ့သြဖို့ကောင်းတာက တောထဲရောက်ပြီးနောက်ပိုင်း ဆေးမသောက်ရဘဲ ကျော်ဖြတ်လာတာ နှစ်နှစ်ကျော် ရှိနေပါပြီ ။ စိတ်ပိုင်းဆိုင်ရာကလည်း ကိုယ့်ကိုယ်ကိုယ် ရှင်သန်အောင် လုပ်နေရတော့ ပိုပြီး ကျန်းမာလာသလို ခံစားရတယ် ။

မေး ။ ။ လုံခြုံရေးအရရော ဘယ်လို ကွာခြားချက်ရှိလဲ။ 

ဖြေ ။ ။ မြို့ပေါ်မှာကတော့ လေကြောင်းရန် မရှိပေမယ့် အချိန်မရွေး အိမ်တံခါးလာခေါက်ပြီး ဖမ်းခေါ်သွားနိုင်တဲ့ အန္တရာယ်ရှိတယ်။ ဘယ်သူမှ မလုံခြုံဘူး။ တောထဲမှာတော့ လက်နက်ကြီးနဲ့ လေကြောင်းရန် စိန်ခေါ်မှုတွေ ရှိပါတယ်။ လက်နက်ကြီးကျရင် မြေကြီးတုန်သွားတဲ့အထိ ကြောက်စရာကောင်းပေမယ့် ရဲဘော်တွေရဲ့ အကာအကွယ်တွေနဲ့အတူ ကျွန်တော်တို့     ကျော်ဖြတ်နေကြတာပါ။ ခြုံပြောရရင်တော့ တောထဲမှာက ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲပေမယ့် စိတ်ပိုင်းဆိုင်ရာမှာတော့ တော်လှန်ရေးအပေါ် ယုံကြည်ချက်နဲ့ ရှင်သန်နေကြတာပါ။

မေး။ ။ NUG ရဲ့ စစ်ဥပဒေရုံးကို ဘယ်အချိန်မှာ စတင်ဖွဲ့စည်းခဲ့တာလဲ။ ဘယ်လိုပုံစံနဲ့ စုဖွဲ့ထားသလဲ ဆိုတာ သိပါရစေ။ 

ဖြေ ။ ။ စစ်ဥပဒေရုံးကို ၂၀၂၁ ခုနှစ် စက်တင်ဘာလနဲ့ အောက်တိုဘာလ ဝန်းကျင်မှာ စစ်ရုံးချုပ်နဲ့ အတူ စတင်စုစည်းခဲ့တာဖြစ်ပါတယ် ။ စဖွဲ့တုန်းကတော့ ဥပဒေနားလည်တတ်ကျွမ်းတဲ့ အင်အားအနည်းငယ်နဲ့ပဲ စတင်ခဲ့ရတာပါ။ လက်ရှိမှာတော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စစ်ဥပဒေချုပ်ရုံးအောက်မှာ စစ်တိုင်းစစ်ဥပဒေရုံးတွေ၊ ဗျူဟာနဲ့ ခရိုင်စစ်ဥပဒေရုံးတွေကို အဆင့်ဆင့် တိုးချဲ့ ဖွဲ့စည်းနေပါတယ်။ ကျွန်တော်တို့ရုံးက NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စစ်ရုံးချုပ်ကို အဓိက တာဝန်ခံရပါတယ်။

မေး ။ ။ စစ်ဥပဒေရုံးအနေနဲ့ လက်ရှိမှာ ဘယ်လို တာဝန်တွေကို ထမ်းဆောင်နေပါသလဲ။ 

ဖြေ ။ ။ အဓိက လုပ်ငန်းစဉ်ကြီး သုံးခု ရှိတယ်လို့ ပြောလို့ရပါတယ်။(၁) ဥပဒေ၊ အမိန့်နဲ့ ညွှန်ကြားချက်များ ရေးဆွဲခြင်း- NUG အစိုးရဟာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၃၁ ရက် မတိုင်ခင်အထိ ရှိခဲ့တဲ့ တည်ဆဲဥပဒေ တွေကို လက်ခံပါတယ်။ အထူးသဖြင့် ၁၉၅၉ ခုနှစ် တပ်မတော်အက်ဥပဒေကို အခြေခံပြီး မြေပြင် တော်လှန်ရေး အခြေအနေနဲ့ ကိုက်ညီမယ့် လုပ်ထုံးလုပ်နည်းတွေ၊ အမိန့်နဲ့ ညွှန်ကြားချက်တွေကို ရေးဆွဲပြီး စစ်ရုံးချုပ်ကို တင်ပြရပါတယ် ။

