အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရေဘေးသင့် ရခိုင်ဒေသခံများ စားနပ်ရိက္ခာနှင့်ဆေးဝါးများ အရေးပေါ်လိုအပ်နေ 

ရခိုင်တွင် ရေပြန်ကျသွားပြီဖြစ်သော်လည်း ရေကြီးမှုနောက်ဆက်တွဲ စားဝတ်နေရေး၊ ကျန်းမာရေး၊ သောက်သုံးရေမသန့်ရှင်းမှု စသည့်ဘေးဒုက္ခများနှင့် ရင်ဆိုင်နေရပြီး အထူးသဖြင့် စစ်ရှောင်များမှာ အခက်အခဲပိုတွေ့နေရသည်။

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် သီတင်းပတ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် ရှစ်မြို့နယ်ခန့်၌ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ပြည်သူများ ရေဘေးဒုက္ခနှင့်ရင်ဆိုင်နေရပြီး စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ်လိုအပ်နေကြောင်း သိရသည်။ 

၂၀၂၃ ခုနှစ် နိုဝင်ဘာလမှ စတင်ခဲ့သော ရခိုင်ဒေသတွင်း စစ်ရေးပဋိပက္ခများကြောင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများနှင့် ရင်ဆိုင်နေရချိန် ပြီးခဲ့သည့် ဇူလိုင်လ ၈ ရက်မှ ၁၂ ရက်အထိ ရေကြီးမှုဖြစ်ပေါ်ခဲ့သဖြင့် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ မောင်တော၊ ရမ်းဗြဲ၊ ဂွ စသည့်ဒေသများတွင် အခက်အခဲဖြစ်ပေါ်နေခြင်းဖြစ်သည်။

လတ်တလောတွင် ရေပြန်ကျသွားပြီဖြစ်သော်လည်း တောတောင်များကို အမှီသဟဲပြု နေထိုင်ကြသည့် ဒေသခံများသည် စားဝတ်နေရေးအခက်အခဲများဖြစ်ပေါ်နေသဖြင့် အကူအညီလိုအပ်နေကြောင်း ရခိုင် အခြေစိုက် လူထုဘေးဒဏ်ခံနိုင်စွမ်းတိုးမြှင့်ဆောင်ရွက်ရေးအဖွဲ့ (ACRO) အမှုဆောင်ဒါရိုက်တာ ကိုဇော်ဇော်ထွန်းက ပြောသည်။ 

“ရေကျသွားပြီဆိုသော်လည်း တောတောင်တွေကို မှီခိုပြီးလုပ်ကိုင်စားသောက်ကြတဲ့ အထူးသဖြင့်  စစ်ဘေးရှောင်တွေပေါ့။ တောတောင်နားမှာနေတဲ့ ပြည်သူတွေဆိုရင်တော့ အခုချက်ချင်းတောတောင်ကို တက်ဖို့ အခက်အခဲရှိနေသေးတယ်။ ဒါကြောင့် စားဝတ်နေရေးအကျပ်အတည်းတွေ ကြုံနေနိုင်သေးတယ်”ဟု ၎င်းက ဆိုသည်။

ထို့အပြင် ရေကြီးမှုကြောင့် မြစ်ရေ၊ ချောင်းရေများပါ ရေလျှံကာ သောက်ရေကန်များအတွင်း ဝင်ရောက်ခဲ့သဖြင့်  ရေဆိုးရေညစ်များကို ပြန်လည်စုပ်ထုတ်ရန်လိုအပ်သည်။ ရေကြီးမှု၏ နောက်ဆက်တွဲ သောက်သုံးရေ မသန့်ရှင်းမှုကြောင့် ဝမ်းရောဂါနှင့် ဖျားနာမှုများ ဖြစ်ပွားနိုင်သဖြင့် ဆေးဝါးအကူအညီများ လိုအပ်ကြောင်း ကိုဇော်ဇော်ထွန်းက ဆက်ပြောသည်။

