စစ်ကိုင်းတိုင်း အထက်ပိုင်း ကချင်ပြည်နယ် ဝင်ပေါက်အနီးတွင်ရှိသည့် မော်လူးမြို့နှင့် အင်းတော်မြို့နယ်တို့တွင် မေလဆန်းပိုင်းမှစတင်၍ တိုက်ပွဲများပြင်းထန်နေပြီး မော်လူးနှင့် အင်းတော်မြို့ကြားလမ်းပိုင်းရှိ ကျေးရွာများမှ ထောင်နှင့်ချီသည့် ဒေသခံများ စစ်ရှောင်နေကြရကြောင်း ဒေသခံများနှင့် စစ်ရေးသတင်းရင်းမြစ်များထံက သိရသည်။
ဧပြီ လဆန်းမှစတင်၍ ကသာမြို့မှ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသည့် အာဏာသိမ်းစစ်တပ်က ဧပြီလ ၃၀ ရက်တွင် အင်းတော်မြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး မေလ ၅ ရက်တွင် မော်လူးမြို့တို့ကို ဆက်လက် သိမ်းပိုက်နိုင်ခဲ့သည်။
မေလ ၁၃ ရက်မှစတင်၍ စစ်တပ်က နယ်မြေရှင်းလင်းရန် အင်းတော်မြို့အနောက်ဘက်ကို စစ်ကြောင်းထိုးခဲ့ရာ တော်လှန်ရေးတပ်များက ခုခံတိုက်ခိုက်သောကြောင့် တိုက်ပွဲများ ပြင်းထန်နေခဲ့သည်။
မေလ ၂၂ ရက်တွင် ကချင်လွတ်လပ်ရေးတပ်(KIA)၊ အာရက္ခတပ်တော်(AA)နှင့် အမျိုးသားညီညွတ်ရေး အစိုးရ(NUG)တပ်များ ပူးပေါင်း၍ အင်းတော်နှင့် မော်လူးမြို့တို့ကိုဝင်ရောက်တိုက်ခိုက်ခဲ့မှုတွင် စစ်တပ်က ဗုံးကြဲခုခံနေပြီး ယနေ့အထိ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်ဟု KIA စစ်ရေးသတင်းရင်းမြစ် အမျိုးသားက ပြောသည်။
“အင်းတော်၊ မော်လူး၊ မော်ဟန်တကြောကတော့ တိုက်ပွဲက နေ့တိုင်းကိုဖြစ်နေတယ်။ မနေ့ကလည်းဖြစ်တယ်၊ ဒီနေ့လည်း ဖြစ်ဖို့ရာရှိတယ်။ တိုးလိုက် ဆုတ်လိုက်ပေါ့။ ကိုယ့်ဘက်က တိုးတဲ့အခါတိုး သူ့ဘက်က တိုးတဲ့အခါတိုး အဲဒီလို အဆင့်မှာရှိနေတယ်” ဟု အဆိုပါ အမျိုးသားက ပြောသည်။
တော်လှန်ရေးပူးပေါင်းတပ်များ၏ ထိုးစစ်ကြောင့် မေလ ၂၂ ရက်တိုက်ပွဲတွင် မော်လူးမြို့အနီးရှိ စီပိန်းရွာမှ အာဏာသိမ်းစစ်တပ်၏ စခန်းအချို့ကို သိမ်းပိုက်နိုင်ခဲ့သလို မော်လူးမြို့တွင်းနှင့် အင်းတော်မြို့တွင်းအထိ တိုက်ပွဲများပြင်းထန်ခဲ့သည်ဟု သိရသည်။
“အစောပိုင်းနှစ်ရက်တော့ မြို့တွင်းပဲ။ အခု ပြောက်ကျားပေါ့။ မြို့ပြင်မှာ ထွက်တိုက်လိုက် ဝင်တိုက်လိုက်နဲ့၊ နေရာအစုံတိုက်နေကြတာ။ ဒီနေ့ မော်ဟန် ရဲစခန်းဘက်ခြမ်းကိုလည်း ပစ်နေတယ်။ နေရာစုံပစ်နေကြတာ” ဟု အထက်ပါ KIA သတင်းရင်းမြစ်က ပြောသည်။
မေလ ၂၁ ရက်တွင် မိုးညှင်းမှ မော်လူးမြို့သို့ စစ်ကူပို့ရန် ထွက်ခွာလာသည့် အာဏာသိမ်းစစ်တပ်၏ စစ်ကားလေးစီးကို မော်လူးမြို့ မြောက်ဘက် ၁၀ မိုင်ခန့်အကွာ မော်ဟန်ကျေးရွာအနီးတွင် တော်လှန်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့သည်။ ယင်းတိုက်ခိုက်မှုကြောင့် စစ်တပ်ဘက်တွင် အကျအဆုံးများရှိခဲ့သည့်အပြင် စစ်ကားနှစ်စီးပျက်စီးပြီး ကျန်ကားနှစ်စီးမှာ မိုးညှင်းမြို့သို့ ပြန်လည် ဆုတ်ခွာသွားသည်ဟု သိရသည်။
တိုက်ပွဲအတွင်း အထိနာနေသည့် စစ်တပ်က မြို့နှစ်မြို့ကို လက်မလွှတ်ရရေးအတွက် နေ့စဉ် လေကြောင်းတိုက်ခိုက်မှုများကို ပြင်းပြင်းထန်ထန် ပြုလုပ်နေသည်ဟု တော်လှန်ရေးတပ်များထံက သိရသည်။