(၂) ဥပဒေအကြံပေးခြင်းနှင့် တရားစီရင်ရေး – ဒီဟာကတော့ တပ်ဖွဲ့ဝင်တွေနဲ့ ပတ်သက်တဲ့ ပြစ်မှုတွေ ပေါ်ပေါက်လာတဲ့အခါ စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့နဲ့ ဘယ်ဥပဒေပုဒ်မတွေနဲ့ အရေးယူသင့်တယ် ဆိုတာကို ဥပဒေအကြံပေး (Legal Advice) ပေးရပါတယ် ။ စစ်ဆေးမှုတွေကိုတော့ မြေပြင်မှာဖြစ်စေ၊ လုံခြုံရေးအရ အွန်လိုင်းကနေဖြစ်စေ ပေါင်းစပ်လုပ်ဆောင်ပါတယ်။

(၃) ဥပဒေအသိပညာပေးခြင်း (Awareness) – တပ်ရင်းတပ်ဖွဲ့တွေနဲ့ အခြေခံစစ်ပညာသင်တန်းတွေမှာ စစ်သည်တော်ကျင့်ဝတ် (COC) နဲ့ စစ်ဘက်ဆိုင်ရာ ဥပဒေတွေကို ရဲဘော်တွေ နားလည်အောင် ပို့ချပေးရပါတယ် ။

မေး ။ ။ စစ်ဥပဒေရုံးက တော်လှန်ရေးမှာ ဘယ်လောက်အထိ အရေးပါသလဲ။ 

ဖြေ ။ ။ လက်နက်ကိုင်ထားတဲ့ အဖွဲ့အစည်းတွေဟာ အနားသတ်စည်း (Boundary) ဖြစ်တဲ့ စည်းမျဉ်း ဥပဒေတွေကို မကျော်ဖို့ လိုပါတယ်။ အဲ့ဒီစည်းကို ကျော်သွားရင် ကျွန်တော်တို့ဟာ အကြမ်းဖက်အဖွဲ့အစည်း ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် PDF တွေဟာ စနစ်ကျတဲ့၊ ကျင့်ဝတ်ရှိတဲ့ တပ်မတော်တစ်ခု ဖြစ်အောင် ထိန်းကျောင်းပေးရတဲ့အတွက် စစ်ဥပဒေရုံးက အရေးပါတာပါ။

မေး။ ။ တော်လှန်ရေးတပ်ဖွဲ့တွေမှာ စည်းကမ်းနဲ့ ကျင့်ဝတ်တွေ ဘယ်လောက်အထိ အရေးပါတယ်လို့ ဆရာ ထင်ပါသလဲ။ 

ဖြေ ။ ။ လက်နက်ကိုင်ထားတဲ့ အဖွဲ့အစည်းမှာ အနားသတ်စည်းမျဉ်း (Boundary) လို့ခေါ်တဲ့ ကျင့်ဝတ်တွေ၊ အမိန့်တွေ မရှိရင် ဒါဟာ စစ်တပ်မဖြစ်တော့ဘဲ လက်နက်ကိုင်အဖွဲ့ပဲ ဖြစ်သွားလိမ့်မယ်။ ကျွန်တော်တို့ PDF တွေဟာ ၁၉၅၉ ခုနှစ် တပ်မတော်အက်ဥပဒေအပြင် နိုင်ငံတကာစံနှုန်းတွေဖြစ်တဲ့ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေ (International Humanitarian Law – IHL) နဲ့ စစ်သည်တော်ကျင့်ဝတ် (COC-Code of Conducts) တွေကို လိုက်နာရပါတယ် ။ အထူးသဖြင့် အမျိုးသမီး၊ ကလေးသူငယ်နဲ့ LGBT တွေအပေါ် ဘယ်လို ဆက်ဆံရမလဲဆိုတာအထိ ရဲဘော်တွေကို သင်တန်းပေးပြီး ထိန်းကျောင်းနေပါတယ်။

မေး ။ ။ တကယ်လို့ PDF ရဲဘော်တွေက ပြည်သူအပေါ် မတော်မတရား လုပ်ခဲ့ရင် ပြည်သူတွေအနေနဲ့ ဘယ်လို တိုင်ကြားနိုင်မလဲ။ 

