အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

၁၀၂၇ အပြီး စစ်တပ်၏ငြိမ်းချမ်းရေးကော်မတီနှင့် TNLA တို့ နေပြည်တော်၌ ပထမဆုံးအကြိမ် တွေ့ဆုံ

ရှမ်းမြောက်တစ်ခုလုံး လက်လွှတ်ရလုနီးပါးဖြစ်ခဲ့သည့် မြောက်ပိုင်း ညီနောင်သုံးဖွဲ့က ဖော်ဆောင်သည့် “ ၁၀၂၇ စစ်ဆင်ရေး” အပြီး စစ်တပ်နှင့် မြောက်ပိုင်းအဖွဲ့ဝင် TNLA တို့ အပစ်ရပ်ရေးတွေ့ဆုံမှု ပေါ်ပေါက်လာသည်။ 

စစ်တပ်၏ ငြိမ်းချမ်းရေးကော်မတီ( (NSPNC)နှင့်  မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် တအာင်းတပ် (TNLA) တို့  ဇူလိုင်လ ၁၉ ရက်တွင် နေပြည်တော်၌ စစ်တပ်အာဏာသိမ်းထားသည့်ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် အပစ်အခတ်ရပ်စဲရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

TNLA ဒုတိယဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးတာဂျုတ်ဂျား ဦးဆောင်ပြီး နေပြည်တော်တွေ့ဆုံပွဲ တက်ရောက် ခဲ့ခြင်းဖြစ်ကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက Myanmar Now ကို ဇူလိုင်လ ၁၉ ရက်တွင် အတည်ပြုသည်။

“ ဒီကနေ့မှာ ကျွန်မတို့ခေါင်းဆောင် တာဂျုတ်ဂျားဦးဆောင်တဲ့အဖွဲ့က နေပြည်တော်မှာ စစ်ကောင်စီနဲ့ တွေ့ဆုံတာဖြစ်တယ်။ လောလောဆယ်ကတော့ ဒီနေ့ တစ်ရက် ပြီးသွားပြီဖြစ်တယ်။ ဆွေးနွေးတဲ့ အကြောင်းအရာကိုတော့ မသိရသေးဘူး။ ဒီကိုယ်စားလှယ်တွေပြန်ရောက်မှပဲ ဘာတွေဆွေးနွေးသွားလဲ ဘာတွေသဘောတူနိုင်သွားလဲကိုတော့ ကျွန်မတို့သိရမှာဖြစ်ပါတယ်”  ဟု ဆိုသည်။

ရက်မည်မျှကြာ တွေ့ဆုံဆွေးနွေးမည်ကို အတိအကျမသိရသေးကြောင်း ၎င်းက ဆက်ပြောသည်။

စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အရပ်သားအရေခြုံအသွင်ပြောင်း စစ်အစိုးရအား ကြိုဆို ဂုဏ်ပြုကြောင်း ဧပြီလ ၁၅ ရက်တွင် တအာင်းပလောင်အမျိုးသားလွတ်မြောက်ရေးတပ်(TNLA) က သဝဏ်လွှာပေးပို့ခဲ့ပြီးနောက် ယခု နေပြည်တော်၌တွေ့ဆုံမှုအထိ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

စစ်တပ်နှင့်တွေ့ဆုံမှုသည် အပစ်ရပ်ပြီးနောက် ပုံမှန်တွေ့ဆုံမှုသာဖြစ်ကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ဆိုသည်။

“ ပုံမှန်တွေ့ဆုံတဲ့သဘောမျိုးဖြစ်တယ်။ မေလမှာ တစ်ခါတွေ့ဆုံတာမျိုး ရှိတယ်။ ဒီဇူလိုင်ကို ပြန်ချိန်းတဲ့ သဘောမျိုး ဖြစ်တယ်။ ဒါကတော့  ပုံမှန်တွေ့ဆုံမှုဖြစ်တယ်လို့ပြောလို့ရပါတယ်” ဟု ၎င်းက ပြောသည်။

တွေ့ဆုံဆွေးနွေးပွဲ၌ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ညှိနှိုင်းရေး ကော်မတီဝင်များ တက်ရောက်ခဲ့သလိုTNLA ဘက်မှ  ဒုတိယဥက္ကဋ္ဌ(၁) တားဂျူတ်ဂျား၊ အထွေထွေ အုပ်ချုပ်ရေးဌာန ဌာနမှူး တားဂူးဂျား၊ မဟာမိတ်ဆက်ဆံရေးဌာန ဌာနမှူး တားမိုးဟိန်း၊ အဖွဲ့ဝင်များဖြစ်ကြသည့် တားမိုင်းမိုင်း၊ တားညီနောခရိုး၊ တားကူးနောတို့ပါဝင်သည့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်ဟု စစ်တပ်က ယနေ့ ထုတ်ပြန်ထားသည်။

