၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် မကွေးတိုင်းအတွင်း အစောဆုံးဖွဲ့စည်းခဲ့သည့် ပြည်သူ့စစ်များ အခြေချရာ မြိုင်မြို့နယ်၊ သရက်ကန်ရွာရှိ ပြည်သူ့စစ်စခန်းကို တော်လှန်ရေးပူးပေါင်း တပ်များက မေလ ၂၂ ရက်နေ့တွင် တိုက်ခိုက်ပြီး နောက်တစ်ရက်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
ယခု စခန်းသည် မြိုင်မြို့တောင်ဘက် ၁၃ မိုင်ခန့်အကွာ သရက်ကန်ရွာတွင်ရှိပြီး စစ်တပ်နှင့် ပြည်သူ့စစ်အင်အား ၁၅၀ ခန့် အခိုင်အမာတပ်စွဲခဲ့သည့်နေရာဖြစ်သည်။ ထိုစခန်းမကျရန် စစ်တပ်က လေကြောင်းမှ အပြင်းအထန်ခုခံခဲ့သည်ဟု မကွေး ပြည်သူ့ကာကွယ်ရေးတပ်မတော်(Magway PDF) က ထုတ်ပြန်ထားသည်။
သရက်ကန်ရွာသည် ပုသိမ်- မုံရွာ ကားလမ်းမကြီးဘေး နှစ်မိုင်ခန့်အကွာတွင်ရှိပြီး ပခုက္ကူ- ကမ္မ- မြိုင် ကားလမ်း၊ မြစ်ခြေ- အရာတော်- ကျောက်ခွက်ရေနံမြေ လမ်းမကြီးပေါ်၌တည်ရှိပြီး စစ်ရေးအရနှင့် ဆက်သွယ်ရေးအရပါ အချက်အချာကျသည့် ကျေးရွာဖြစ်သည်။
“သူ(အထက်ပါ စစ်စခန်း) မရှိတော့တဲ့အခါမှာ အတားအဆီးတွေကို ဖယ်ရှားလိုက်တော့ ကျွန်တော်တို့ရဲ့ လမ်းတွေကို ချောချောမွေ့မွေ့ ကုန်စည်ကအစ စီးဆင်းမှုအားကောင်းတယ်။ သူတို့အတွက်ကတော့ ရှေ့ဆက်ပြီးတော့ တိုးလမ်းမရှိလောက်အောင် အင်အားနည်းသွားတာပေါ့”ဟု အညာမြေတပ်ပေါင်းစုမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ ကိုဘိုဘိုသန့်ဇင်ကပြောသည်။
ထိုစခန်းကို တော်လှန်ရေးအင်အားစုများ တိုက်ခိုက်သည့် မေ ၂၂ ရက်ညပိုင်းတွင် မိုးသည်းထန်ခဲ့သည့် ရာသီဥတု အခြေအနေကို အကာအကွယ်ယူပြီး စစ်သားနှင့် ပြည်သူ့စစ် ၇၀ ခန့် ထွက်ပြေးလွတ်မြောက် သွားသည်ဟု သိရသည်။
“သူတို့က အနီးဆုံးဖြစ်တဲ့ (တိုက်ပွဲဖြစ်ရာနေရာနှင့် နှစ်မိုင်ခန့်အကွာ) တွင်းမရွာကိုဒဏ်ရာရသူတွေရာ သန်သန်မာမာတွေရော အားလုံးထွက်ပြေးသွားကြတယ်။ အိုနာမစွမ်းနဲ့ကလေးသူငယ်တွေနဲ့ ၄၉ ယောက်ပဲရွာထဲမှာ ချန်ထားပြီးတော့ သူတို့က တပ်ဆုတ်ပြီးပြေးကြတဲ့အခါမှာ ကျွန်တော်တို့ အရှင်ဖမ်းမမိလိုက်ဘူး”ဟု ကိုဘိုဘိုသန့်ဇင် ကပြော သည်။
ကယ်ထုတ်နိုင်ခဲ့သည့် သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များ အပါအဝင် ၄၉ ဦးကို လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးထားကြောင်း ၎င်းကဆက်ပြောသည်။
အိမ်ခြေ ၃၉၀ ခန့်ရှိသည့် သရက်ကန်ရွာသည် ယခင်က လူဦးရေ နှစ်ထောင်နီးပါး နေထိုင်ခဲ့သည့် ရွာဖြစ်ပြီး စစ်တပ်က ခြေကုပ်ယူလိုက်ပြီးနောက် ဒေသခံများသည် နေရပ်စွန့်ခွာ ပြောင်းရွှေ့သွားသူများရှိသည်။ ပြီးခဲ့သည့်နှစ်များတွင်လည်း ဒေသခံအချို့ ရွာမှတိမ်းရှောင်သွားသဖြင့် လူဦးရေ တဖြည်းဖြည်းချင်း လျော့နည်းသွားခဲ့သည်။
ထိုတိုက်ပွဲတွင် စစ်ကောင်စီဘက်မှလေးဦးသေဆုံးပြီး ပြည်သူ့စစ်များကို စစ်တပ်က တပ်ဆင်ပေးလေ့ရှိသည့် ကာဘိုင်သေနတ် ၁၁ လက်၊ ၁၄ ဗို့သေနတ်ခြောက်လက်အပါအဝင် ခဲယမ်း၊ မိုင်းအချို့သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
