အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မင်းတပ်နှင့်ကန်ပက်လက်ကို ဒုတိယမြောက်ထိုးစစ်စတင်ရန် စစ်တပ်ပြင်ဆင်နေ

မင်းတပ်နှင့်ကန်ပက်လက်သည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တပ်များအားကောင်းရာ မကွေးတိုင်းနှင့် အာရက္ခတပ်တော် (AA) ထိန်းချုပ်ရာ ပလက်ဝနှင့် ရခိုင်ဒေသတို့အကြားတွင်ရှိပြီး ထိုဒေသနှစ်ခုလုံးကို ပြန်လည်ထိန်းချုပ်လိုသည့် စစ်တပ်အတွက် အရေးကြီးသည့်မြို့များဖြစ်သည်။ 

ချင်းတော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် တောင်ပိုင်း ချင်းပြည်နယ်ထဲမှ မင်းတပ်နှင့်ကန်ပက်လက်မြို့တို့ကို ပြန်လည်သိမ်းပိုက်ရန် စစ်တပ်ကဒုတိယမြောက်ထိုးစစ် စတင်ရန်ပြင်ဆင်နေသည်ဟု ဒေသတွင်း သတင်းရင်းမြစ်များကဆိုသည်။

စစ်တပ်သည် မင်းတပ်နှင့်ကန်ပက်လက်မြို့သိမ်းတိုက်ပွဲအတွက် ပြီးခဲ့သည့်မေလလယ်တွင် မကွေးတိုင်း ယောဒေသဘက်မှတဆင့် ထိုးစစ်ဆင်ခဲ့သော်လည်း ချင်းတပ်များ၏ ခုခံစစ်ကိုမကျော်နိုင်ဘဲ တပ်ခေါက်ခဲ့ရသည်။ အဆိုပါထိုးစစ်တွင် စစ်တပ်ဘက်က အင်အား ၂၀၀၀ ခန့်ပါဝင်တိုက်ခိုက်ခဲ့သည်ဟု တိုက်ပွဲဝင်နေသည့် ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က Myanmar Now  ကိုပြောသည်။

ကနဦးထိုးစစ် လန်ကျသွားခဲ့သည့်စစ်တပ်သည် မကွေးတိုင်း ဆောမြို့နယ်အတွင်း ဒုတိယမြောက် ထိုးစစ်အတွက် တပ်ပြန်ဖွဲ့နေသည်ဟု ချင်းတော်လှန်ရေးတပ်များဘက်ကဆိုသည်။ စစ်တပ်ဘက်က နောက်ထပ်ရောက်လာသည့် စစ်ကူအင်အားသည် ၇၅၀ ခန့်ရှိနိုင်ကြောင်းလည်း ၎င်းတို့ကခန့်မှန်းကြသည်။  

ယခုနှစ်ဆန်းပိုင်းတွင် မကွေးတိုင်းတွင်တွေ့ရသည့် စစ်ယာဉ်တန်း။ (ဓာတ်ပုံ- ပေးပို့) 

မင်းတပ်နှင့်ကန်ပက်လက်မြို့တို့ကို ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကတည်းက အာရက္ခတပ်တော် (AA) ၏ စစ်ရေးမဟာမိတ် ချင်းညီနောင်တပ် (CB) က စစ်တပ်လက်ထဲမှ သိမ်းပိုက်ထားသည်။ ချင်းတောင်ပိုင်းမှ နောက်ထပ် မြို့တစ်မြို့ဖြစ်သည့် ပလက်ဝကို ချင်းညီနောင်တပ် (CB)၏ စစ်ရေးမဟာမိတ် အာရက္ခတပ်တော် (AA) ကသိမ်းပိုက်ထားသည်။

မင်းတပ်နှင့်ကန်ပက်လက်သည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တပ်များအားကောင်းရာ မကွေးတိုင်းနှင့် အာရက္ခတပ်တော် (AA) ထိန်းချုပ်ရာ ပလက်ဝနှင့် ရခိုင်ဒေသတို့အကြားတွင်ရှိပြီး ထိုဒေသနှစ်ခုလုံးကို ပြန်လည်ထိန်းချုပ်လိုသည့် စစ်တပ်အတွက် အရေးကြီးသည့်မြို့များဖြစ်သည်။ 

