ချင်းပြည်နယ်ရှိ လက်လွတ်နယ်မြေများကို ပြန်လည်ရရှိရန်ကြိုးပမ်းနေသည့် စစ်တပ်သည် ချင်းပြည်တောင်ပိုင်း၊ ကန်ပက်လက်မြို့ကို အင်အားအလုံးအရင်း ထိုးစစ်ဆင်လာသဖြင့် မြို့အနီး တိုက်ပွဲ ပြင်းထန်နေပြီး ယမန်နေ့တွင်စ၍ လေကြောင်းတိုက်ခိုက်မှုများလည်း ဆက်တိုက်လုပ်ဆောင်နေကြောင်းသိရသည်။
ချင်းပြည်တောင်ပိုင်း ကန်ပက်လက်မြို့ကို ၂၀၂၄ နှစ်ကုန်ပိုင်းတွင် ချင်းညီနောင်အဖွဲ့က ထိုးစစ်ဆင်သိမ်း ပိုက်ခဲ့ပြီးနောက် တစ်နှစ်ခွဲကျော်အကြာတွင် စစ်တပ်က မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ရန် မကွေးတိုင်း ဘက်မှတဆင့် ထိုးဖောက်စစ်ဆင်လာခြင်းဖြစ်သည်။
ယနေ့ နံနက်ပိုင်းတွင်လည်း ကန်ပက်လက်မြို့ကို လေးကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများ ထံက သိရသည်။
“အကြိမ်ကြိမ် ဗုံးကြဲနေပါတယ်။ လေယာဉ်ပေါ်ကနေလည်း မော်တာနဲ့ပစ်နေပါတယ်။ မြို့နဲ့အတော်လေးကို နီးကပ်နေပါတယ်။ လေယာဉ်နှစ်စီးနဲ့ Y 12 နဲ့လည်း အထုပ်များချပေးနေပါတယ်”ဟု ကန်ပက်လက် မြို့နယ် ဒေသခံတစ်ဦးကပြောသည်။
ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း ယမန်နေ့တွင် မြို့အနီး၌ တိုက်ပွဲများ ပြင်းထန် နေကြောင်း သတင်း ထုတ်ပြန် ထားသည်။
မေလဆန်းက မကွေးတိုင်း၊ လောင်းရှည်အခြေစိုက် ကပစ ၂၅ မှထွက်လာသည့် စစ်ကြောင်းသည် ဆော – ကျောက်ထုလမ်းပိုင်းမှတဆင့် အင်အား ၃၀၀ နီးပါးဖြင့် ကန်ပက်လက်မြို့ဘက်သို့ ဆက်လက်စစ်ကြောင်း ထိုးလာရာ ဒေသတွင်းတော်လှန်ရေးအင်အားစုများနှင့် တိုက်ပွဲများဆက်တိုက်ပြင်းထန်နေသည်။
“မနေ့ကနဲ့ ဒီနေ့ ကတုတ်ကျင်းထဲမှာဘဲနေရတော့ (လေကြောင်းတိုက်တာ) အတိအကျမရေတွက် နိုင်ဘူး။ တော်တော်လေးများတယ်။ အပျက်အစီးလည်းမသိသေးဘူး။ … တိုက်ပွဲကတော့ အကြီးအကျယ် ဖြစ်နေတာ”ဟု ကန်ပက်လက် ဒေသခံ အမျိုးသားနောက်တစ်ဦးကပြောသည်။
ကန်ပက်လက်မြို့သည် မကွေးတိုင်းမြောက်ပိုင်း ဆောမြို့နယ်နှင့် ၁၂ မိုင်ခန့်သာကွာဝေးပြီး ကားဖြင့် သွားလာပါက နာရီဝက်ကျော်သာ ကြာမြင့်သည်။
ကန်ပက်လက်အပါအဝင် မင်းတပ်၊ မတူပီတို့ကို ချင်းညီနောင်က ထိန်းချုပ်ထားပြီး ရခိုင်ပြည်နယ်နှင့် ထိစပ်နေသည့် ပလက်ဝမြို့နယ်ကို ၎င်းတို့၏ မဟာမိတ်အာရက္ခတပ်တော် (အေအေ) က သိမ်းပိုက် ထိန်းချုပ်ထားသည်။

ချင်းပြည်မြောက်ပိုင်းရှိ စစ်တပ် လက်လွှတ်ထားရသည့်မြို့များအနက် ဖလမ်းမြို့နှင့် တွန်းဇံမြို့ကို စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သလို ချင်းပြည်တောင်ပိုင်းနှင့် ထိစပ်နေသည့် မကွေးတိုင်း ဆောမြို့နယ်ကိုလည်း ယခုလဆန်းတွင်စ၍ အင်အားထောင်ဂဏန်းဝန်းကျင် ဖြည့်တင်းလာခဲ့သည်။
ချင်း- မကွေး- ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းအတွက် အဓိကကျသည့် ဆောမြို့နယ် ကံကြီးရွာတွင် အထိုင်ချတပ်စွဲခဲ့သလို လောင်းရှည် ကပစ ၂၅ နှင့် ပေါက်မြို့နယ် ကပစ ၂၄ မှတဆင့် ဆောမြို့နယ်သို့ စစ်ကြောင်းထိုးလာခဲ့သည်။
ဒေသခံများနှင့် ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်များကို ဖော်ပြနေသည့် လူမှုကွန်ရက်စာမျက်နှာများ၏ အချက်အလက်များအရ လောင်းရှည် ကပစမှထွက်လာသည့် စစ်ကြောင်းသည် ကန်ပက်လက်သို့ ဆက်လက်ထိုးစစ်ဆင်ခဲ့ပြီး ပေါက်မြို့နယ်ဘက်မှ ဝင်လာသည့် စစ်ကြောင်းသည်လည်း ပုံတောင်ခြေသို့ ရောက်ရှိနေကြောင်းသိရသည်။
