အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တနင်္သာရီမြို့နယ်တွင် စစ်တပ်၏လက်နက်ကြီးကြောင့် ၁ ဦး သေ၊ ၂ ဦး ဒဏ်ရာရ

ရွေးကောက်ပွဲပြီးကတည်းက စစ်ရေးပြင်းထန်နေသော တနင်္သာရီဒေသတွင် ယမန်နေ့က လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦးသေဆုံးကာ ငါးနှစ်အရွယ် ကလေးနှင့် လူငယ်တစ်ဦးတို့ ဒဏ်ရာရခဲ့သည်။

စစ်တပ်က စစ်ရေးအရှိန်မြှင့်နေသော တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်း ယမန်နေ့ (မေလ ၂၁ ရက်) ညနေတွင် လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၄၀ အရွယ် အမျိုးသား တစ်ဦးသေဆုံးပြီး၊ အသက်  ၂၀ အရွယ်အမျိုးသားနှင့် အသက် ငါးနှစ်အရွယ် မိန်းကလေးတစ်ဦးတို့ ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံတော်လှန်ရေး တပ်ဖွဲ့ဝင်များနှင့် ဒေသခံများထံက သိရသည်။ 

တနင်္သာရီမြို့နှင့် ခုနစ်မိုင်အကွာရှိ ညောင်ပင်ကွင်းရွာအခြေစိုက် အမှတ် (၅၆၁) ခြေမြန်တပ်ရင်း (ခမရ ၅၆၁) တပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များသည် ဘန့်လောလမ်းဆုံအနီး ကျွဲထိန်းကုန်းရွာ စာသင်ကျောင်းနောက်ဘက် နေအိမ်နှစ်လုံးကို ထိမှန်ပြီး တစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

မြိတ်ထားဝယ်ခရိုင်၊ ပြည်သူ့ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေး၏ သတင်းနှင့်ဓာတ်ပုံ ထုတ်ပြန်ချက်အရ သေဆုံးသူမှာ ဦးခေါင်းတွင် လက်နက်ကြီးအစ ထိမှန်ခဲ့ပြီး မိန်းကလေးငယ်၏ ခြေထောက်နှစ်ဖက်လုံးတွင် ဒဏ်ရာရပြီး ဘယ်ဖက်ခြေထောက် ခြေကျင်းဝတ်အနီး ပြတ်တောက်သွားဟန်ရှိသည်။ ကျန် အမျိုးသားမှာ ဘယ်ဖက်ပေါင်တွင် ထိခိုက်ဒဏ်ရာရရှိသည်ကို တွေ့မြင်ရသည်။ 

ထိုင်း-မြန်မာ နယ်စပ်ဒေသများကို နယ်မြေစိုးမိုးနိုင်ရန် တနင်္သာရီမြို့အနီး ညောင်ပင်ကွင်းရွာအခြေစိုက်            ခမရ ၅၆၁ တပ်ရှေ့တွင် တိုက်ခိုက်ရေးယာဉ်ငယ်များ (ဂျိုင်ရိုကော်ပတာ) များ ပျံသန်းနိုင်ရေး ပြေးလမ်း တည်ဆောက်နေသည်ဟု ဒေသခံများ ထံက သိရသည်။ 

ခမရ ၅၆၁ ရှေ့တွင် တည်ဆောက်မည့်စီမံကိန်း​ ဖော်ဆောင်နိုင်ရန် ဘန့်လော-ညောင်ပင်ကွင်းလမ်းကို အသုံးပြုပြီး စက်သုံးဆီနှင့် စက်ယန္တရားများကို စစ်တပ်က သယ်ယူနေရာ ထိုလမ်းတလျှောက် စစ်တပ်က အင်အား ၂၀၀ နီးပါးဖြင့် စစ်ကြောင်းထိုးနေသည်။ 