TNLA နှင့် ရက် ၁၀၀ ငြိမ်းချမ်းရေးအစီအစဉ် ပူးပေါင်းဆောင်ရွက်ရေး၊ ဟိုင်ဂင်သဘောတူညီချက်ကို လိုက်နာရေး၊ အပစ်အခတ်ရပ်စဲရေးသ‌ဘောတူညီချက် အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာနိုင်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေး၊ လမ်းပန်း ဆက်သွယ်ရေးတို့နှင့်ပတ်သက်ပြီး အပြန်အလှန် ဆွေးနွေးခဲ့သည်ဟု စစ်တပ်ဘက်က ဆိုသည်။

စစ်တပ်နှင့် TNLA တို့သည် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် ဟိုင်ဂင်သဘောတူညီချက်မှတဆင့် ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၈ ရက်၌ အပစ်ရပ်စဲရေးသဘောတူညီချက် လက်မှတ်ထိုးခဲ့ပြီးနောက် ဆက်လက်တွေ့ဆုံမှုများ ရှိခဲ့သည်။

TNLA က မြန်မာ့တပ်မတော်နှင့်အတူ သမ္မတ ဦးမင်းအောင်လှိုင်၏ အစိုးရသစ်နှင့် အပစ်ရပ် ကတိကဝတ်များ ဆက်လက်ထိန်းသိမ်းပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ငြိမ်းချမ်းစွာဖြေရှင်းရန် အထူးမျှော်လင့်ကြောင်း  ဧပြီလ ၁၅ ရက်က ဦးမင်းအောင်လှိုင်ထံ ပေးပို့ခဲ့သည့် TNLA ၏ သဝဏ်လွှာတွင်  ၎င်းတို့သဘောထားကို ဖော်ပြထားသည်။

သမိုင်းဝင်ခဲ့သည့် စစ်တပ်၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကျဆုံးခဲ့ပြီး ရှမ်းမြောက်တစ်ခုလုံး လက်လွှတ်ရလုနီးပါးဖြစ်ခဲ့သည့် မြောက်ပိုင်း ညီနောင်သုံးဖွဲ့က ဖော်ဆောင်သည့် “ ၁၀၂၇ စစ်ဆင်ရေး” အတွင်း TNLA က မြို့ပေါင်း ၁၂ မြို့ ရရှိခဲ့သလို ကိုးကန့်တပ် (MNDAA) က ၁၀ မြို့၊ “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) က နှစ်မြို့ ရရှိခဲ့သည်။ 

နမ့်ခမ်းမြို့ကို သိမ်းပြီးနောက် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၇ ရက်က တွေ့ရသော TNLA တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ- မြတ်ပန်း)

ထိုစဉ်က ရှမ်းမြောက်တွင် စစ်တပ်လက်အောက်၌ မြန်မာ- တရုတ်နယ်စပ် မူဆယ်နှင့် UWSA နယ်မြေများနှင့် ထိစပ်နေသော မိုင်းရယ်၊ တန့်ယန်းတို့သာ ကျန်သည်၊ စစ်တပ်၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို မိုင်းရယ်မြို့၌ အရေးပေါ် ဖွင့်လှစ်အခြေစိုက်ခဲ့ရသည်အထိ ဆိုးရွားခဲ့သည်။

တအာင်းတပ် (TNLA) သည် ၂၀၂၅ ခုနှစ်အတွင်း နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ်နှင့် မိုးကုတ်မြို့တို့အား စစ်တပ်ထံ လက်လွှတ်ခဲ့ရပြီး ယခုနှစ် မတ်လတွင် ကွတ်ခိုင်မြို့အား မဟာမိတ် MNDAA တပ်က သိမ်းပိုက်ရယူခဲ့သည်။ 

ထို့ကြောင့် TNLA အနေဖြင့် မြို့ခြောက်မြို့ လက်လွှတ်ခဲ့ရပြီး လက်ရှိတွင် နမ္မတူမြို့၊ နမ့်ခမ်းမြို့၊ နမ့်ဆန်မြို့၊ မန်တုံမြို့၊ မိုင်းငေါ့မြို့၊ မိုင်းလုံမြို့စသည့် ခြောက်မြို့သာ ဆက်လက်ထိန်းချုပ်ထားနိုင်သည်။

ဆွေးနွေးပွဲတွင် အပစ်ရပ်ဆွေးနွေးမှု၊ နယ်မြေခွဲဝေမှုများ ဆွေးနွေးရန် ရှိမရှိ အခြေအနေများနှင့်ပတ်သက်၍ TNLA ကို မေးမြန်းမရသေးပေ။