တိုက်ပွဲများကြောင့် ၂၆ မိုင်ခန့် ရှည်သည့် အင်းတော်-နန့်စီးအောင်လမ်းပိုင်းရှိ ရွှေဘို-မြစ်ကြီးနားလမ်းမကြီးပေါ်မှ ကျေးရွာများအားလုံးနီးပါးရှိ ထောင်နှင့်ချီသည့်ဒေသခံများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်ဟု ဒေသခံများက ပြောသည်။
“စစ်ရှောင်ကတော့ များတယ် အင်းတော်နဲ့ နန့်စီးအောင်ကြား ရွာတွေကတော့ အားလုံးရှောင်ထားကြရတာဖြစ်နေတယ်။ သူတို့ မော်လူးအစပ်နား မြောက်ဘက်ခြမ်း ဆုတ်ကြတဲ့အခါမှာ ညောင်ပင်သာဆိုတဲ့ ရွာကိုလည်း မီးရှို့သွားတယ်” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
မေလ ၂၃ ရက်တွင် မော်လူးမြို့ မြောက်ဘက်မိုင်အနည်းငယ်အကွာရှိ ညောင်ပင်သာရွာ၌ ခုခံနေသည့် စစ်တပ်က တော်လှန်ရေးတပ်များထိုးစစ်ဆင်မှုကြောင့် နောက်ဆုတ်ရာတွင် ရွာကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု အထက်ပါ ဒေသခံအမျိုးသားက ပြောသည်။
တစ်ရွာလုံးနီးပါး စစ်ရှောင်နေရသည့်အတွက် မီးလောင်ပျက်စီးမှု အခြေအနေကို အသေးစိတ်မသိရသေးဟု ဆိုသည်။
CDM ပြုလုပ်ထားပြီး လတ်တလော စစ်ရေးသုံးသပ်ချက်များကို ရေးသားနေသည့် ဗိုလ်ကြီးဇင်ယော်က အင်းတော်၊ မော်လူးမြို့တိုက်ပွဲများကို စစ်ကူပို့ရန် ကြိုးစားနေသည့် စစ်ကြောင်းများလည်း နေရာအနှံ့တွင် ကြားဖြတ်တိုက်ခိုက်ခံနေရသည်ဟု ဆိုသည်။
ထီးချိုင့်- ကသာ၊ အင်းတော်- မော်လူး- နန့်စီးအောင်စသည့် လမ်းကြောင်းများတွင် သွားလာနေသည့် စစ်တပ် စစ်ကြောင်းများလည်းတော်လှန်ရေးတပ်များ၏ တိုက်ခိုက်မှုကို ခံနေရပြီး အင်းတော်၊ မော်လူးမြို့နှစ်မြို့နှင့် အထက်ပါ လမ်းကြောင်းများကို ထိန်းချုပ်နိုင်ရန် နှစ်ဖက်လုံးက ကြိုးစားနေကြခြင်းဖြစ်သည်ဟု ဗိုလ်ကြီးဇင်ယော်က ပြောသည်။
“စစ်တပ်က မန္တလေး- မြစ်ကြီးနားလမ်းကြောင်းကို လိုချင်တယ်၊ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်ကို ဖြတ်တောက်လိုတဲ့အနေအထားပေါ့။ အခု နှစ်ဖက်လုံး ဖွင့်တိုက်နေကြတာ။ အင်းတော်၊ မော်လူးကို ရတဲ့ဘက်ကပဲ ကချင်ပြည်နယ်၊ စစ်ကိုင်း၊ မန္တလေး အဲဒီဆက်သွယ်ရေးလမ်းပိုင်းကို ကိုင်ထားနိုင်မှာ။ အဲဒီတော့ အင်းတော်၊ မော်လူးတိုက်ပွဲက လုံးဝကို အရေးပါလာတယ်” ဟု ဗိုလ်ကြီးဇင်ယော်က ပြောသည်။
တိုက်ပွဲစတင်ပြီး သုံးရက်အကြာ မေလ ၂၄ ရက်တွင် NUG လက်အောက်ရှိ အမှတ်(၁)စစ်ဒေသ ကသာခရိုင်ကွပ်ကဲရေးရုံးက အင်းတော်-နဘား၊ မော်လူး၊ နန့်စီးအောင် လမ်းပိုင်းကို ဒေသခံများအသုံးမပြုရန် ထုတ်ပြန်ခဲ့သည်။
တိုက်ပွဲများအတွင်း မော်လူးနှင့် အင်းတော်ကြား၊ မော်လူးနှင့် နန့်စီးအောင်လမ်းပိုင်းတွင်ခရီးသွားကားများစွာပိတ်မိနေဆဲဖြစ်သည်။
ယနေ့နံနက်တွင် မော်လူးမြို့မြောက်ဘက်ရှိ ကျေးရွာအချို့တွင် အာဏာသိမ်းစစ်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေသည်။
ပြည်သူ့စစ်မှုထမ်းအင်အားများဖြင့် အင်အားပြန်ကောင်းလာသည့် စစ်တပ်က မန္တလေးတိုင်းအတွင်းရှိ မြို့အချို့အား သိမ်းပိုက်ပြီးနောက် စစ်ကိုင်းတိုင်း အထက်ပိုင်းသို့ ရောက်ရှိလာကာ မော်လူးနှင့် အင်းတော်မြို့တို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး ရွှေဘို-မြစ်ကြီးနားလမ်းမကြီးကို ပြန်လည်ထိန်းချုပ်ရန် ကြိုးစားနေသည်။



