အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

NUG တပ်များနှင့် ဆွေးနွေးညှိနှိုင်းရန်သွားသည့် SRF ခေါင်းဆောင် ဖမ်းဆီးခံရ

မင်းကင်းမြို့နယ်အတွင်း ပသုံးလုံးနှင့် ဒေသအခြေစိုက် ကျောင်းသားတော်လှန်ရေးတပ်တို့ ပဋိပက္ခဖြစ်နေမှုကို တွေ့ဆုံဖြေရှင်းရန် ကြိုးပမ်းနေစဉ် ကျောင်းသားတပ်ခေါင်းဆောင်တစ်ဦးကို ပကဖ၊ ပအဖတို့က ပစ်ခတ်ဖမ်းဆီးမှုဖြစ်ပွားခဲ့သည်။

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်တွင် အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံ ပသုံးလုံးယန္တရားနှင့် ပွတ်တိုက်မှုဖြစ်နေသည့် ကျောင်းသားတော်လှန်ရေးတပ်တော် (SRF) အဖွဲ့ခေါင်းဆောင် ကိုစံတင်ထွန်း ပစ်ခတ်ဖမ်းဆီးခံရကြောင်း ထိုအဖွဲ့က မေလ ၂၆ ရက်နေ့တွင် ထုတ်ပြန်သည်။ 

မေလ ၂၆ ရက် နေ့လယ်တွင် SRF ခေါင်းဆောင် ကိုစံတင်ထွန်း၊ မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) စစ်ရေးတာဝန်ခံ၊ စစ်ကိုင်းယူနစ်အစိုးရ ကာကွယ်ရေးဝန်ကြီးတို့ အွန်လိုင်းမှတဆင့် ဆွေးနွေးမှုလုပ်ခဲ့ပြီး တိုင်းတာဝန်ခံအပါအဝင် လုံခြုံရေးအာမခံချက်ပေးသဖြင့် မြေပြင်တွင် တွေ့ဆုံဆွေးနွေးရန် အညာလည်ရွာသို့ သွားရောက်စဉ် ထိုသို့ ပစ်ခတ်ဖမ်းဆီးမှုဖြစ်ပွားခဲ့သည်။ 

ကိုစံတင်ထွန်းဦးဆောင်သော SRF နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပြည်သူများနှင့်အတူသွားစဉ် ညနေ ၅ နာရီဝန်းကျင်ခန့်တွင်  မင်းကင်း ပအဖ၊ ပကဖနှင့် တပ်ရင်းတပ်ဖွဲ့များက လမ်းခရီး၌ ပစ်ခတ်ဖမ်းဆီး ခေါ်ဆောင်သွားကြသည်ဟု SRF ထုတ်ပြန်ချက်က ဆိုသည်။ ထိုသို့ ပစ်ခတ်ဖမ်းဆီးမှုတွင် အရပ်သား အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပါရှိသည်။ 

အဖွဲ့ခေါင်းဆောင် ကိုစံတင်ထွန်း၏ အသက်အန္တရာယ် စိုးရိမ်နေရပြီး၊ လုံခြုံရေးအာမခံကြောင်း သဘောတူညီချက်ကို ချိုးဖောက်ပြီး ယခုကဲ့သို့ ပစ်ခတ်ဖမ်းဆီးသည့်အပေါ် အပြင်းအထန် ရှုတ်ချကြောင်း၊ ကိုစံတင်ထွန်းကို ချက်ချင်းလွှတ်ပေးရန်နှင့် နောက်ဆက်တွဲကိစ္စရပ်များ တာဝန်ယူ ဖြေရှင်းပေးရန် SRF ဘက်က တောင်းဆိုသည်။ 

အဆိုပါပစ်ခတ်ဖမ်းဆီးမှုအခြေအနေနှင့်ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကို Myanmar Now က ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပါ။ 

တော်လှန်ရေးအင်အားစုအချင်းချင်းကြားဖြစ်သည့် ပဋိပက္ခကို တွေ့ဆုံဆွေးနွေးဖြေရှင်းမည့်အစား ယခုကဲ့သို့ အင်အားသုံးဖြေရှင်းမှုနှင့်ပတ်သက်ပြီး ဆန့်ကျင်ရှုတ်ချကြောင်း၊ နှစ်ဖက်ပြဿနာ ပြေလည်စေရေးအတွက် ဝန်းရံတောင်းဆိုသည့်လူထုအား ထိခိုက်စေသည့်လုပ်ရပ်ကိုလည်း ဆန့်ကျင်ကြောင်း ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ဝင် ရဲဘော်လွန်းညီက ဆိုသည်။