“ရေကြီးပြီးနောက်ပိုင်းမှာတော့ ဘာပြဿနာတွေကြုံတွေ့လာရနိုင်လဲဆိုရင် အဓိက အဖျားရောဂါ၊ ချောင်းဆိုးတာ ၊အအေးမိတာ၊နောက်ဆက်တွဲ ဝမ်းရောဂါတွေ ဖြစ်နိုင်ခြေရှိတယ်။ ဒါနဲ့ပတ်သက်ပြီး ပြည်သူလူထုတွေမှာ လိုအပ်တဲ့ဆေးဝါးပြတ်လပ်မှုတွေ ရှိနိုင်တယ်”

ပုဏ္ဏားကျွန်းမြို့နယ် ဖောင်ဆိပ်ကျေးရွာ အချို့နေရာများတွင် ရေမကျသေးသောကြောင့် အိမ်ထောင်စု ၅၀ ခန့်သည် ဆာလေင်ငတ်မွတ်နေသည့်အခြေအနေ ရှိနေပြီး လူ ၄၀ ခန့် ငှက်ဖျားရောဂါဖြစ်နေသည်။ အလားတူ ကွမ်းခင်း ၃၀ ကျော်နှင့် စပါးခင်း ၂၀ ကျော် လုံးဝပျက်စီးသွားသည်ဟု ကိုဇော်ဇော်ထွန်းက ဆက်လက် ပြောသည်။ 

စပါးစိုက် လယ်ဧက သိန်းချီပျက်စီးနိုင်ပြီး တောင်သူလယ်သမားများ အခက်အခဲဖြစ်နေရသည်။ လတ်တလောတွင် လူထိခိုက်သေဆုံးမှုအခြေအနေနှင့်လယ်ယာမြေများ ပျက်စီးဆုံးရှုံးမှု အခြေအနေ အသေးစိတ် စာရင်းကောက်ယူနေဆဲဖြစ်သည်ဟု မင်းပြားမြို့နယ်မှ လူမှုကူညီရေးပြုလုပ်နေသူတစ်ဦးက ပြောသည်။

ရေကြီးမှုကြောင့် မင်းပြားမြို့မှ နေအိမ်အချို့ပျက်စီးသွားစဥ်။ (ဓာတ်ပုံ- ဇေယျာလင်း)  

“လမ်းတစ်လျှောက်မှာတော့ ရေကြီးလို့ စပါးပင်တွေ လဲကျ (သေ) သွားတယ်။ နောက်ပြီး စီးပွားဖြစ် စိုက်ပျိုးထား တဲ့ ကွမ်းပင်တွေ၊ ဟင်းသီးဟင်းရွက်ပင်တွေလည်း ပျက်စီးဆုံးရှုံးသွားလို့ တောင်သူတွေ တော်တော် ဒုက္ခ ရောက်နေကြတယ်။ အစိုးရ (AA) အနေနဲ့ စပါးပင်တွေပျက်စီးသွားတဲ့အတွက် မျိုးစပါးတွေ ထောက်ပံ့ပေးဖို့ လိုပါတယ်”ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် ရေကြီးနစ်မြုပ်ခဲ့သော မြို့နယ်များတွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA /AA) က ဖွဲ့စည်းထားသော အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှု ကူညီရေးအဖွဲ့အစည်းများက စားနပ်ရိက္ခာများကူညီထောက်ပံ့ခြင်းနှင့် သန့်ရှင်းရေးများ လုပ်နေကြောင်း ဒေသခံများထံက သိရသည်။ 

ပြည်သူများ အနေဖြင့် တစ်ကိုယ်ရေ ကျန်းမာရေးနှင့် မိသားစုကျန်းမာရေးကို အထူးဂရုပြုသတိထားနေထိုင်ရန် လိုအပ်ကြောင်း၊ လက်ရှိ ကျန်းမာရေးစောင့်ရှောက်မှုများ အကောင်းဆုံးပြုလုပ်လျက်ရှိပြီး “အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့များ” ဖွဲ့စည်းကာ ကွင်းဆင်းဆေးကုသမှုပေးခြင်း၊ ရောဂါကာကွယ်နှိမ်နင်းရေး လုပ်ငန်းများဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ပေးလျက်ရှိကြောင်း AA ၏ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ထုတ်ပြန်ထားသည်။

