စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အရှေ့ပိုင်း ကျေးရွာတစ်ရွာကို ယမန်နေ့ (မေလ ၂၁ ရက်) ညဦးပိုင်းတွင် ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား လေးဦးသေဆုံးပြီး ခုနစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ယမန်နေ့ ည ၉ နာရီ အချိန်ခန့်တွင် ရွှေဘို-မြစ်ကြီးနား ကားလမ်း၏ အရှေ့ ၊ ခင်ဦးမြို့၏ အရှေ့ဘက် ၁၁ မိုင်ကျော်အကွာ ရွာစဉ်ကျေးရွာအတွင်း တိုက်လေယာဉ်တစ်စီးက ဗုံးသီး နှစ်လုံးကြဲချခြင်းဖြစ်သည်ဟု ဗုံးကြဲခံရသည့်နေရာ၌ ကူညီကယ်ဆယ်ရေးလုပ်ခဲ့သူ ဒေသခံ အမျိုးသားတစ်ဦးပြောသည်။
“ဗုံးသီးနှစ်လုံးလုံးက ရွာလယ်လောက်က အိမ်တွေပေါ်ကို ကျတာ။ ဗုံးကြဲခံရတာက ဘာကြောင့်လဲဆိုတာ မသိရဘူး။ ဘာမှလည်းမရှိဘူးလေ။ ရွာခံကာကွယ်ရေးအဖွဲ့တွေလောက်ပဲ ရှိတဲ့ရွာ၊ ဒါကလည်း တပ်ဖွဲ့နဲ့ နေကြတာမဟုတ်၊ ကိုယ့်အိမ်ကိုယ် နေကြတာ”ဟု ထိုသူက ဆိုသည်။
ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ရွာခံများဖြစ်သော အသက် ၆၂ နှစ်အရွယ် မိခင်နှင့် ၂၇ နှစ်အရွယ် သမီး၊ အသက် ၄၅ နှစ်နှင့် ၂၀ အရွယ် အမျိုးသားနှစ်ဦးတို့ သေဆုံးခဲ့သည့်အပြင် ခုနစ်ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကူညီကယ်ဆယ်ရေးလုပ်နေစဉ် ဆူဆိုက်ဒရုန်းဟု ခေါ်သည့် အသေခံဒရုန်းဖြင့် ထပ်မံတိုက်ခိုက်ခံရကြောင်း သိရသည်။
“ဗုံးကြဲပြီးချင်း ထိခိုက်သူတွေကိုပဲ သွားထုတ်နိုင်ဖို့ကြိုးစားကြရတယ်။ (တောင်ဘက်) ရွှေဘိုမြို့နားက လေ့ကျင့်ရေး(၈) ကနေ ဆူဆိုက်ဒရုန်း နှစ်စီးက တက်လာပြီးတော့ ထပ်ပြီးတိုက်ခိုက်ခဲ့သေးတာ။ အဲ့ဒါကြောင့် ဒဏ်ရာ ရသူတွေကိုပဲ အရင်ကယ်ပြီးတော့ သေဆုံးသူတွေကို မနက်မှ ရှာပြီး ချက်ချင်း သဂ်ြိုဟ်ရတယ်”ဟုလည်း ရွာစဉ်ရွာသားတစ်ဦးကလည်း ပြောသည်။
သေဆုံးထိခိုက်သူများသည် တော်လှန်ရေးအဖွဲ့အစည်းဝင်များ မဟုတ်ကြဘဲ၊ ဒေသခံ အရပ်သားများသာ ဖြစ်ကြကြောင်း ရွာခံတို့အဆိုအရ သိရသည်။ ဗုံးပေါက်ကွဲမှုဒဏ်ကြောင့် နေအိမ် ၂၀ လုံးခန့် ထိခိုက် ပျက်စီးခဲ့သည့်အပြင် နွားခုနစ်ကောင်လည်း သေဆုံးခဲ့သည်။
ရွာစဉ်ရွာသည် အိမ်ခြေ ၁၀၀၀ ဝန်းကျင်ရှိသည့် ရွာကြီးတစ်ရွာဖြစ်ပြီးလယ်ယာသုံးစက်ပစ္စည်းများနှင့် အခြေခံလူသုံးကုန်ပစ္စည်းများ အစုံအလင်ရနိုင်သည့်ဈေးဆိုင်များကြောင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဈေးသည်ဈေးဝယ်များဖြင့် စည်ကားသည့်ရွာကြီးတစ်ရွာဖြစ်သည်။