ထို့ကြောင့် အဆိုပါလမ်းပိုင်းတလျှောက်တွင် တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်တပ်စစ်ကြောင်းများကြား နေ့စဉ် ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု NUG လက်အောက်ခံ တနင်္သာမြို့နယ်အခြေစိုက် မြိတ်ခရိုင် အမှတ် (၃ ) တပ်ရင်း ပြန်ကြားရေး တာဝန်ခံက Myanmar Now ကို ပြောသည်။

 “ကျွဲထိန်းကုန်းမှာ ရဲဘော်တွေ မရှိဘူး။ ရွာသားတွေပဲ သီးသန့်နေတာ စာသင်ကျောင်းကို ဦးတည်ပြီး ပစ်တာ။ ညောင်ပင်ကွင်းရွာ အခြေစိုက်တဲ့ ခမရ  ၅၆၁ တပ်ကနေ ပစ်တာပါ”  ဟု ၎င်းက ပြောသည်။ 

ပြီးခဲ့သည့် မေလ ၁၄ ရက်တွင် ထိုလမ်းမပေါ်ရှိ ဗောဓိကမ်းတံတားမှ ညောင်ပင်ကွင်းရွာသို့ ဦးတည်လာသည့် စစ်တပ်၏ စက်ယန္တရားယာဉ်တန်းကို တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ငါးဦး သေဆုံးခဲ့သည်ဟု မြိတ်ခရိုင် အမှတ် (၂) တပ်ရင်းက ထုတ်ပြန်ထားသည်။ 

အဆိုပါ စီမံကိန်းကို မြန်မာသင်္ကြန်အပြီး ဧပြီလတွင် စတင်ခဲ့ခြင်းဖြစ်ပြီး စီမံကိန်း ဖော်ဆောင်နိုင်ရန် တပ်ရှေ့မျက်နှာစာရှိ ဥယျာဉ်ခြံမြေများကိုလည်း စစ်တပ်က သိမ်းယူနေသည်ဟု ဒေသခံ တစ်ဦးက ပြောသည်။ 

“ခမရ ၅၆၁ ရဲ့မျက်နှာစာရှေမှာရှိတဲ့ လမ်းနဲ့ကပ်နေတဲ့ဟာတွေကို ပိုင်ရှင်သုံးဦးပိုင်တာလို့တော့ သိရတယ်။ အဲဒီ မြေတွေကိုလည်း သိမ်းလိုက်တယ်။ အဲဒီမှာ လမ်းကြိတ်စက်တို့ ဘိလပ်မြေဖျော်တဲ့ ကားတို့လိုတယ်။ ဘက်ဟိုးတွေလည်း ရောက်နေပြီ။ စက်ယန္တရားတွေလည်း ရောက်နေပြီ” ဟု ၎င်းက ဆက်ပြောသည်။ 

လက်နက်ကြီးထိ သေဆုံးသူ  အသက် ၄၀ အရွယ် အမျိုးသား။  (ဓာတ်ပုံ- KNU – Mergui-Tavoy District)

အာဏာသိမ်း စစ်တပ်က ၂၀၂၅ နှစ်ကုန်ပိုင်း နှင့် ၂၀၂၆ ခုနှစ် တို့တွင် ၎င်းတို့ ဦးဆောင်သည့်  ရွေးကောက်ပွဲ ကျင်းပခဲ့ပြီးနောက် စစ်ရေးအရှိန်မြှင့်ခဲ့သည့် မြို့နယ်များတွင် တနင်္သာရီမြို့နယ်လည်း တစ်ခုအပါအဝင် ဖြစ်သည်။

ရွေးကောက်ပွဲအပြီး စစ်ရေးပြင်းထန်လာသည့် တနင်္သာရီဒေသ

စစ်တပ်၏ ရွေးကောက်ပွဲအပြီး တနင်္သာရီတိုင်းအတွင်းတွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာခဲ့ပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း အရပ်သား ပြည်သူ ၁၉ ဦး သေဆုံးပြီး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသူ         ၈၉၇၀၀ ခန့် ရှိခဲ့သည်ဟု တနင်္သာရီတိုင်းအခြေစိုက် အရပ်ဘက်အဖွဲ့တစ်ဖွဲ့ဖြစ်သော FE5 Tanintharyi အဖွဲ့ က မတ်လဆန်း၌ ထုတ်ပြန်ထားသည်။ 