“ဒီလိုလုပ်ရပ်တွေဟာ တော်လှန်ရေး အဖွဲ့အစည်းအချင်းချင်းကြားက ပြဿနာတွေအတွက် အခုလို အင်အားသုံး‌‌ဖြေရှင်းမှုများက ပြဿနာကို ပြေလည်စေမှာမဟုတ်ဘဲ ပိုပြီး ဆိုးရွားစေနိုင်ပါတယ်။ လုံခြုံရေးအရ အာမခံထားတာကို ချိုးဖောက်ပြီး အင်အားသုံးဖမ်းဆီးထားတဲ့ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ ဥက္ကဋ္ဌ ရဲဘော်စံတင်ထွန်းကို ချက်ချင်းပြန်လွှတ်ပေးဖို့နဲ့ အရင်းခံပြဿနာတွေကို နိုင်ငံရေးအရ တွေ့ဆုံညှိနှိုင်းဖြေရှင်းကြဖို့ တောင်းဆို တိုက်တွန်းလိုပါတယ်”ဟု ရဲဘော်လွန်းညီက ပြောသည်။ 

မကွေး၊ စစ်ကိုင်း အညာစစ်မျက်နှာတွင် လှုပ်ရှားသော NUG လက်အောက်ခံမဟုတ်ဘဲ သီးခြား ရပ်တည် နေသည့်အဖွဲ့မှ တော်လှန်ရေးတပ်ဖွဲ့ဝင် အမျိုးသားတစ်ဦးကလည်း “ကိုယ့်ဘက်က မိတ်ဖက်ပဋိပက္ခကို မိတ်ဖက်လို မဖြေရှင်းဘဲနဲ့ ရန်သူ့အကြိုက် လုပ်မယ်ဆိုရင် ကြားထဲက ရန်သူကဝမ်းမြောက်မှာပေါ့။ ကိုယ့်အင်အားကို ပြုန်းအောင် ကိုယ့်အမြီးကို ပြန်ဝါးတာ၊ ပြန်စားတာဖြစ်တော့ ရန်သူက ပျော်မှာပေါ့” ဟု မှတ်ချက်ပြုသည်။

မင်းကင်းမြို့နယ်အတွင်း NUG လက်အောက်ခံ ကလေးခရိုင် PDF တပ်ရင်းတပ်ဖွဲ့များ၊ ပကဖများအပြင်၊ NUG လက်အောက်ခံမဟုတ်သော တော်လှန်ရေးအဖွဲ့များဖြစ်သည့် ကျောင်းသားတော်လှန်ရေးတပ်တော် (SRF)၊ အထက်ချင်းတွင်းလွတ်မြောက်ရေးတပ် (UCLA) စသည့်အဖွဲ့တို့လှုပ်ရှား အခြေစိုက်ကြသည်။

ယခုနှစ် ဧပြီလက တွေ့ရသော ကျောင်းသားတော်လှန်ရေးတပ်တော် တပ်ဖွဲ့ဝင်များ။  (ဓာတ်ပုံ – SRF)

စစ်ခေါင်းဆောင် သမ္မတရာထူးရယူပြီးနောက် တော်လှန်ရေးပင်မမျက်နှာစာဖြစ်သည့် နိုင်ငံအလယ်ပိုင်း အညာဒေသတွင် ထိုးစစ်အရှိန်မြှင့်နေရာ စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ် နယ်စပ်မြို့နယ်များ၊ မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) အနီး မြို့နယ်များတွင်အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေသည်။ 

မင်းကင်းမြို့နယ်အတွင်း NUG လက်အောက်ခံ ပသုံးလုံး ယန္တရားနှင့် SRF တို့ကြား ပွတ်တိုက်မှုများမှာ ပြီးခဲ့သည့်နှစ်ပိုင်းများကတည်းက စတင်လာခဲ့ခြင်းဖြစ်ပြီး ယခုမေလတတိယပတ်တွင် နှစ်ဖက် ပဋိပက္ခများမှာ ပိုမိုပြင်းထန်သည့်အခြေအနေသို့ ရောက်ရှိလာခဲ့သည်။

