ရခိုင်ပြည်နယ် သုံးမြို့နယ်ကို ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) တစ်နေ့တည်းမှာပင် လေကြောင်းတိုက်ခိုက်မှုခံရပြီး ဒေသခံ ငါးဦး သေဆုံးကာ သံဃာများ၊ ကလေးများအပါအဝင် ၂၉ ဦး ဒဏ်ရာရခဲ့သည်။
ယမန်နေ့ နံနက် ၁၁ နာရီခွဲ အချိန်ခန့်တွင် တောင်ကုတ်မြို့နယ်မအီမြို့ အမှတ် (၂) ရပ်ကွက်နှင့် အမှတ် (၃) ရပ်ကွက်တို့ကို ဗုံးသုံးလုံးကြဲချခဲ့ရာ ငါးဦးသေဆုံးခဲ့ပြီး ရဟန်းတစ်ပါး၊ ကလေးငယ်များအပါအဝင် ၂၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မအီဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
” စိတ်မကောင်းဘူး။ ဘယ်လိုစိတ်မျိုးနဲ့လာချတယ်ဆိုတာ စဥ်းစားလို့မရ။ ထင်တိုင်းကြဲနေတော့ ပြောဖို့ စကားတောင် မရှိတော့ဘူး”ဟု ၎င်းက ဆိုသည်။
ထိုတိုက်ခိုက်မှုကြောင့် ခရစ်ယာန် ဘုရားကျောင်းတစ်ခု၊ နေအိမ် အလုံး ၂၀ ခန့် ပျက်စီးသွားကြောင်း သိရသည်။
ထို့နောက် ညနေ ၄ နာရီခန့်တွင် သံတွဲမြို့နယ် သံတွဲမြို့ကို တိုက်လေယာဉ်များက နာရီဝက်နီးပါး ပစ်ခတ်၊ ဗုံးကြဲခဲ့စဉ် အရပ်သား လေးဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အချို့ပျက်စီးခဲ့သည်ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“အရင် သူတို့(စစ်တပ်) နေခဲ့တဲ့ ရဲစခန်းပတ်ဝန်းကျင်နဲ့ တရားရုံးအနီးတွေကို ကျရောက်ပေါက်ကွဲခဲ့တယ် ” ဟု ၎င်းက ဆိုသည်။
အလားတူ ညနေ ၆ နာရီခွဲအချိန်ခန့်တွင် ပုဏ္ဏားကျွန်းမြို့နယ်ရေဖြူကန်ရွာနှင့်ယာချောင်းရွာအကြား တောင်ပေါက်ဘုန်းကြီးကျောင်းအနီး တိုက်လေယာဉ်တစ်စီးက ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့သောကြောင့် သံဃာ နှစ်ပါးနှင့် အရပ်သားပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
သေဆုံးသူများသည် အသက် ၁၂ နှစ်မှ ၃၄ နှစ်အတွင်းဖြစ်ကြပြီး ဒဏ်ရာရရှိသူများမှာ အသက် ၁၀ နှစ်မှ ၇၀ နှစ်အတွင်းဖြစ်သည်ဟု သိရသည်။
ဇူလိုင်လ ၁၉ ရက် အာဇာနည်နေ့ အခမ်းအနားသို့ စစ်အစိုးရခေါင်းဆောင်တက်ရောက်နေစဉ် ရခိုင်ဒေသကို ဗုံးကြဲတိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့ခြင်းလည်းဖြစ်သည်။

AA သည် ရခိုင်ပြည်နယ် ၁၄ မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက်ထားပြီး အစိုးရ အုပ်ချုပ်ရေးယန္တရား လည်ပတ်လျက်ရှိရာ လေကြောင်းတိုက်ခိုက်ခံရသော အဆိုပါ သုံးမြို့နယ်သည် AA ထိန်းချုပ်ထားသော မြို့နယ်များ ဖြစ်ကြသည်။ ။
ဇူလိုင်လ ၁၉ ရက် တစ်နေ့တည်းမှာပင် ၎င်းတို့ထိန်းချုပ်ထားသော သုံးမြို့ကို ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်နေကြောင်း AA က ညတွင်းချင်း ထုတ်ပြန်ထားသည်။
ထိုထုတ်ပြန်ချက်၌ အရပ်သားများကို ထိုသို့ ဗုံးကြဲနေသောလုပ်ရပ်များမှာ ရက် (၁၀၀) အတွင်း ငြိမ်းချမ်းရေး ဖိတ်ခေါ်သံ၊ တွေ့ဆုံနေမှုများအတွက် အပြောနှင့်အလုပ် ထပ်တူကျမှု မည်ရွေ့မည်မျှ ရှိသနည်း ဆိုသည့်အပေါ်ကို မေးခွန်းထုတ်စရာများရှိသည်ဟု AA က ပြောထားသည်။