ဖြေ ။ ။ ပြည်သူတွေအနေနဲ့ နစ်နာမှုရှိရင် သက်ဆိုင်ရာ စိုးမိုးနယ်မြေက တပ်ပိုင်းဆိုင်ရာ တာဝန်ရှိသူတွေကို တိုင်ကြားနိုင်ပါတယ်။ အကယ်၍ မြေပြင်မှာ ဖြေရှင်းပေးတာကို စိတ်တိုင်းမကျဘူးဆိုရင် ကာကွယ်ရေးဝန်ကြီးဌာနက ဖွဲ့စည်းထားတဲ့ တိုင်ကြားမှုများဆိုင်ရာ ကော်မတီကို တိုက်ရိုက်ဆက်သွယ် တိုင်ကြားနိုင်ပါတယ်။ ကျွန်တော်တို့ဘက်က အချက်အလက်ခိုင်လုံရင် စနစ်တကျ စုံစမ်းစစ်ဆေးပြီး ဥပဒေနဲ့အညီ အရေးယူမှုတွေ လုပ်ဆောင်ပါတယ် ။

မေး ။ ။ စစ်တပ် အာဏာသိမ်းတဲ့အခါ ဥပဒေကို ဘယ်လိုအကြောင်းပြချက်တွေနဲ့ အသုံးချခဲ့တယ်လို့ ဆရာ မြင်ပါသလဲ။

ဖြေ ။ ။ သူတို့က အရေးပေါ်ကာလ ပြဋ္ဌာန်းချက်တွေကို အကြောင်းပြတယ်။ နောက်ပြီး မဲမသမာမှု ဖြစ်တယ်ဆိုတာကို အဓိက ထောက်ပြတယ်။ တကယ်တော့ အရေးပေါ်ကာလ ပြဋ္ဌာန်းချက်မှာ “အာဏာ ထိန်းတယ်” ဆိုတဲ့ စကားလုံး တစ်လုံးမှ မပါပါဘူး။  နိုင်ငံရဲ့ အချုပ်အခြာအာဏာကို အဓမ္မနည်းနဲ့ ထိပါးတဲ့ အခြေအနေမျိုးဖြစ်မှသာ သမ္မတက၊ ကာလုံ (ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ) ကို ခေါ်ပြီး ကျင့်သုံးရမယ့် ဥပဒေဖြစ်ပါတယ် ။

သူတို့က ဥပဒေရဲ့ ဟိုနားတစ၊ ဒီနားတစကို ဆွဲထုတ်ပြီး သူတို့လက်လွှတ် ဆုံးရှုံးရတော့မယ့် အာဏာပါဝါတွေ ကို ပြန်ဆယ်ချင်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်ခဲ့တာပါ။ ဒါကြောင့် ဒါဟာ ဥပဒေနဲ့ မညီဘူးလို့ပဲ ပြောရမှာပါ။

မေး ။ ။ မြန်မာ စစ်တပ်အတွင်းမှာ တရားစီရင်ရေးစနစ်နဲ့ ပတ်သက်ပြီးတော့ရော ဥပဒေကို ဘယ်လို ကျင့်သုံးနေတယ်လို့ ဆရာ သိထားသလဲ။

ဖြေ ။ ။ အရင် ၂၀၁၀ မတိုင်ခင်တုန်းကတော့ စစ်တရားရုံးက ချတဲ့ အမိန့်တွေကို မကျေနပ်ရင် အယူခံအဆင့်ဆင့် တက်ပြီးတော့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်အထိ တက်ခွင့်ပေးခဲ့တဲ့ အခွင့်အရေးမျိုး ရှိခဲ့ဖူးတယ်။ အဲ့ဒီတုန်းက ဥပဒေနဲ့အညီ တာဝန်ထမ်းဆောင်ရင်း ဖြစ်သွားတဲ့ အမှားမျိုးဆိုရင် ပြန်လွတ်လာတာမျိုးတွေ ရှိခဲ့တယ် ။

ဒါပေမဲ့ အခုနောက်ပိုင်းမှာတော့ အားလုံးကို သူတို့တပ် အတွင်းထဲမှာပဲ ကြိတ်လုပ် ကြတော့တယ်။ အရပ်ဘက် တရားရုံးတွေကို ဘာမှ မရောက်တော့ဘူး။ ၂၀၀၈ ဖွဲ့စည်းပုံအရလည်း တပ်မတော်ရဲ့ အခန်းကဏ္ဍ အားလုံးကို ကာကွယ်ရေး ဦးစီးချုပ်ကပဲ ဆုံးဖြတ်တော့တာပါ ။ ဥပမာ- ရခိုင်က အမှုတစ်ခုမှာ ထောင်ချလိုက်ပြီး နောက်ရက်မှာပဲ တပ်ချုပ်အမိန့်နဲ့ ချက်ချင်း ပြန်လွှတ်ပေးလိုက်တာမျိုးတွေဟာ သူတို့ စိတ်ကြိုက် လုပ်နေတယ်ဆိုတာကို ပြနေတာပါ ။

