အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံ၏ အထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးသည် နွေဦးတော်လှန်ရေးအင်အားစုများ မပါဝင်ဘဲ စစ်အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် ငါးဖွဲ့တို့၏ ကိုယ်စားလှယ်များနှင့် ထိုင်းနိုင်ငံ၌ ငြိမ်းချမ်းရေးအတွက် သီးခြားတွေ့ဆုံဆွေး နွေးကြသည်။
ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မစ္စ မာထရီဆာပီ လာဇရိုသည် ဇူလိုင်လ ၁၂ ရက်တွင် ဘန်ကောက်မြို့၌ မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် တွေ့ဆုံခဲ့သလို ဇူလိုင်လ ၁၃ ရက်တွင် ပတ္တရားမြို့၌ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ စစ်တပ် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးကော်မတီ (NSPNC) တို့နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
ပတ္တရားမြို့၌ ပြုလုပ်သော ဆွေးနွေးပွဲတွင် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးနှင့် အတူ ထိုင်းနိုင်ငံခြားရေးဝန်ကြီးပါ တက်ရောက်ခဲ့ပြီး တက်ရောက်ခဲ့သော တိုင်းရင်းသားလက်နက်ကိုင် ငါးဖွဲ့မှာ ကရင်အမျိုးသား အစည်းအရုံး (KNU) ၊ ကရင်နီအမျိုးသားများတိုးတက်ရေးပါတီ (KNPP) ၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မွန်ပြည်သစ်ပါတီ (NMSP) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) တို့ ဖြစ်ကြသည်။
ထို့နောက် မြန်မာစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီ (NSPNC) နှင့် တွေ့ဆုံ ဆွေးနွေးသည်။ မြန်မာနိုင်ငံမှ သက်ဆိုင်သူအားလုံး ပါဝင်နိုင်မည့် အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ရှေ့ဆက်အကောင်အထည်ဖော်ရေးများ ဆွေးနွေးခဲ့သည်ဟု ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ယနေ့ ထုတ်ပြန်ချက်အရ သိရသည်။
ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက “ဒါဟာ ကောင်းမွန်တဲ့ ဆွေးနွေးပွဲတစ်ခုပါ။ ဘာကြောင့်လဲဆိုတော့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပွင့်လင်းစွာ ဆွေးနွေးနိုင်ခဲ့လို့ပါ။ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဦးတည်သွားဖို့ ထည့်သွင်းစဉ်းစားရမယ့် ဖြစ်လာနိုင်ခြေတွေ အများကြီး ရှိနေပါသေးတယ်” ဟု Bilyonaryo News Channel သတင်းဌာနကို ပြောထားသည်။
စစ်တပ်နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံစဉ် အာဆီယံ၏ ဘုံသဘောတူညီချက် ငါးရပ် (Five-Point Consensus – 5PC) ကို ရှေ့ဆက်အကောင်အထည်ဖော်နိုင်ရေး ဆွေးနွေးခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ယနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နှစ်ရက်တာဆွေးနွေးခဲ့မှုအခြေအနေများ အသေးစိတ်သိနိုင်ရန် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၊ မြန်မာ လက်နက်ကိုင်အဖွဲ့များ ဖြစ်သော KNU၊ KNPP၊ CNF အပါအဝင် RCSS တို့ထံ Myanmar Now က ဆက်သွယ်မေးမြန်းသော်လည်း ယနေ့ ညနေပိုင်းအထိ တုံ့ပြန်ဖြေကြားခြင်း မရှိကြပေ။