တော်လှန်ရေးတပ်ဖွဲ့ဝင်များဘက်မှလည်း တပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးပြီး လေးဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း အညာမြေတပ်ပေါင်းစုအဖွဲ့က ထုတ်ပြန်သည်။
ဒေသတွင်း နယ်မြေစိုးမိုးရေးအတွက် အရေးပါသည့် သရက်ကန်ရွာကို လက်လွှတ်ခဲ့ရပြီးနောက် စစ်တပ်က ၂၃ ရက် ညနေပိုင်းတွင် မြိုင်မြို့နှင့်လေးမိုင်ခန့်အကွာရှိ တပ်မတော်အကြီးစား လက်နက်စက်ရုံ (မြိုင်)သို့ တပ်ဖွဲ့ဝင်အင်အား ၁၀၀ နီးပါးနှင့် လက်နက်ခဲယမ်းများ လေကြောင်းဖြင့် ဖြည့်တင်းခဲ့ကြောင်း ကိုဘိုဘိုသန့်ဇင်က ပြောသည်။
“အဲဒီလိုချပြီးတဲ့နောက်မှာ ဒေသတွင်းပတ်ပတ်လည်ရွာတွေကို ၆၀ မမတွေ၊ ၁၂၀ မမ တွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တယ်။ (ဒရုန်းဖြင့်)ဗုံးတွေချပြီးတော့ ကျေးရွာတွေကိုတိုက်ခိုက်တာ ဆက်တိုက်ပြုလုပ်နေတယ်”ဟု ၎င်းကဆိုသည်။
စစ်အင်အားတိုးချပြီးနောက် ဒရုန်း၊ လက်နက်ကြီးတို့နှင့် တိုက်ခိုက်နေမှုများကြောင့် ထိုလက်နက်စက်ရုံအနီးဝန်းကျင်ရှိ ကျေးရွာများသည် ဘေးလွတ်ရာ တိမ်းရှောင်နေကြောင်းသိရသည်။
စစ်ရေးပြင်းထန်လာနိုင်ဖွယ်ရှိပြီး သရက်ကန်ရွာ ကျေးရွာအတွင်း မိုင်းအန္တရာယ်ရှိသည့်အတွက် ဒေသခံများရွာထဲသို့ ဝင်ထွက်သွားလာခြင်းမပြုရန် MGY PDF က အသိပေးထုတ်ပြန်ထားသည်။
စစ်ကိုင်းတိုင်းနှင့်ထိစပ်နေပြီး လမ်းပန်းဆက်သွယ်ရေးအရ အရေးပါသည့် မြိုင်မြို့နယ်တွင် ပျူစောထီး ခြေကုပ်ယူထားသည့် ကျေးရွာများအနက် ဝက်ပုတ်နှင့် သရက်ကန်ရွာကို ပြီးခဲ့သည့်နှစ်တွင် တော်လှန်ရေးအင်အားစုများက သိမ်းနိုင်ခဲ့သည်။ လက်ရှိတွင် သရက်ကန်ရွာကို သိမ်းနိုင်ခဲ့သည့် အတွက် စစ်တပ်နှင့်ပြည်သူ့စစ် ခြေကုပ်ယူထားသည့် ကျေးရွာမှာ တွင်းမနှင့်ကန်နီရွာသာ ကျန်ရှိကြောင်း သိရသည်။
ယခု သရက်ကန်ရွာကိုသိမ်းနိုင်ခဲ့သည့် “တမာမြေစစ်ဆင်ရေး”တွင် မကွေးပြည်သူ့ကာကွယ်ရေး တပ်မတော် (MGY PDF)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ပခုက္ကူခရိုင်ရင်းများ၊ ကျောင်းသားတပ် (ABSDF) ၊ မကွေးဖက်ဒရယ်ယူနစ် ကာကွယ်ရေးစစ်ကြောင်း ၁ (MFUDC-1 )၊ ပခုက္ကူခရိုင် စစ်ဌာန (ဒရုန်းတပ်ဖွဲ့) အပါအဝင် ပကဖများ၊ ဒေသခံကာကွယ်ရေးအဖွဲ့ (LPDF)များ ပူးပေါင်း ပါဝင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စစ်ခေါင်းဆောင်က ကိုယ်တိုင်ခန့်သမ္မတရာထူးရယူပြီးနောက် ရက် ၁၀၀ အတွင်း ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်ရန်ပြောဆိုထားသည်။ တစ်ဖက်တွင် နိုင်ငံအလယ်ပိုင်း တော်လှန်ရေးအင်အားစုများ အားကောင်းရာ စစ်ကိုင်း၊ မကွေး၊ ပဲခူးတိုင်းနှင့်အနောက်မြောက်ဘက် ချင်းတောင်ကို အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေသည်။
မကွေးတိုင်းတွင်လည်း စစ်တပ်က အင်အားအလုံးအရင်းဖြင့် ဖြန့်ကြက်ထိုးစစ်ဆင်နေမှုကြောင့် စစ်ရေးဖိအားတိုးလာနေချိန်တွင် ဆက်သွယ်ရေးအရအချက်အချာကျသည့် စစ်တပ် ခြေကုပ်စခန်းချထားရာ ပျူရွာတစ်ရွာကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။