တနင်္သာရီတိုင်းတွင် ဖေဖော်ဝါရီလအတွင်း စစ်တပ်က နေအိမ် ၁၁၇ လုံး မီးရှို့ဖျက်ဆီးခဲ့သည်။ ယင်းအပြင် စစ်အာဏာရှင်တပ်က အရပ်သား ၃၂ ဦးကို ဖမ်းဆီးခဲ့ရာ ၁၃ ဦး ပြန်လွတ်မြောက်လာခဲ့ပြီး ကိုးဦး သေဆုံးခဲ့သည်ဟု ထိုထုတ်ပြန်ချက်တွင် ပါရှိသည်။ 

စစ်တပ်သည် ယခုနှစ်ဆန်းမှစတင်၍ တနင်္သာရီတိုင်းအတွင်း စစ်ရေးလှုပ်ရှားနေပြီး  အထူးသဖြင့် ယမန်နှစ် ကတည်းက လက်လွှတ်ထားရသော နယ်စပ်ကုန်သွယ်ရေး ဂိတ်များဖြစ်သော ထီးခီးနှင့် မောတောင်မြို့ကို ပြန်ထိန်းချုပ်နိုင်ရန် ရွေးကောက်ပွဲပြီးကတည်းက  စစ်ကြောင်းထိုးနေ၍ တိုက်ပွဲများ ပြင်းထန်နေခြင်းဖြစ်သည်။ 

တနင်္သာရီမြို့၏ အရှေ့တောင်ဘက် ၆၁ မိုင်ကျော်အကွာ ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့ကိုလည်း စစ်တပ်က မေလ ၁၉ ရက်တွင် ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး လောင်းလုံးမြို့နယ်၌ မြေပြင်စစ်ကြောင်း ထိုးနေသည်။

မြိတ်-ထားဝယ် ပြည်ထောင်စုလမ်းပေါ်ရှိ သရက်ချောင်းမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများ လုပ်နေရာ မေလ ၂၁ ရက်တွင် ဥတ္တူရွာနှင့် စောဖျားရွာတို့ကို ဗုံးကြဲတိုက်ခိုက်သဖြင့် အသက် ၁၄ နှစ်နှင့် ၁၇ နှစ်အရွယ် မိန်းကလေးနှစ်ဦး အပါအဝင် သုံးဦးသေဆုံးပြီး လေးဦးဒဏ်ရာရကြောင်း ဒေသအခြေစိုက် Dawei Watch သတင်းဌာနက ဖော်ပြထားသည်။ 

ကရင်အမျိုးသားအစည်းအရုံး (KNU)၏  တပ်မဟာ (၄) နယ်မြေ၊ မြိတ်/ထားဝယ်ခရိုင်တွင် ပါဝင်သော  တနင်္သာရီဒေသအတွင်း နှစ်ဆန်းမှစတင်၍ တိုက်ပွဲများပြင်းထန်နေသလို လေကြောင်းတိုက်ခိုက်မှုများ အပြင်းအထန် လုပ်ခဲ့ကြောင်း KNU က မတ်လ ၁၂ ရက်တွင် ထုတ်ပြန်ထားသည်။ 

ယခုနှစ် ဖေဖော်ဝါရီလနှင့် မတ်လအတွင်း တပ်မဟာ (၄) နယ်မြေ၌ လေကြောင်းတိုက်ခိုက်မှု ၅၃ ကြိမ်ရှိခဲ့ပြီး သရက်ချောင်းမြို့နယ်တစ်ခုတည်းတွင် ၄၈ ကြိမ်နှင့် အခြားသုံးမြို့နယ်၌ ငါးကြိမ် ရှိခဲ့သည်ဟု KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button