ထိုအဖွဲ့များအနက် KNU ၊ KNPP ၊ CNF တို့သည် အာဏာသိမ်းစစ်တပ်နှင့် တိုက်ပွဲများ ဖြစ်နေသည်။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သော မြန်မာနိုင်ငံ၌ လက်နက်ကိုင် တိုက်ပွဲများဖြစ်ပွားနေကြရာ EAOs များသာမက နွေဦးတော်လှန်ရေးမှ ပေါက်ဖွားလာသည့် NUG အပါအဝင် တော်လှန်ရေးအဖွဲ့ အများအပြားလည်း စစ်တပ်ကို ခုခံတိုက်ခိုက်နေကြသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အမတ်များ အဓိက ဦးဆောင်ဖွဲ့စည်းခဲ့သည့် NUG အစိုးရ အပါအဝင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၊ ကျောင်းသားတပ်များ၊ ဒေသခံကာကွယ်ရေး အဖွဲ့များ နွေဦးတော်လှန်ရေးတွင် လှုပ်ရှားနေကြသည်။
ထိုသို့ မြန်မာစစ်တပ်၏ အဓိက အတိုက်အခံအင်အားစုကြီးဖြစ်သော နွေဦးတော်လှန်ရေးအင်အားစုများ မပါဝင်ဘဲ စစ်တပ်၊ EAOs များနှင့်သာ ဖိလစ်ပိုင်နိုင်ငံအထူးကိုယ်စားလှယ်က တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကမူ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံတို့က NUG မပါဝင်ဘဲ မြန်မာ့အရေးတွေ့ဆုံဆွေးနွေးနေခြင်းအတွက် မေးခွန်း ထုတ်လိုကြောင်း Myanmar Now ကို ယနေ့ ပြောသည်။
“ဒီတွေ့ဆုံမှုက အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်ကို သဘောတူဖို့တွေ့တာလား။ ဒါမှမဟုတ် စစ်အုပ်စုရဲ့ ရက် ၁၀၀ စီမံကိန်းတို့ သူတို့ရဲ့ မည်ကာမတ္တ Peace Plan ကို အခြေခံပြီးတွေ့တာလား ဆိုတာရယ်။ တစ်ဖက်ကလည်း ထိုင်းနိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားဖြစ်တဲ့ နယ်စပ်လုံခြုံရေးတို့ စစ်အုပ်စုနဲ့ ပြန်လည်ဆက်ဆံပြီးတော့ ကြိုးစားနေတဲ့ Energy Security တို့ အစရှိသဖြင့် နှစ်နိုင်ငံရဲ့ ဘုံအကျိုးစီးပွားအတွက် အာဆီယံကို အသုံးချတာလားဆိုတာက ကျွန်မတို့အနေနဲ့ မေးခွန်းအကြီးကြီး ထုတ်စရာရှိတယ်” ဟု ဆိုသည်။
အဖွဲ့အစည်းအချို့ ရွေးချယ်၍ သီးခြားစီတွေ့ဆုံသည့်အတွက် သေချာလေ့လာသုံးသပ်ရမည့် အခင်း အကျင်းဖြစ်နေကြောင်း ဒေါ်ဇင်မာအောင်က ဆက်ပြောသည်။
မြန်မာပြည်အတွက် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးရလိုပါက ခွဲခြားရွေးချယ်တွေ့ဆုံမှုများသည် အဖြေရနိုင်စရာမရှိကြောင်း ဝန်ကြီး ဒေါ်ဇင်မာအောင်က မှတ်ချက်ပေးသည်။
“NUG ကိုဖယ်ထားပြီးတော့ ဖြစ်စေ။ အခြားသော ပါဝင်ပတ်သက်သူ အားလုံး မြန်မာပြည်ရဲ့ တာရှည်ခံတဲ့ ငြိမ်းချမ်းရေးပေါ့။ အဲဒါကို အဖြေရှာဖို့ဆိုရင် အခုလိုမျိုး Divide And Rule လုပ်တယ်။ ခွဲခြား ဆက်ဆံတယ်။ ရွေးချယ်ပြီးတော့ ဆက်ဆံတယ်ဆိုတဲ့ ဒီတွေ့ဆုံမှုတွေက အဖြေကို ပေးနိုင်မှာမဟုတ်ဘူး ဆိုတာ ကျွန်မပြောချင်တယ်။ အားလုံးပါဝင်တဲ့အကျိုးစီးပွား၊ အားလုံးပါဝင်တဲ့တွေ့ဆုံဆွေးနွေးမှုလို့ ပြောရင် NUG ကို ဖယ်ထားလို့မရဘူးလို့ပဲ ခိုင်ခိုင်မာမာပြောချင်ပါတယ်”
၂၀၂၅ ခုနှစ် ဧပြီလတုန်းကမူ ထိုစဉ်က အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံ၏ ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်သည် မြန်မာစစ်တပ်ကိုယ်စားလှယ်နှင့် ဆွေးနွေးသလို NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် သီးခြားတွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုဆွေးနွေးပွဲနှင့် ပတ်သက်ပြီး နွေဦးတော်လှန်ရေးအင်အားစုများဖြစ်သည့် PLA၊ နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု (SRA) ပြောရေးဆိုခွင့်ရှိသူများကို Myanmar Now က ဆက်သွယ်မေးမြန်းထားသော်လည်း ဖြေကြားခြင်း မရှိသေးပေ။

မြောက်ပိုင်းအဖွဲ့များကို တရုတ်က ဖိအားပေး