မေး ။ ။ လက်ရှိ မြို့ပြတွေမှာရော စစ်တပ်က ဥပဒေကို ဘယ်လိုပုံစံနဲ့ ကျင့်သုံးနေတယ်လို့ ဆရာ ထင်ပါသလဲ။

ဖြေ ။ ။ အခုအချိန်မှာ ဥပဒေအရ ဘယ်သူမှ လုံခြုံတဲ့ အနေအထားမှာ မရှိပါဘူး။ မြို့ပေါ်မှာ လေကြောင်းရန် မရှိပေမယ့် မြေပြင်အန္တရာယ်က အမြဲရှိနေတယ်။ သူတို့က အချိန်မရွေး အိမ်တံခါး လာခေါက်ပြီး ကြိုက်တဲ့လူကို ဆွဲခေါ်သွားလို့ ရနေတယ်။ “ငါနဲ့ မတူရင် ငါ့ရန်သူ” ဆိုတဲ့ ပုံစံမျိုးနဲ့ တစ်နိုင်ငံလုံးမှာ ဥပဒေမဲ့ လုပ်ရပ်တွေကို ကျင့်သုံးနေတာပါ။ တရားရုံးတွေဟာလည်း စစ်အာဏာရှင်တွေရဲ့ အလိုကျအတိုင်း ခေါင်းညိတ်ပြီး လိုက်လုပ်ပေးနေရတဲ့ အခြေအနေမှာ ရှိနေပါတယ်။

မေး ။ ။ နောင်တချိန် တော်လှန်ရေး အောင်မြင်သွားတဲ့အခါ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးစနစ်ကို ဘယ်လိုမျိုး မြင်ချင်ပါသလဲ။ 

ဖြေ ။ ။ ကျွန်တော်တို့ဟာ အာဏာရှင်တွေရဲ့ အလိုကျ ခေါင်းညိတ်ရတဲ့ တရားစီရင်ရေးစနစ်ကို ရှင်းထုတ်ပစ်ရမှာပါ ။ အိန္ဒိယနိုင်ငံမှာလိုပဲ ပြည်သူတွေက တစ်ယောက်နဲ့တစ်ယောက် အဆင်မပြေရင် “မင်းနဲ့ ငါ တရားရုံးမှာ တွေ့မယ်” လို့ ယုံကြည်ချက်ရှိရှိ ပြောနိုင်တဲ့အထိ တရားရုံးကို ပြည်သူက ယုံကြည်မှု (Trust) ရှိလာစေချင်ပါတယ်။ နောက်ပြီး ပြည်သူ့ရဲ့ အချိန်တွေကို မလိုအပ်ဘဲ ခိုးယူနေတဲ့ ကြိုးနီ (Bureaucracy) စနစ်မျိုး မဟုတ်ဘဲ တရားမျှတမှုကို အမြန်ဆုံး ဖော်ဆောင်ပေးနိုင်တဲ့ စနစ်မျိုး ဖြစ်စေချင်ပါတယ်။

မေး ။ ။ လက်ရှိမှာ NUG စစ်ဥပဒေရုံးအနေနဲ့ ဘယ်လိုအခက်အခဲတွေ ကြုံတွေ့နေရပါသလဲ။ ရှေ့ဆက် ဘာတွေလုပ်ဖို့ ရှိပါသလဲ။ 

ဖြေ ။ ။ အဓိက စိန်ခေါ်မှုကတော့ လူသားအရင်းအမြစ် (Human Resource) ပါပဲ။ ဒါကြောင့် အလုပ်သင်အရာရှိငယ်လေးတွေ မွေးထုတ်ဖို့ ပြင်ဆင်နေပါတယ်။ ရှေ့လုပ်ငန်းစဉ်အနေနဲ့ကတော့            ၂၀၂၆ ခုနှစ်မှာ ဖွဲ့စည်းပုံ ပိုမိုကျစ်လျစ်လာဖို့၊ စစ်တိုင်း ၁၀ တိုင်းစလုံးမှာ စစ်ဥပဒေရုံးတွေ ပေါ်ပေါက်လာဖို့နဲ့ သင်တန်းတွေ ပိုမိုပေးနိုင်ဖို့ ရည်မှန်းထားပါတယ်။ မြေပြင်တပ်မှူးတွေ အလုပ်တာဝန်များနေချိန်မှာ ကျွန်တော်တို့ ဥပဒေရုံးတွေက ဘေးကနေ ကူညီပေးခြင်းအားဖြင့် ရဲဘော်တွေရဲ့ ကျင့်ဝတ်လိုက်နာမှု ပိုကောင်းလာအောင် လုပ်ဆောင်သွားမှာပါ။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button