အထက်ပါ ပဋိပက္ခနှင့်ပတ်သက်ပြီး  (SRF) သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အုပ်ချုပ်ရေးယန္တရားနှင့် စင်ပြိုင် အုပ်ချုပ်ရေးဖော်ဆောင်နေသည့်တပ်ဟု မင်းကင်းမြို့နယ် ပအဖ သတင်းထုတ်ပြန်ရေးအဖွဲ့ က မေလ ၂၄ ရက်နေ့တွင် စွပ်စွဲထုတ်ပြန်ထားသည်။ 

NUG က မင်းကင်းမြို့နယ်ကို တိုက်နယ် ၁၀ ခု သတ်မှတ်ပြီး အုပ်ချုပ်ရေးယန္တရား ဖော်ဆောင်နေသည့်အနက် မင်းကင်းမြို့အနီး ရွာများပါဝင်သည့် တိုက်နယ် ၄ နှင့် တိုက်နယ် ၅ မှ ကျေးရွာ ကိုးရွာခန့်တွင် ကျောင်းသားတော်လှန်ရေးတပ်တော် (SRF) က စင်ပြိုင် အုပ်ချုပ်ရေး ဖော်ဆောင်နေခြင်းဖြစ်သည်ဟု မြို့နယ် ပကဖ တာဝန်ရှိသူတစ်ဦးက Myanmar  Now ကို ပြောသည်။ 

ကျေးရွာ ပကဖ နှစ်ဦး သတ်ဖြတ်မှု၊ ပြည်သူတစ်ဦးအား ဖမ်းဆီးပြီးငွေကျပ်သိန်း နှစ်ရာဖြင့် ရွေးရန် စေခိုင်းမှု၊ SRF တပ်ဖွဲ့ဝင် ရဲမေတစ်ဦး သတ်ဖြတ်မှုအပါအဝင် အမှု ရှစ်မှုနှင့် SRF တပ်ကို ၎င်းတို့က တရားစွဲထားသည်၊ NUG ကလေးခရိုင်မှ ကွပ်ကဲ၍ တရားခံများကို ဖမ်းဆီးခြင်းသာဖြစ်သည်ဟု မင်းကင်း ပကဖ နှင့် ပအဖဘက်က ဆိုသည်။

“ကျွန်တော်တို့အနေနဲ့ SRF တစ်စုံလုံး (တစ်တပ်လုံး) ကို တိုက်ခိုက်ခြင်းမဟုတ်ဘူး။ တရားခံတွေကိုသာ လိုလားတာ ဖြစ်တယ်။ တိတိကျကျဖမ်းဆီးရမယ့်လူကတော့ ကိုစံတင်ထွန်းအပါအဝင် ရှစ်ယောက်လောက် ရှိတယ်”ဟု မင်းကင်းမြို့နယ် ပကဖ တာဝန်ရှိသူ အမျိုးသားက ယမန်နေ့ နေ့လယ် Myanmar Now နှင့်အင်တာဗျူးချိန်တွင် ဖြေဆိုထားသည်။ 

မေလ ၂၅ ရက် ညနေပိုင်းမှစ၍ SRF တပ်ဖွဲ့ဝင်များကို ဖမ်းဆီးမှုများပြုလုပ်ရန်ကြိုးပမ်းသော်လည်း လူထုဝန်းရံတားဆီးမှုကြောင့် နောက်ပြန်ဆုတ်ခဲ့ကြောင်း မင်းကင်း ပကဖ တာဝန်ရှိသူက ဆိုသည်။ 

“ဖမ်းဆီးမှုကတော့ ကလေးခရိုင်ကွပ်ကဲရေး၊ ကလေးခရိုင်၊ ပကဖ၊ မင်းကင်းမြို့နယ် အားလုံးပေါ့။ ခရိုင်တစ်ခုလုံးကပေါင်းစပ်ညှိနှိုင်းပြီးမှ ဒီကိစ္စကို တရားခံတွေ ဖမ်းဆီးဖို့ကို ဆောင်ရွက်တာပါဗျ”ဟု ၎င်းက ဆက်ပြောသည်။ 