ထိုင်းနိုင်ငံ၏ ကမကထလုပ်မှုဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့သည် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌနှင့်တွေ့ဆုံနေသလို မြန်မာပြည်မြောက်ပိုင်းနယ်စပ်ရှိ အိမ်နီးချင်း အင်အားကြီး တရုတ်နိုင်ငံကလည်း မြန်မာစစ်အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်ဖိတ်ခေါ်သော ရက် ၁၀၀အတွင်း ငြိမ်းချမ်းရေး ဆွေးနွေးရန်အစီအစဉ်၌ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ပါဝင်ရန် MNDAA ခေါင်းဆောင်များကို တိုက်တွန်းထားသည်။
ပြီးခဲ့သည့် ဇွန်လကုန်က တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ ကိုးကန့်အဖွဲ့ (MNDAA) ထိပ်ပိုင်းခေါင်းဆောင်များကို ခေါ်ယူတွေ့ဆုံစဉ် တိုက်တွန်းခဲ့သည်ဟု MNDAA နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက Myanmar Now ကို ပြောသည်။
“စစ်တပ်ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ဖို့ရယ်၊ နယ်စပ်ကုန်သွယ်ရေးနဲ့ ဆိုင်တဲ့ကိစ္စတွေကို အဓိက ဆွေးနွေးတယ်လို့ သိရပါတယ်” ဟု MNDAA သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
MNDAA က မည်သို့မှတ်ချက်ပေးခဲ့သည်ကိုမူ အတိအကျ မသိရသေးဟု ၎င်းက ဆိုသည်။
တရုတ်အစိုးရက MNDAA အပြင် တရုတ်နယ်စပ်၌ အခြေစိုက်သည့် တအာင်းတပ် TNLA၊ ဝတပ်ဖွဲ့ UWSA၊ မိုင်းလား NDAA၊ ကချင်တပ် KIA စသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ကိုလည်း စစ်တပ်၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်ရန် ပြောထားသည်ဟု သတင်းများ ထွက်ပေါ်နေသည်။
TNLA တပ်ဖွဲ့ဘက်ကမူ အဆိုပါကိစ္စနှင့်ပတ်သက်၍ အတိအကျ မသိရသေးဟု တုံ့ပြန်သည်။
“အဲဒီကိစ္စကို အတိအကျ ဘာမှ မသိရသေးပါဘူး။ ဗဟိုကလည်း ဘာမှ ညွှန်ကြားထားတာမျိုး မရှိသေးဘူး” ဟု TNLA ပြောခွင့်ရသူ လွေးယေဦးက ပြောသည်။
မြောက်ပိုင်း ညီနောင်သုံးဖွဲ့က ဖော်ဆောင်သည့် “ ၁၀၂၇ စစ်ဆင်ရေး” စတင်ပြီး တစ်လ အကြာ တရုတ်အစိုးရက MNDAA၊ TNLA နှင့် AA တပ်ဖွဲ့များအား တရုတ်နိုင်ငံ ကူမင်းမြို့သို့ ပထမဆုံးအကြိမ် ခေါ်ယူတွေ့ဆုံခဲ့သည်။
သမိုင်းဝင်ခဲ့သည့် စစ်တပ်၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကျဆုံးပြီးနောက် ညီနောင် သုံးဖွဲ့အား အပစ်အခတ်ရပ်စဲရန် တရုတ်က ခေါ်ယူတွေ့ဆုံကာ ဖိအား ပေးခဲ့သည်။ ထို့နောက်ပိုင်းတွင် တရုတ်က ညီနောင်သုံးဖွဲ့ကို တစ်ဖွဲ့ချင်းစီ ခေါ်ယူတွေ့သည့် စနစ်သို့ ပြောင်းလဲကျင့်သုံးလာသည်။
ဦးမင်းအောင်လှိုင် သမ္မတရာထူးရယူပြီးနောက် ၂၀၂၆ ခုနှစ် ဧပြီလ ၂၀ ရက်မှ ယခုလကုန်အထိ ကာလကို ရက် ၁၀၀ စီမံကိန်းအဖြစ် သတ်မှတ်ထားသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ထားပြီး တရုတ်နယ်စပ် အခြေစိုက် ဝ၊ မိုင်းလားအဖွဲ့များနှင့် NCA အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားအဖွဲ့များကိုလည်း တွေ့ဆုံနေသည်။ တရုတ်နယ်စပ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များကိုမူ တရုတ်အစိုးရ၏ အကူအညီဖြင့် တွေ့ဆုံဆွေးနွေးရန် စစ်တပ်က ဖိအားပေးနေသည်။
တရုတ်နယ်စပ်အခြေစိုက် UWSA၊ NDAA နှင့် SSPP တပ်ဖွဲ့များမှာ စစ်တပ်၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲ များသို့ မကြာခဏ တက်ရောက်လေ့ရှိသည်။