ရွာစဉ်ရွာဝန်းကျင်အပါအဝင် ခင်ဦး၊ ကန့်ဘလူ၊ ရွှေဘိုမြို့နယ်တို့အတွင်းမှ ရွှေဘို-မြစ်ကြီးနားကားလမ်း အရှေ့ဘက်တွင် စစ်ရေးလှုပ်ရှားမှုများလည်းမရှိကြောင်း သိရသည်။
ခင်ဦးအရှေ့ခြမ်းသည် ဧရာဝတီမြစ်ကမ်း အနောက်ဘက်ကမ်း၌ တည်ရှိပြီး မြစ်အရှေ့ဘက်ကမ်းတွင် စစ်တပ်က နယ်မြေပြန်စိုးမိုးမှုလုပ်နေသည့် မန္တလေးတိုင်း သပိတ်ကျင်း၊ စဉ့်ကူးမြို့နယ်တို့ ရှိကြသည်။
မန္တလေးတိုင်းစစ်ရှောင်များ မြစ်ကိုဖြတ်ကူး၍ ထွက်ပြေးလာရာလမ်းကြောင်းပေါ်တွင်ရှိသော ခင်ဦး အရှေ့ပိုင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လေ့ရှိသဖြင့် ဒေသခံများ၊ စစ်ရှောင်များ ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။
အာဏာသိမ်းစစ်တပ်က စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ စစ်ကိုင်း-ကျောက်မြောင်း ခရိုင်ချင်းဆက်လမ်းအပြင် မန္တလေး-ရွှေဘို-မြစ်ကြီးနားကားလမ်းကို စိုးမိုးမှုပြန်လည်ရယူရန် ပြင်ဆင်ခြင်းများ၊ ၎င်းတို့၏ အခြေစိုက်စခန်းများကို အင်အားဖြည့်တင်းခြင်းများလုပ်နေသော်လည်း မြေပြင်စစ်ရေးလှုပ်ရှားမှု မရှိသေးကြောင်း ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့များထံက သိရသည်။
နှစ်ဆန်းမှစတင်၍ စစ်တပ်က မုံရွာမြို့အနီးနှင့် စစ်ကိုင်းတိုင်းအလယ်ပိုင်းဒေသအချို့၌ စစ်ကြောင်းထိုးခြင်းများ၊ စစ်ရေးပြင်ဆင်မှုများ လုပ်နေသောကြောင့် ဒေသတွင်းလှုပ်ရှားသော တော်လှန်ရေးအဖွဲ့များက ဧပြီလမှစ၍ ရွှေဘို၊ အရာတော်နှင့် ဒီပဲယင်းနယ်တို့အခြေစိုက် ပျူစောထီးစခန်းနှင့် ရဲစခန်းအချို့ကို ထိုးစစ်ဆင်လက်ဦးမှုယူ တိုက်ခိုက်ထားသည်။
ယင်းစစ်ဆင်ရေးများအနက် မကြာသေးမီက ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မြို့ရဲစခန်းကို သိမ်းပိုက်ထားနိုင်ပြီး ဖြစ်သည်။
စစ်တပ်ကလည်း အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) အနီး မုံရွာမြို့မှ ၁၀ ကျော်မိုင်ကျော်အကွာ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ကို အင်အားအလုံးအရင်းဖြင့် မြေပြင်စစ်ကြောင်းထိုးနေပြီး နေ့စဉ် လေကြောင်း ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် မေလ ၁၉ ရက်တွင် အရပ်သား နှစ်ဦး သေဆုံးခဲ့သည်။