အတုအယောင်ရွေးကောက်ပွဲမှ တက်လာသော အာဏာသိမ်းစစ်ခေါင်းဆောင် သမ္မတ ဦးမင်းအောင်လှိုင် စစ်အစိုးရသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအပါအဝင် လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ဧပြီလ ၂၀ ရက်မှ ဇူလိုင်လ ၃၁ ရက်အတွင်း ဖိတ်ခေါ်ထားသည်။
ထိုငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ AA ၏ စစ်ရေး၊ နိုင်ငံရေးမဟာမိတ်ဖြစ်သည့် တအာင်းလွတ်မြောက်ရေးတပ် (TNLA) သည် နေပြည်တော်၌ တက်ရောက်ဆွေးနွေးမှုများ ပြုလုပ်နေသည်။
AA အနေဖြင့်မူ အရပ်သားပြည်သူများနေထိုင်ရာ နေရာသို့ ဗုံးအဆက်မပြတ်ကြဲခံနေရသောကြောင့် ထိုငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်နိုင်ခြေမရှိဟု AA ထိပ်ပိုင်းခေါင်းဆောင်များနှင့်ရင်းနှီးသူ အမျိုးသားတစ်ဦးက ပြောသည်။
“ဖိတ်မဖိတ်ကို မသိပါ။ ဒါပေမဲ့ ဦးခိုင်သုခ ပြောထားသလို တစ်ဖက်မှာဗုံးကြဲတယ်။ တစ်ဖက်က ငြိမ်းချမ်းရေးစကားပြောချင်တာက သဘာဝမကျပါ။ ဒါကြောင့်ဆွေးနွေးပွဲကိုတက်ဖို့မထင်ပါ”ဟု ၎င်းက ဆိုသည်။
မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့တွင် AA၊ TNLA နှင့် ကိုးကန့်တပ် (MNDAA) တို့ ပါဝင်ကြပြီး TNLA က ဆွေးနွေးပွဲ တက်နေပြီဖြစ်ကာ ကိုးကန့်တပ်ကိုမူ ဆွေးနွေးပွဲတက်ရန် တရုတ်က တိုက်တွန်းထားသည်။
AA သည် ယခင်ထုတ်ပြန်ချက်များနှင့် ယမန်နေ့က ထုတ်ပြန်ချက်များတွင် စစ်တပ်ကို “ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်”ဟု သုံးနှုန်းထားပြီး စစ်တပ်၏ ထိုးစစ်တိုင်းကို ပြည်သူတရပ်လုံးနှင့် သာမက မိမိတို့အား ယုံကြည်လေးစား အားကိုးတန်ဖိုးထားသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၊ နယ်မြေချင်းထိစပ်နေသော မိတ်ဖက်အဖွဲ့အစည်းများနှင့် အတူတကွ လက်တွဲကာ တုံ့ပြန်ဆောင်ရွက်သွားမည်ဟု အသိပေးထားသည်။
စစ်အစိုးရ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ရန် ရှိမရှိနှင့်ပတ်သက်ပြီး AA ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင်သုခကို Myanmar Now က ဆက်သွယ်ခဲ့သော်လည်း ပြန်လည်တုံ့ ပြန်ခြင်းမရှိသေးပေ။
စစ်တပ်၏ တိုက်ခိုက်မှုကြောင့် ရခိုင်ဒေသတွင် ယခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ သေဆုံးသူ ၈၃ ဦး၊ ဒဏ်ရာရရှိသူ ၁၈၇ ဦးရှိခဲ့ပြီး ၆၅ ဦးဖမ်းဆီးခံရကြောင်း AA ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးရုံး(HDCO) က ဇူလိုင်လ ၃ ရက်တွင် ထုတ်ပြန်ထားသည်
လက်ရှိတွင် AA သည် ရခိုင်ပြည်နယ်၌ စစ်တွေ၊ ကျောက်ဖြူ၊ ချင်းပြည်နယ်၌ မင်းတပ်နှင့် ကန်ပက်လက်၊ မကွေး၊ ဧရာဝတီ၊ ပဲခူးတိုင်းတို့တွင်လည်း စစ်တပ်နှင့်တိုက်ပွဲများ ဖြစ်နေသည်။