ထိုပြောဆိုချက်များနှင့်ပတ်သက်ပြီး SRF ဘက်ကလည်း တော်လှန်ရေးအစောပိုင်းကာလတွင် ဒေသခံ များ၏တောင်းဆိုမှုကြောင့် ရပ်ရွာလုံခြုံရေးနှင့် အုပ်ချုပ်ရေး အဖွဲ့များကို ၎င်းတို့ဖွဲ့စည်းပေးခဲ့ပြီး ပကဖ၊ ပအဖ တို့ထံ ပြန်လည်လွှဲပြောင်းပေးပြီးဖြစ်ကြောင်း၊ စင်ပြိုင်အုပ်ချုပ်ရေး တည်ဆောက်ထားခြင်းမရှိကြောင်း မေလ ၂၄ ရက်နေ့တွင် ထုတ်ပြန် ထားသည်။  ပညာရေး၊ ကျန်းမာရေးတို့တွင် တပ်ဖွဲ့ရန်ပုံငွေထဲမှ မျှဝေသုံးစွဲပြီး NUG ယန္တရားကို ကူညီဝန်းရံခဲ့ကာ နှောင့်ယှက်ခဲ့ခြင်းမရှိဟု ထိုထုတ်ပြန်ချက်က ဆိုသည်။

စွပ်စွဲထားသည့် အမှု ရှစ်ခုနှင့်ပတ်သက်ပြီး သမာသမတ်ကျသည့် ဥပဒေပညာရှင်များနှင့် တရားဝင် ဖြေရှင်းရန် ဆန္ဒရှိကြောင်း၊ ၎င်းတို့အနေဖြင့် တော်လှန်ရေးနှင့်ပတ်သက်သူများကို ဖမ်းဆီးထားခြင်း မရှိကြောင်း SRF က မေလ ၂၄ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

မင်းကင်းမြို့နယ်အတွင်း ကျေးရွာ ကိုးရွာခန့်တွင် အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းထားသည့် ပအဖ၊ ပကဖ များရှိနေသလို SRF ဖွဲ့ထားသည့် ပကဖ၊ ပအဖ များ ရှိနေဆဲဖြစ်ကြောင်း မင်းကင်းမြို့နယ် ပအဖ တာဝန်ခံ ဦးဝင်းမင်းစိုးက ပြောသည်။ 

“၂၀၂၄ နောက်ပိုင်းမှာ ပွတ်တိုက်မှုပိုကြီးလာတယ်။ အဲ့ဒီနောက်ပိုင်းမှာ ဖွဲ့တာတွေက ပိုဆိုးလာတယ်။ ကျွန်တော်တို့ကို အပ်နှံတယ်ဆိုတာမရှိပါဘူး။ ကျွန်တော်တို့ဒေသမှာ ကျွန်တော်တို့က ပကဖ၊ ပအဖ ဖွဲ့သလို သူကလည်း စင်ပြိုင်လိုက်ဖွဲ့တယ်။ တစ်ရွာမှာဆိုရင် ပကဖ နှစ်ယောက်၊ ပအဖ နှစ်ယောက် အဲဒီလိုမျိုးဖြစ်နေ တယ်။ ရွာနှစ်ခြမ်းကွဲနေတဲ့ပုံစံမျိုးတွေဖြစ်လာတာ”ဟု မင်းကင်းမြို့နယ် ပအဖ တာဝန်ခံ ဦးဝင်းမင်းစိုးက မေလ ၂၆ ရက် နေ့လယ်တွင် Myanamr Now ကို ပြောသည်။ 

ပြစ်မှုကျူးလွန်ထားသည့် SRF အဖွဲ့ဝင်များကိုလိုက်လံဖမ်းဆီးနေကြောင်း၊ ထိုအတောအတွင်း လူထုအနေဖြင့် SRF နှင့်ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် မင်းကင်း ပအဖ က ထုတ်ပြန်ထားသည်။ 

ချင်းတွင်းမြစ်ကြောင်းပေါ်တွင် ရွှေမျှောများ လုပ်ကိုင်ကြသည့် မင်းကင်းမြို့နယ်တွင် ကျေးလက်ဒေသအများစုကို တော်လှန်ရေးအင်အားစုက နယ်မြေစိုးမိုးထားပြီး စစ်တပ်က မင်းကင်းမြို့ပေါ်တွင်သာ နေရာယူထားသလို ပြည်သူ့စစ်အထိုင်ချထားသည့် ကျေးရွာ ၂၀ ကျော်ခန့်ရှိကြောင်း ဒေသခံများထံက သိရသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button