ရခိုင်ဒေသတွင်သာမက AA သိမ်းပိုက်ထားသည့် ချင်းပြည်နယ်ပလက်ဝမြို့နယ်ရှိ ပလက်ဝမြို့နှင့် ဆမီးမြို့တို့တွင် လည်း ကုလားတန်မြစ်ရေလျှံကာ ရေကြီးမှုမျာ ဖြစ်ပေါ်ခဲ့ရာ နေအိမ်အချို့ ပျက်စီးပြီး ဒေသခံများ အခက်အခဲဖြစ်ပေါ်နေကြောင်း ပလက်ဝဒေသသတင်းများ ဖော်ပြနေသည့် Kimo Media က ဇူလိုင်လ ၁၂ ရက်တွင် ဖော်ပြထားသည်။ 

တစ်ဖက်တွင် ထိုသို့ရေကြီး၊ရေလျှံမှုဖြစ်ပွား၍ ပြည်သူများဒုက္ခရောက်နေချိန်တွင် အာဏာသိမ်းစစ်တပ်သည် ရခိုင်ပြည်နယ်တွင် ဂျက်တိုက်လေယာဥ်များပျံဝဲ၍ ပြည်သူများကို ခြိမ်းခြောက်ခြင်းနှင့် အရပ်သားနေထိုင်ရာ နေရာများကို ဗုံးကြဲတိုက်ခိုက်ခြင်းတို့ကိုလည်း ပြုလုပ်နေသည်။ 

ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်က ဂွမြို့နယ်၊ ပေါက်တူးရွာနှင့် ကုလားချောင်းရွာတို့ကို ဗုံးကြဲတိုက်ခိုက်သောကြောင့် အသက် သုံးနှစ်အရွယ် ကလေးတစ်ဦးအပါအဝင် လေးဦးသေဆုံးကာ အမျိုးသမီးနှစ်ဦး ဒဏ်ရာရရှိသွားသည်။ အလားတူ ယမန်နေ့(ဇူလိုင်လ ၁၃ ရက်)၊ ည ၁၀ နာရီကျော်အချိန်ကလည်း ဂွမြို့နယ်ကို ဗုံးအဆက်မပြတ်ကြဲချခဲ့သောကြောင့် နေအိမ်များပျက်စီးဆုံးရှုံးမှုရှိခဲ့သည်။

သဘာဝဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရသော ရေဘေးသင့်ပြည်သူများကို အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ပေးနေရချိန် အရပ်သားများကို လူသားချင်းစာနာမှုကင်းမဲ့စွာဖြင့် ယခုကဲ့သို့ ကျူးလွန်နေခြင်းကို ပြင်းထန်စွာရှုတ်ချကြောင်း AA က ထုတ်ပြန်ထားသည်။

AA သည် ရခိုင်ပြည်နယ် ၁၄ မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက်ထားပြီး ရခိုင်ပြည်ပြင်ပရှိ ချင်းပြည်နယ်၊ ဧရာဝတီ၊ မကွေး၊ စစ်ကိုင်းတိုင်းရှိ စစ်တပ် တပ်စခန်းများကို ဒေသခံတော်လှန်ရေးအင်အားစု များနှင့် ပူးပေါင်းကာ တိုက်ခိုက်လျက်ရှိသည်။ 

ထို့အပြင် AA သည် လက်ကျန်မြို့များဖြစ်သည့် ပြည်နယ်မြို့တော် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင် မြို့နယ်တို့ကို တိုက်ခိုက်သိမ်းပိုက်ရန် ကြိုးပမ်းနေသည်။ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး အချက်အချာကျသည့် ထိုဗျူဟာမြောက်နေရာများ လက်မလွှတ်ရရေးအတွက် စစ်တပ်က ရေကြောင်း၊ လေကြောင်းပစ်ကူများကို အပြင်းအထန်အသုံးပြု၍ တုံ့ပြန်လျက်ရှိသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button