စစ်တပ်သည် မြေပြင်စစ်ကြောင်းများသာမက လေကြောင်းမှလည်း အပြင်းအထန်တိုက်ခိုက်နေသည်ဟု ဒေသခံများကပြောသည်။ မြေပြင်တပ်များ ခြေမချနိုင်သေးသည့် စစ်တပ်သည် မင်းတပ်မြို့ကို ဒရုန်းများ၊ အမြောက်များဖြင့် နေ့စဉ်ပစ်ခတ်တိုက်ခိုက်နေသည်ဟု မင်းတပ်ဒေသခံတစ်ဦးကဆိုသည်။ 

ထို့အပြင် ယမန်နေ့ ညပိုင်းက ကန်ပက်လက်မြို့အနီး တိုက်လေယာဉ်ဖြင့် ဗုံးလေးလုံးကြဲကာ ယနေ့ (ဇူလိုင်လ ၁၄ ရက်) နံနက်ပိုင်းတွင်လည်း မြို့အရှေ့ခြမ်းကို သယ်ယူပို့ဆောင်ရေး အပေါ့စားလေယာဉ် Y-12 ဖြင့် ဗုံးကြဲခဲ့ကြောင်း သိရသည်။ 

မေလကစတင်သည့် ထိုးစစ်တွင် ချင်းတော်လှန်ရေးအင်အားစုများနှင့် မဟာမိတ်ပူးပေါင်းတပ်များ၏ ပူးပေါင်း ခုခံမှုကြောင့် စစ်တပ်စစ်ကြောင်း ဖွဲ့စည်းပုံပျက်၍ တပ်လန်ကျပြီး လက်နက်ခဲယမ်း အများအပြားသိမ်းဆည်းရမိကြောင်း ချင်းပြည်သူ့အစည်းအရုံး (CPU/ CPA) က ထုတ်ပြန်ထားသည်။ 

ချင်းပြည်တောင်ပိုင်းကို မေလဆန်းက ထိုးစစ်ဆင်လာစဉ် သိမ်းဆည်းရမိသည့်လက်နက်ခဲယမ်းများ။ (ဓာတ်ပုံ- CPU/ CPA) 

ထိုအဖွဲ့သည် နွေဦးတော်လှန်ရေးတွင် ပေါ်ပေါက်လာသော ချင်းပြည်တောင်ပိုင်း မင်းတပ်၊ ကန်ပက်လက်၊ မတူပီမှ တော်လှန်ရေးအင်အားစုလေးခုဖြင့် ပြီးခဲ့သည့်နှစ်ကုန်ပိုင်းတွင် စုဖွဲ့ထားပြီး ချင်းညီနောင် (Chin Brotherhood) အဖွဲ့ဝင်လည်းဖြစ်သည်။

စစ်တပ်ထိုးစစ်နှင့်လေကြောင်းရန်ကြောင့် မင်းတပ်နှင့်ကန်ပက်လက်မြို့နယ်တို့မှ ထောင်နှင့်ချီသည့်  ပြည်သူများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး အချိန်ကာလကြာမြင့် လာသည်နှင့်အမျှ ဆန်အပါအဝင် စားနပ်ရိက္ခာအခက်ကြုံလာရသည်ဟု စစ်ရှောင်အရေး ကူညီနေသူများက ဆိုသည်။ 

အာဏာသိမ်းစစ်ခေါင်းဆောင်က သမ္မတရာထူးရယူပြီးနောက် ရက် ၁၀၀ အတွင်းငြိမ်းချမ်းရေး ဆောင်ရွက်မည်ဟု ဆိုသော်လည်း တစ်ဖက်တွင်လက်လွှတ်ခဲ့ရသည့် နယ်မြေများကို အင်အား အလုံးအရင်းဖြင့် ထိုးစစ်အရှိန်မြှင့်နေရာ ပြီးခဲ့သည့်လပိုင်းအတွင်း ချင်းပြည်မြောက်ပိုင်းရှိ ဖလမ်း၊ တွန်းဇံ တို့ကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပြီး တစိတ်တပိုင်းသာထိန်းချုပ်ထားနိုင်သည့် ထန်တလန်မြို့ကိုလည်း မြေပြင်စစ်ကူအင်အားပို့နိုင်ခဲ့သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button