စစ်ခေါင်းဆောင်က သမ္မတရာထူး ရယူပြီးနောက်  ဧပြီလ ၂၀ ရက်တွင် ပြုလုပ်သော ပထမဆုံးအကြိမ် အစည်းအဝေး၌ အပစ်ရပ်လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအပြင် လက်မှတ် မထိုးထားရသေးသည့်အဖွဲ့များအနေဖြင့် ဇူလိုင်လ ၃၁ ရက် နောက်ဆုံးထားပြီး ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ထားသည်။

TNLA ၏ စစ်ရေး၊ နိုင်ငံရေးမဟာမိတ်ဖြစ်သည့် အာရက္ခတပ်တော် (AA) အနေဖြင့်မူ ထိုငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်နိုင်ခြေမရှိဟု AA ထိပ်ပိုင်းခေါင်းဆောင်များနှင့်ရင်းနှီးသူ အမျိုးသားတစ်ဦးက Myanmar Now ကို ယနေ့ ပြောထားသည်။

“ဖိတ်မဖိတ်ကို မသိပါ။ ဒါပေမဲ့ ဦးခိုင်သုခ ပြောထားသလို တစ်ဖက်မှာဗုံးကြဲတယ်။ တစ်ဖက်က ငြိမ်းချမ်းရေးစကားပြောချင်တာက သဘာဝမကျပါ။ ဒါကြောင့်ဆွေးနွေးပွဲကိုတက်ဖို့မထင်ပါ”ဟု ၎င်းက မှတ်ချက်ပြုသည်။

စစ်အစိုးရ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ရန် ရှိမရှိနှင့်ပတ်သက်ပြီး AA ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင်သုခကို Myanmar Now က ဆက်သွယ်ခဲ့သော်လည်း ပြန်လည်တုံ့ပြန်ခြင်းမရှိသေးပေ။

AA အနေဖြင့် ထိုငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ခဲ့မည်ဆိုပါကလည်း စစ်တပ်နှင့် သဘောတူညီမှုရရှိခြင်းမျိုး မဟုတ်ဘဲ ပြည်သူလူထု လေကြောင်းအန္တရာယ်ရှိနေသောကြောင့် ပြန်လည် စဥ်းစားသည့် အနေအထားမျိုးလောက်သာ ဖြစ်နိုင်ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်သည်။

မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့တွင် AA၊ TNLA နှင့် ကိုးကန့်တပ် (MNDAA) တို့ပါဝင်ပြီး ကိုးကန့်ကိုမူ ဆွေးနွေးပွဲတက်ရန် တရုတ်က တိုက်တွန်းထားသည်။ ထိုသုံးဖွဲ့နှင့်စစ်ရေး၊ နိုင်ငံရေးမဟာမိတ် ဖြစ်သည့် ကချင်တပ် KIA ကိုလည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရန် တရုတ်ဘက်က ပြောထားသည်ဟု သတင်းများ ထွက်ပေါ်နေသော် လည်း သီးခြားအတည်မပြုနိုင်ပေ။

စစ်တပ်၏ ငြိမ်းချမ်းရေးကော်မတီသည် NCA အပစ်အခတ် ရပ်စဲရေးစာချုပ် လက်မှတ်ထိုးထားသည့် တိုင်းရင်းသား အဖွဲ့များကိုလည်း တွေ့ဆုံမှုများ ရှိနေသလို တရုတ်နယ်စပ်၌ အခြေစိုက်သည့် “ဝ” တပ်၊ မိုင်းလားအဖွဲ့များ၊ ရှမ်းတပ် (SSPP)နှင့် တွေ့ဆုံနေသည်။

ကချင်လွတ်လပ်ရေးတပ် (KIA) နှင့် ချင်းအမျိုးသားတပ်ဦး (CNF) မှအပ ထိုင်း-မြန်မာနယ်စပ် အခြေစိုက်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အများစုပါဝင်သော EAO ခြောက်ဖွဲ့၊ စစ်တပ် ငြိမ်းချမ်းရေးကော်မတီတို့သည် ထိုင်းအစိုးရ ကမကထပြုမှုဖြင့် ဖိလစ်ပိုင်အာဆီယံအထူးသံတမန်နှင့် မကြာသေးမီရက်များက သီးခြားစီ တွေ့ဆုံထားသည်။

ထိုရက်တွေ့ဆုံမှုများအတွင်း  အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကလည်း ဖိလစ်ပိုင်အာဆီယံ အထူးသံနှင့် အွန်လိုင်းမှတဆင့် တွေ့ဆုံခဲ့ကြသည်။ 

သို့သော် အဆိုပါတွေ့ဆုံမှုများသည် ငြိမ်းချမ်းရေးဆွေးနွေးမှုများအတွက်မဟုတ်ကြောင်း NUG နှင့် ၎င်း၏ မဟာမိတ်များဖြစ်သော KIA၊ CNF၊ KNPP၊ KNU တို့က ကြေညာထားကြသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button