ချင်းပြည်မြောက်ပိုင်းရှိ ဒုတိယမြို့တော်ဟု တင်စားကြသည့် ဖလမ်းမြို့ကို ထိုးစစ်ဆင်လာသည့် စစ်တပ်ကို ခုနစ်လနီးပါးကြာ ချင်းတော်လှန်ရေးအင်အားစုများက တိုက်ခိုက်ခဲ့သော်လည်း လူအင်အား၊ လေကြောင်းအင်အား အပြင်းအထန်သုံးပြီး စစ်တပ်က ဧပြီလတွင် မြို့ကိုပြန်လည်သိမ်းပိုက် ထိန်းချုပ်ခဲ့သည်။
ဖလမ်းမှတဆင့် ထိုစစ်ကြောင်းသည် ဟားခါး- ဖလမ်းလမ်းပိုင်းကို ထိန်းချုပ်နိုင်ရေး ဆက်လက် စစ်ကြောင်းထိုးလာရာ ချင်းတော်လှန်ရေးအင်အားစုများနှင့်တိုက်ပွဲများပြင်းထန်နေပြီး စစ်တပ်က ချွန်ကျုံးရွာတွင် မီးရှို့ခဲ့ကြောင်း ချင်းစစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။
“ ဟားခါး- ချွန်ကျုံးကြားတိုက်ပွဲတော့ နေ့တိုင်းလိုလိုတော့ဖြစ်နေတယ်။ လက်နက်ကြီးတွေ၊ လေယာဉ်တွေ၊ ဒရုန်းတွေ သူတို့ရှိရှိသမျှ အကုန်ထုတ်ပြီးမှ သုံးတယ်လို့ပြောရမှာပေါ့”ဟု ချင်းစစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ထိုစစ်ကြောင်းသည် ဟားခါးမှတဆင့် စစ်တပ် တစိတ်တပိုင်းထိန်းချုပ်ထားနိုင်သည့် ထန်တလန်ဘက်သို့ စစ်အင်အားဖြည့်တင်းနိုင်ဖွယ်ရှိသလို အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးဂိတ်ရှိရာ ချင်းတော်လှန်ရေးအင်အားစုများထိန်းချုပ်ထားသည့် ရိခေါဒါရ်မြို့ဘက်ကိုလည်း ဆက်လက်ထိုးစစ်ဆင်ဖွယ်ရှိကြောင်း ၎င်းက သုံးသပ်သည်။
အိန္ဒိယနယ်စပ်နှင့်ထိစပ်နေပြီး နယ်မြေထက်ဝက်ကျော် လက်လွှတ်ထားရသည့် ချင်းပြည်နယ်မှ မြို့နယ်များကို ပြန်လည်သိမ်းယူနိုင်ရန် စစ်တပ်သည် အင်အားအလုံးအရင်း အသုံးပြုသလို လေကြောင်းအသာစီးနှင့် လက်နက်ကြီးပစ်ကူများပိုမိုအားပြု ထိုးစစ်ဆင်နေသည်ဟု ချင်းတော်လှန်ရေးအင်အားစုများက သုံးသပ်သည်။
“ စစ်ကောင်စီဘက်က အရေးပါတဲ့ လမ်းဆုံလမ်းခွ မြို့အချို့ကို အပြင်းအထန်ထိုးစစ်ဆင်ပြီး ပြန်သိမ်းပြဖို့ ကြိုးစားနေပါတယ်။ ဒါဟာ စစ်ရေးအရထက် နိုင်ငံရေးနဲ့ စိတ်ဓာတ်ရေးရာအရ အသာစီးရဖို့ ရည်ရွယ်တာဖြစ်တယ်”ဟု အထက်ပါ ချင်းစစ်ရေးသတင်းရင်းမြစ်က သုံးသပ်သည်။
“ကျွန်တော်တို့ တော်လှန်ရေးတပ်များဘက်က မြို့တွေကို လက်လွှတ်ရရင်တောင်မှ ဝန်းရံဖြတ်တောက်တဲ့ ဗျူဟာ (Siege tactics) ကို သုံးပြီး စစ်ကောင်စီ စစ်ကြောင်းတွေကို အားချည့်နဲ့အောင် လုပ်လာပါလိမ့်မယ်လို့ ယူဆရပါတယ်။ စစ်ကောင်စီက မြို့အချို့ကို ပြန်သိမ်းနိုင်ခြေ ရှိသော်လည်း နယ်မြေတစ်ခုလုံးကို အုပ်ချုပ်စိုးမိုးနိုင်မှု အဆင့်အထိ ပြန်ရောက်ဖို့ကတော့ အလွန်ခက်ခဲပါလိမ့်မယ်” ဟု ၎င်းကဆက်ပြော သည်။
စစ်ခေါင်းဆောင်က သမ္မတရာထူးရယူလိုက်ပြီးနောက် ရက် ၁၀၀ အတွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန်၊ PDF များကိုလက်နက်ချရန် ထုတ်ဖော်ပြောဆိုထားပြီးတစ်ဖက်တွင်လည်း တော်လှန်ရေးအားကောင်းရာ နိုင်ငံအလယ်ပိုင်း စစ်ကိုင်း၊ မကွေးနှင့်ချင်းပြည်နယ်တို့တွင် လက်လွှတ်ခဲ့ရသည့် နယ်မြေများ ပြန်ထိန်းချုပ်နိုင်ရန် ထိုးစစ်အရှိန်မြှင့်တင်နေသည်။



